March 28, 2013

SSA မြောက်ပိုင်း တပ်စခန်း ၂ ခု အစိုးရတပ်က ဖယ်ရှားခိုင်း

ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း လှုပ်ရှားနေသည့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) ၏ လွယ်လန်းနှင့် လွယ်စေး တပ်စခန်း ၂ နေရာမှ ခေတ္တ ဖယ်ရှားပေးရန် အစိုးရတပ်က ပြောကြားထားသော်လည်း ဆုတ်ခွာပေးမည်မဟုတ်ကြောင်း သတင်းရရှိသည်။
ယင်း တပ်စခန်း ၂ နေရာမှ ခေတ္တ ရှောင်ခွာပေးရန် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုးက ယခုလ ၂၅ ရက်နေ့က လားရှိုးမြို့နယ်ရှိ ရွှေလီရိပ်သာတွင် SSA မြောက်ပိုင်း တပ်ဖွဲ့မှ ဗိုလ်မှူးကြီး စိုင်းထူး ဦးဆောင်သော ကိုယ်စားလှယ် ၃ ဦးနှင့် တွေ့ဆုံခဲ့စဉ် ပြောကြားခဲ့ကြောင်း၊ ၎င်းတို့၏ တပ်စခန်း အနီးအနားတွင်လည်း အစိုးရတပ် စစ်အင်အား တိုးချဲ့ထားကြောင်း SSA မြောက်ပိုင်းမှ ဗိုလ်မှူး စိုင်းလက ဧရာဝတီသို့ ပြောသည်။
“ဆုတ်ခွာ ပေးပါလို့တော့ မပြောဘူး၊ ခဏ ရှောင်ပေးပါလို့ ပြောတယ်။ ဒါပေမယ့် ရှောင်ပေးလိုက်တဲ့ နေရာတိုင်း အမာခံ တပ်စခန်းတွေ လာဆောက်တယ်၊ နယ်မြေစိုးမိုးရေး ဆိုပြီး။ ဒါကြောင့် ကျနော်တို့လည်း နောက်ထပ် ရှောင်ပေးနိုင်စွမ်းလည်း မရှိတော့ဘူး။ နယ်မြေရှင်းရေး လုပ်ရင်တော့ တိုက်ပွဲတော့ ဖြစ်မှာပဲ” ဟု ဗိုလ်မှူး စိုင်းလက ပြောသည်။
မကြာသေးခင် ရက်ပိုင်းကလည်း ယင်းတပ်စခန်း အနီးအနားတွင် SSA မြောက်ပိုင်းနှင့် အစိုးရတပ်တို့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သေးကြောင်း ၎င်းက ဆိုသည်။
စစ်ရေးအရ နှစ်ဖက်တင်းမာမှုများ ရှိနေသော်လည်း လတ်တလော တိုက်ပွဲ ဖြစ်ပွားခြင်း မရှိကြောင်း၊ အစိုးရ ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၂၉၁) တပ်နှင့် တပ်မ (၃၃) လက်အောက်ခံ တပ်များ စစ်အင်အား တိုးချဲ့ထားကြောင်း သိရသည်။
SSA မြောက်ပိုင်း တပ်စခန်းများကို အစိုးရတပ်မှူးများက ဆုတ်ခွာပေးရန် ဖိအားပေးသည့် အကြောင်းအရင်းကိုမှု မသိရှိရသော်လည်း နယ်မြေစိုးမိုးရေးနှင့် စစ်ရေး လှုပ်ရှားမှုများကို ထိန်းချုပ်ရန်အတွက် ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်း ဗိုလ်မှူး စိုင်းလက ပြောသည်။
“ကျနော်တို့ (ဝန်ကြီး) ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ ဒုတိယအကြိမ် ပြန်တွေ့ဖို့ အစီအစဉ် ရှိတယ်။ အဲဒီ တိုင်းမှူးကိုလည်း ပြောပါတယ်။ သူက ဦးအောင်မင်းနဲ့ မတွေ့ခင် ခဏရှောင်ပေးပါ။ တိုက်ပွဲ မဖြစ်ချင်ရင် ဦးအောင်မင်းတို့နဲ့ နယ်မြေ သတ်မှတ်ပြီးရင်တော့ ခင်ဗျာတို့နေရာကို မဝင်ပါဘူးလို့တော့ အဲဒီလို ပြောတယ်။ ယုံကြည်ခဲ့တာလည်း များပြီး ဒီတခါ မယုံတော့ဘူး”ဟု ၎င်းက ဆိုသည်။
SSA မြောက်ပိုင်းသည် ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့မှ ကိုယ်စားလှယ်များနှင့် လာမည့် ဧပြီလ ဒုတိယ အပတ်တွင် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် ဇူလိုင် လဆန်းပိုင်းကလည်း အစိုးရတပ်များက SSA မြောက်ပိုင်း တပ်ဖွဲ့ဝင်များကို တပတ်ခန့်အကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ရ မိုင်နှင့် လွိုင်ဖာဖု တပ်စခန်းများကို အစိုးရတပ်က နေရာယူခဲ့သေးကြောင်း သိရှိရသည်။
အထက်က ညွှန်ကြားချက်အတိုင်း တပ်များကို ဆုတ်ခွာပေးရန် အကြောင်းကြားရခြင်း ဖြစ်ကြောင်း ယင်းဒေသတွင် ကွပ်ကဲသည့် အစိုးရ တပ်မှူးများက ပြောကြားကြောင်း သိရသည်။
တပ်စခန်းများ ဆုတ်ခွာပေးရေးနှင့် ပတ်သက်၍ လားရှိုးမြို့တွင် ဖွင့်လှစ်ထားသည့် SSA မြောက်ပိုင်း ဆက်ဆံရေးရုံး တာဝန်ရှိသူများမှတဆင့် ဝန်ကြီး ဦးအောင်မင်းထံ ဆက်သွယ် အကြောင်းကြားခဲ့ရာ နှစ်ဖက် ဖြစ်ပွားနေသည့် ကိစ္စများကို သဘောပေါက် နားလည်ပါသည်ဟု အကြောင်းပြန်ကြားကြောင်း ဗိုလ်မှူး စိုင်းလက ပြောသည်။
SSA မြောက်ပိုင်းသည် ယခုနှစ်ဆန်းပိုင်းတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီထားသည့် လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး မိုင်းရှူး၊ မိုင်းယန်း၊ တန့်ယန်း၊ ကျေးသီး၊ လားရှိုး၊ သီပေါ၊ နမ့်ဆန်၊ မိုးမိတ် စသည့် ဒေသများတွင် လှုပ်ရှားနေသည့် အဖွဲ့ဖြစ်သည်။
ပြီးခဲ့သည့်နှစ် ဇွန်လ ၂၂ ရက်နေ့က မန္တလေးမြို့တွင် အစိုးရနှင့် SSA မြောက်ပိုင်း တပ်ဖွဲ့မှ ကိုယ်စားလှယ်များ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး တွေ့ဆုံဆွေးနွေးရန် သဘောတူညီချက် ရရှိထားပြီးနောက် တပ်များ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှု ဖြစ်ပွားခြင်းနှင့် တပ်စခန်းများမှ ဆုတ်ခွာခိုင်းခြင်းတို့ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်းက ရှမ်းပြည်တွင် အပစ်အခတ် ရပ်စဲထားသည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားရခြင်းမှာ နယ်မြေ မခွဲခြားရသေးသောကြောင့် ဖြစ်သည်ဟု ယခုလ ၂၀ ရက်နေ့က လားရှိုးမြို့တွင် တိုင်းရင်းသား ညီလာခံ အစည်းအဝေးသို့ ရောက်ရှိခဲ့စဉ် ပြောကြားခဲ့ကြောင်း သိရသည်။
SSA တောင်ပိုင်းသည်လည်း အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပြုလုပ်ထားသော်လည်း မကြာသေးမီ ရက်ပိုင်းက ၎င်းတို့၏ တပ်စခန်းတချို့တို့ကို ဆုတ်ခွာပေးရန် ဖိအားပေးမှုနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

http://burma.irrawaddy.org/archives/36560

မိုင်းအန္တရာယ်ကင်းရှင်းရေးနေ့ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် စခန်းများတွင် ကျင်းပ

မတ်လ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
images
မိုင်းအန္တရာယ်ပညာပေးအဖွဲ့တစ်ခုဖြစ်သည့် Mine Risk Education-MRE မှ ကြီးမှူး၍ ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နှင့် ကရင်နီ ဒုက္ခသည်စခန်းများတွင် မိုင်းအန္တရာယ် ကင်းရှင်းရေးနေ့(No Mine Day)ကို မတ်လ ၂၂ရက် နေ့မှ စတင်ကာ ဧပြီလ ၄ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။
MRE ၏ စီမံခန့်ခွဲရေးမှူး နော်ဆဲထိက “ကျမတို့ ဒုက္ခသည်စခန်းမှာ No Mine Day ကို တပြိုင်နက်တည်း လုပ်တာ မဟုတ်ဘဲ တစ်ရက်ကို စခန်းတစ်ခု၊ နှစ်ခု အဲလိုပုံစံနဲ့ လုပ်တာဖြစ်ပါတယ်။ အခုဆိုရင် လေးခု ကျန်သေး တယ်။ ဒီလို လုပ်ရတာလည်း အဓိက မိုင်းအန္တရာယ်နဲ့ပတ်သက်ပြီး နယ်စပ်လူထုတွေ ပိုသိစေဖို့ ပညာပေးတဲ့ သဘောပဲ”ဟု ကေအိုင်စီသို့ ပြောသည်။
မိုင်းအန္တရာယ်ကင်းရှင်းရေးနေ့ကို ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)နှင့် (၂)အပါအဝင် မယ်လအူးနှင့် မယ်ရာမို ဒုက္ခသည်စခန်းတို့တွင် ကျင်းပပြီးစီးခဲ့ပြီး ဆက်လက်ကျင်းပရန် ကျန်နေသေးသည့် စခန်းများကို အစီအစဉ်အရ ဧပြီလ ၂ရက်နေ့တွင် အုန်းဖျန်စခန်းနှင့် ဘန့်ဒိုယမ်းစခန်း၊ ဧပြီလ ၄ရက်နေ့တွင် မယ်လစခန်းနှင့် ထမ်းဟင်စခန်းတို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း နော်ဆဲထိက ပြောဆိုသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ၊ မယ်ရာမို၊ မယ်လအူး၊ အုန်းဖျန်၊ နို့ဖိုး၊ ဘန့်ဒိုယမ်းနှင့် ထမ်းဟင် ကရင်ဒုက္ခသည် စခန်းများနှင့် ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)နှင့် (၂)တို့တွင် MRE မှ မိုင်းအန္တရာယ်ကင်းရှင်းရေးနေ့ လှည့်လည် ကျင်းပနေခြင်းဖြစ်သည်။
ဆက်လက်၍ နော်ဆဲထိက “ဒီလို ကျမတို့ မိုင်းကင်းရှင်းနေ့လုပ်တာ မိုင်းထိထားတဲ့ သူတွေကိုပဲ မရည်ရွယ် ပါဘူး။ တခြားလူတွေကိုလည်း မိုင်းအန္တရာယ်နဲ့ပတ်သက်တဲ့ ပညာပေးမှုတွေ ဆောင်ရွက်နေပါတယ်။ အခု လုပ် နေတဲ့ မိုင်းရှင်းလင်းနေ့တွေမှာဆိုရင် အားကစားပွဲတွေ လုပ်ပေးတယ်။ နောက် သီချင်း၊ ကဗျာ၊ စာစီစာကုံးရေး ပြိုင်ပွဲတွေ လုပ်ပေးပါတယ်”ဟု ဖြည့်စွက်ပြောဆိုသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နှင့် ကရင်နီဒုက္ခသည်စခန်းများတွင် မိုင်းအန္တရာယ် ကင်းရှင်းရေးနေ့ကို MRE မှ ဦးစီး၍ ၂၀၀၀ ပြည့်နှစ် မှ ၂၀၀၈ခုနှစ်အထိ ပြုလုပ်ခဲ့သော်လည်း ငွေကြေးအခက်အခဲကြောင့် နှစ်အနည်းငယ် ရပ်တန့်ထားခဲ့ရပြီး ၂၀၁၂ခုနှစ်၊ သြဂုတ်လတွင် မိုင်းအန္တရာယ်ပညာပေးလုပ်ငန်းကို ပြန်လည်စတင်နိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ၁၉၉၉ ခုနှစ်မှ ၂၀၁၁ခုနှစ်အထိ မိုင်းနှင့် ပေါက်ကွဲစေတတ်သော လက်နက်ခဲယမ်းပစ္စည်းများ ကြောင့် ထိခိုက်သူ သုံးထောင့်နှစ်ရာကျော်ရှိသည့်အနက် နှစ်ထောင့်ခုနှစ်ရာကျော်သည် ကိုယ်အင်္ဂါထိခိုက်မှု ဒဏ်ရာကိုယ်စီဖြင့် အသက်ရှင်လျှက်ရှိသည်ဟု နိုင်ငံတကာမိုင်းစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်သည့် Landmine and Cluster Munition Monitor ၏ ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

http://www.kicnews.org/?p=16272

KIA တပ်ရင်း ၁၇ သို့ ထိုးစစ်ဆင်လာသော အစိုးရတပ်များ KIA နှင့် တိုက်ခိုက်ပြီးနောက် ပြန်ဆုတ်ထား

kia-soldier-301211 ရှမ်းမြောက် KIA စစ်သားတစ်ဦး။ ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေ ဂန်မိန်း (Gang Mying) ဒေသ ကောင်းဝွေဘွမ် (Kawng Woi Bum)တွင် အစိုးရတပ်များ ထိုးစစ်ဆင်လာသောကြောင့် ယနေ့ နံနက် ၉ နာရီနာခွဲမှ ၁၂ နာရီထိ ပြင်းထန်သောပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အစိုးရတပ်ဖက်မှ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။ KIA တပ်ရင်း (၁၇) မှ အဖွဲ့အင်အား ၅၀ ကျော်ရှိသော MHH (Mungmasha Hpyen Hpung) ပြည်သူ့စစ်တပ် နှင့် ကွတ်ခိုင်အရှေ့ဘက်ရှိ ကွန်လုံ (Kun Lung) နမ်ဂျရပ် (Nam Jarap) ရှိ မြန်မာအစိုးရတပ် အင်အား ၁၀၀ ကျော်သည် KIA ရှိရာသို့ ထိုးစစ်လာခဲ့ရာ အတန်ကြာပစ်ခတ် တိုက်ခိုက်ခဲ့ရာ အစိုးရဖက်မှ ထိခိုက်မှုများမည်ဟု တပ်မဟာ (၄) မှ အမည်မဖော်လိုသူအရာရှိတစ်ဦး KNG ကချင်သတင်းဌာန သို့ပြောဆိုသည်။ “ပစ်ရင်းပစ်ရင်းနဲ့ ၁၂ နာရီထိဖြစ်သွားတယ်။ သူတို့ဖယ်သွားရင်တော့ ဘာမှဖြစ်စရာမရှိဘူး။ သူတို့ပြန်ထိုးလာရင်တော့ ဆက်ပြီးတော့ဖြစ်မှာပဲ။ ကျနော်တို့ဘက်က သူတို့ရှိတဲ့နေရာမှာ တမင်သွားတိုက်တာ မရှိဘူး။ သူတို့ လာလို့ဘဲ ပစ်ခတ်မှုက ဖြစ်လာတာ။ ဒီနေ့ သူတို့ဘက်က အရမ်းထိခိုက်မယ်။ ငိုတဲ့သူတွေ အော်တဲ့သူတွေနဲ့ ငြီးတဲ့အသံတွေကြားနေရတယ်။ အားလုံး နမ်ဂျရတ် ဘက်ပဲ ပြန်ဆုတ်သွားတယ်။ အရမ်းဝေးတဲ့နေရာတော့ မပြေးလောက်ဘူး” ဟုဆိုသည်။ ယခုချိန် ကွန်လွန် (Kun Lung) ဘက်တွင် အခြေချလျက်ရှိသောအစိုးရတပ်သည် ခလရ ၁၄၇၊ ၁၀၅၊ ၁၄၅ နှင့် ခလရ ၂၉၀ တပ်ပေါင်းစုများ ဖြစ်ကြောင်း သိရသည်။ ယနေ့တိုက်ပွဲတွင် KIA တပ်ရင်း (၁၇) အောက် MHH ပြည်သူ့စစ်တပ်မှ ထိခိုက်ဒဏ်ရာမရှိကြောင်း KIA အရာရှိ ပြောဆိုပြီး အစိုးရတပ်မှ ထိခိုက်ဒဏ်ရာရ သေဆုံးမှုရှိသည်ဟု ပြောဆိုသော်လည်း နှစ်ဖက်တပ်များသို့ အတည်မပြုနိုင်ခဲ့ပါ။ ၎င်းဒေသသည် အဓိကကျသည့်နေရာ မဟုတ်သော်လည်း KIA အဖွဲ့များရှိသည့် နယ်မြေကိုသိမ်းပိုက်လိုသောကြောင့် တိုက်ခိုက်လာခြင်းဖြစ်သည်ဟု KIA ဖက်မှပြောသည်။ ၎င်းအစိုးရတပ်သည် တပ်ရင်း (၁၇) ရှိသည့်နေရာသို့ ခြေလျင်ဖြင့်ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး ယခုချိန် တပ်ရင်း (၁၇) နေရာ အနီးတွင် စစ်အင်အား ၃၀၀ ကျော်ခန့် ချထားကြောင်း သိရသည်။ ထို့အတူ ပန်ဆိုင်း (Pangsai) မြို့နယ် ကားလမ်းမကြီးနှင့် နီးသော ဖိုင်ကောင်း (Hpai Kawng) ကျေးရွာအနီး လူလီရွာ ခလဲန် (Hka Len) ရွာသို့ အစိုးရတပ်များ ရောက်ရှိနေပြီး ထိုကျေးရွာမှ နေအိမ်များတွင် လုယက်မှုများ ဖြစ်ပေါ်နေကြောင်းသိရသည်။ ၎င်းအစိုးရတပ်သည် မုံဂိုးဒေသရှိ စင်လီ (၆၉) နှင့် မုံဂိုးတွင် ရုံးဖွင့်ထားသည့် ထန်ဆီ (Htang Si) ဆိုသူ၏ ကွတ်ခိုင်ပြည်သူ့စစ်များဖြစ်ပြီး အင်အား ရ၀ ခန့်နှင့် မြင်း ၂ ကောင်တွင် စစ်အင်အားများတင်ကာ ကျေးရွာအတွင်းသို့ လုယက်မှုပြုလုပ်နေသည်ဟု ပန်ဆိုင်းမှ MHH တပ်ခွဲ (၅) အရာရှိ KNG ကချင်သတင်းဌာန သို့ပြောသည်။ “အိမ်ဆိုင်ခန်းထဲဝင်ပြီး ကြိုက်သလိုယူ မွှေနှောက်ပြီးတော့ စိတ်ကြိုက်လုပ်နေတယ်။ အိမ်တအိမ်မှာက ပိဿာ ၃၀ ရှိတဲ့ ဝက်ကို ပစ်သတ်စား ပေးတယ်။ ပြည်သူတွေက ပိုက်ဆံမတောင်းရဲပဲ ကြောက်ပြီးထွက်ပြေးနေရတယ်” ဟု ဆိုသည်။ KIA ဖက်မှပြောဆိုချက်အရ ထိုသို့အစိုးရတပ်များ ဒေသခံများထံမှမတရားလုယက်မှု ဆက်လက်ပြုလုပ်နေမည်ဆိုပါက MHH တပ်ခွဲ (၅) နှင့် ထိပ်တိုက် တိုက်ပွဲဖြစ်ပွားလာနိုင်ကြောင်း MHH တပ်ခွဲ (၅) အရာရှိ KNG ကချင်သတင်းဌာန သို့ပြောသည်။ သို့သော် အဆိုပါကိစ္စနှင့်ပတ်သက်၍ သိရှိရန် လုယက်ခံရသော ဒေသခံများနှင့်ဆက်သွယ်မှု မရရှိခဲ့ပေ။ ၎င်းအစိုးရတပ်သည် ဖိုင်ကောင်း (Hpai Kawng) တွင် အယောက် ၂၀၊ ကောင်းစဌေး (Kawng Sahte) တွင် အယောက် ၂၀ ကျော်နှင့် ခလဲန်ရွာ (Hka Len) တွင် အယောက် ၃၀၊ ရှမ်းရွာ နမ်ဟူး (Nam Hu) တွင် အယောက် ၃၀ ကျော် ဖြင့် ကျေးရွာများတွင် အသီးသီးနေထိုင်လျက် လှည့်ပတ်နေခြင်းဖြစ်ကြောင်း သိရသည်။

http://kachinnews.com/burmese/news/1063-kia-%E1%80%90%E1%80%95%E1%80%B9%E1%80%9B%E1%80%84%E1%80%B9%E1%80%B8-%E1%81%81%E1%81%87-%E1%80%9E%E1%80%AF%E1%80%AD%E1%82%94-%E1%80%91%E1%80%AD%E1%80%AF%E1%80%B8%E1%80%85%E1%80%85%E1%80%B9%E1%80%86%E1%80%84%E1%80%B9%E1%80%9C%E1%80%AC%E1%80%B1%E1%80%9E%E1%80%AC-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-kia-%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%81%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%BB%E1%80%95%E1%80%AE%E1%80%B8%E1%80%B1%E1%80%94%E1%80%AC%E1%80%80%E1%80%B9-%E1%80%BB%E1%80%95%E1%80%94%E1%80%B9%E1%80%86%E1%80%AF%E1%80%90%E1%80%B9%E1%80%91%E1%80%AC%E1%80%B8.html

March 27, 2013

၀ုိင်းမော်မြို့နယ် နှစ်ခြင်းဖွံ့ဖြိုးရေးခြံရှိ ဒုက္ခသည်များ ထမင်းချက်ရန် ရှို့ထင်းခက်ခဲနေ

kbc-hpyen-yen-garum-ntumကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်ရှိ မြစ်ကြီးနား၊ မုန်နာ၊ ဝိုင်းမော် ကချင်နှစ်ခြင်း ခရစ်ယာန်ဖွံ့ဖြိုးရေးခြံများတွင် ခိုလှုံနေသော စစ်ပြေးဒုက္ခသည်များသည် ထမင်းချက်ရန်ထင်းနှင့် လျှပ်စစ်မီးများ အခက်ခဲဖြစ်နေကြောင်းသိရသည်။
၎င်းဒုက္ခသည်များတွင် ထင်းနှင့် မီးအခက်ခဲကြောင့် နေ့စဉ်ထမင်းချက်ရန်အတွက် အခက်ခဲများ ရင်ဆိုင်နေရကြောင်း ဒုက္ခသည်စခန်းမှ ပြောသည်။
ထင်းများအသုံးပြုရန်လိုအပ်နေသောကြောင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ အဟာရအတွက် ၁ လလျင် ၁ ဦးကို ကျပ် ၆၀၀၀ ထောက်ပံ့ပေးထားသောငွေကို ဒုက္ခသည်များက ထင်းများဝယ်ယူနေရကာ ထိုကဲ့သို့ ရေရှည် ခက်ခဲလာလျင် ဒုက္ခသည်စခန်းတွင်အခက်ခဲပိုမို ဆိုးရွားလာနိုင်ကြောင်း စခန်းမှဆရာတဦးပြောသည်။
“အစကအတူအတူပေါင်းချက်စားတယ် အဲချိန်တော့ ထင်းက နည်းနည်းက်သာတယ်။ အခုက ကိုယ့်ဖာသာကိုယ် ချက်စားတော့ ထင်းပြဿနာက နေ့တိုင်းဘဲရင်ဆိုင်နေရတယ်။ ကိုယ့်အခန်းကိုယ် ကိုယ့်မိသားစုတွေနဲ့ချက်စားတာ”
ရာသီဥတုပူပြင်းချိန် ၎င်းဒုက္ခသည်စခန်းတွင် လျပ်စစ်မီးမရရှိပဲ ဖရောင်းတိုင်မီးဖြင့်သာ နေရခြင်းကြောင့် စခန်းအတွင်း မီးဘေးအန္တရာယ်များကိုလည်း စိုးရိမ်နေရကြောင်း ဒုက္ခသည်စခန်းမှတာဝန်ရှိသူများ ပြောသည်။
၎င်းဒုက္ခသည်စခန်းတွင် အိမ်ခြေ ရ၀၀ ခန့် ရှိပြီး လူဦးရေ ၁၄၂၀ ခန့်ရှိသော စခန်းဖြစ်ပြီး သောက်ရေများလည်း နေ့စဉ်သုံးရန် လုံလောက်မှုမရှိကြောင်း စခန်းမှသိရသည်။
“အစက ဒုက္ခသည်တွေအတွက် ရေတွင်း ၁ ခုပဲရှိတယ် နောက်ပြီး ၂ ခုပြန်တူးတယ် ခုထပ်တူးနေကြတယ်။ နွေရာသီဆိုတော့ ရေတွေက ခက်ခဲတာတွေနေရှိတယ်” ဟု ဒုက္ခသည်စခန်းမှ ဆရာခေါင်ဒေါင် KNG ကချင်သတင်းဌာနသို့ပြောသည်။
၎င်းဒုက္ခသည်စခန်းတွင် ခိုလှုံနေသော ဒုက္ခသည်များသည် ဝိုင်းမော်မြို့နယ်၊ အင်ဂျန်းယန်မြို့နယ်၊ ဂျီဖွေမြို့နယ်၊ ဖားကန့်မြို့နယ်၊ ဗန်းမော်မြို့နယ်များမှ ဖြစ်ပြီး ၂၀၁၂ ဇွန်လမှ မုန်နာ- ဝိုင်းမော်နယ် ကချင်နှစ်ခြင်းခရစ်ယာန် ဖွံ့ဖြိုးရေးခြံ တစုပြီးတစု ပြောင်းရွှေ့လာခြင်း ဖြစ်သည်။
ဝိုင်းမော်နယ်နှစ်ခြင်းအသင်းတော်တွင် ဒုက္ခသည် ၆၀ ကျော်ခန့်ကျန်ရှိနေပြီး ၎င်းဒုက္ခသည်များသည်  ဧပြီလဆန်းပိုင်းတွင် ထိုဖွံ့ဖြိုးရေးခြံသို့ ရွေ့ပြောင်းမည်ဖြစ်ကြောင်း ဒုက္ခသည်စခန်းမှပြောသည်။
ဝိုင်းမော်နယ်နှစ်ခြင်းဖွံ့ဖြိုးရေးခြံတွင် နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ ကျန်းမာရေးနှင့် ပတ်သက်ပြီး ပညာပေးခြင်း အစီစဉ်များ အသက်မွေးဝမ်းကျောင်းပညာများ ပြုလုပ်ပေးနေကြောင်း သိရသည်။
နှစ်ခြင်းခရစ်ယာန်အသင်းတော်တွင် ဒုက္ခသည်ကလေးငယ်များ မူကြိုမှ ၈ တန်းထိ ကျောင်းသားများ ၁၀၀ ကျော်ရှိပြီး ယခုနှစ်တွင်လည်း ဒုက္ခသည်ကလေး ပိုများလာနိုင်ကြောင်းသိရသည်။

http://kachinnews.com/burmese/news/1061-%E1%81%80%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%99%E1%80%AC%E1%80%B9%E1%80%BB%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%80%94%E1%80%9A%E1%80%B9-%E1%82%8F%E1%80%BD%E1%80%85%E1%80%B9%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8%E1%80%96%E1%80%BC%E1%80%B6%E1%82%94%E1%80%BB%E1%80%96%E1%80%AD%E1%80%B3%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8%E1%80%BB%E1%80%81%E1%80%B6%E1%80%9B%E1%80%BD%E1%80%AD-%E1%80%92%E1%80%AF%E1%80%80%E1%81%A1%E1%80%9E%E1%80%8A%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%91%E1%80%99%E1%80%84%E1%80%B9%E1%80%B8%E1%80%81%E1%80%BA%E1%80%80%E1%80%B9%E1%80%9B%E1%80%94%E1%80%B9-%E1%80%9B%E1%80%AD%E1%82%88%E1%82%95%E1%80%91%E1%80%84%E1%80%B9%E1%80%B8%E1%80%81%E1%80%80%E1%80%B9%E1%80%81%E1%80%B2%E1%80%B1%E1%80%94.html

BGF နှင့် ရဲအဖွဲ့များ ပူးပေါင်း ၍ မြဝတီမြို့တွင် မူးယစ်ဆေးရောင်းဝယ်သူ ၄ဦးကို ဖမ်းဆီး

မတ်လ ၂၇ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
နယ်ခြားစောင့် တပ်-BGF နှင့် သက်ဆိုင်ရာ ရဲအဖွဲ့များပူးပေါင်း၍ ရာဘ (ခေါ်) မြင်းဆေးရောင်းဝယ်သူ ၄ ဦးကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီမြို့ အမှတ်(၅)ရပ်ကွက်ရှိ စိုက်ပျိုးရေးဇုံတွင် ယမန် နေ့ မတ်လ ၂၆ရက်နေ့က ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
BGF (၁၀၁၁)တပ်ရင်းမှ ဗိုလ်ကြီး ဆန်းကျော် ဦးစီးသည့် အင်အား ၂၀ နှင့် မြဝတီမြို့နယ် မူးယစ်နှိမ်နင်းရေး အဖွဲ့၊ နယ်ထိန်းမြို့နယ်ဦးစီး ရဲများပူးပေါင်းပြီး အဆိုပါ မူးယစ်ဆေးရောင်းဝယ်သူတို့ကို ရာဘဆေးပြား လေးထောင်ကျော်အပါအဝင် ကျပ်ငွေ ၁၃သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု မြဝတီမြို့ရှိ သက်ဆိုင်ရာ အာဏာပိုင်များက ပြောသည်။
ဖမ်းဆီးနှိမ်နင်းမှုတွင် ပါ၀င်သည့် မြဝတီရဲအရာရှိတစ်ဦးက “ဖမ်းဆီးခံရတဲ့သူတွေဟာ နှစ်နေရာပါ။ ပထမ နေရာကတော့ မူးယစ်ဆေး ၂၂၃ ပြားနဲ့ ယောက်ျား ၂ယောက်ကို ဖမ်းမိပါတယ်။ သူတို့ထပ်မေးတဲ့အခါ သူတို့ ဆေးသွားဝယ်တဲ့နေရာ ပြောပြတော့ ကျနော်တို့ အဲဒီနေရာကို သွားတော့ မူးယစ်ဆေး ၃၉၂၇ ပြား၊ ကျပ်ငွေ ၁၃သိန်းနဲ့အတူ ယောက်ျားနှစ်ယောက်ကို ထပ်မံ ဖမ်းဆီးရမိခဲ့ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ဆက်လက်၍ ရဲအရာရှိက အဖမ်းခံရသူတို့သည် သန်းနိုင် (ခေါ်) မောင်ကြီး (၂၆)နှစ်၊ အောင်ဒိန်း(၅၁နှစ်)၊ ဦးတင်အေး (၅၀)နှစ်နှင့် ဦးခင်ဆန်း (၄၄)နှစ်တို့ဖြစ်ပြီး လက်ရှိ ၎င်းတို့ကို မြဝတီ ရဲစခန်းတွင် ထိန်းသိမ်းထားကာ မူးယစ်ဆေးဝါး ပုဒ်မတို့ဖြင့် အရေးယူထားသည်ဟု ပြောဆိုသည်။
BGF နှင့် နီးစပ်သူတစ်ဦးကလည်း “အခုလို BGF နဲ့ ရဲတွေ ပူးတွဲပြီး ဒီလို မူးယစ်ဆေးရောင်းဝယ်သူတွေကို ဖမ်းတာ သိပ်ကောင်းတယ်။ ရှေ့ဆက်ပြီးတော့ သူတို့တွေ အတူအလုပ်လုပ်သွားဖို့ ရှိပါတယ်”ဟု ဆိုသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ရဲအဖွဲ့များနှင့် BGF တို့ ပူးပေါင်း၍ မူးယစ်ဆေးရောင်းဝယ်သူများကို ဖမ်းဆီး သည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။
ယခုလ မတ်လ ၂၂ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နှင့် မဲဆောက်မြို့အကြား သောင်းရင်းမြစ် အတွင်းရှိ မူးယစ်ဆေး ရောင်းဝယ်မှုမျာရှိနေသည့် ရေလယ်ကျွန်းကို ကော့မှုးရာ ရင်လူငယ်များအဖွဲ့မှ လက်နက် အပြည့်အစုံဖြင့် ၀င်ရောက်စီးနင်းမှု ပြုလုပ်ခဲ့သေးသည်။

http://www.kicnews.org/?p=16264

လက်နက်ကိုင်အဖွဲ့အစည်း မဟုတ်ကြောင်း KYO ထုတ်ပြန်

မတ်လ ၂၇ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
logoကော်သူလေ-ကရင်လူငယ်အစည်းအရုံး(KYO) သည် အမျိုးသားရေးလုပ်ဆောင်ရာတွင် နိုင်ငံရေး၊ လူမှုရေးလုပ် ငန်းများ လုပ်ကိုင်လျှက်ရှိပြီး လက်နက်ကိုင်အဖွဲ့ အစည်းတစ်ခု မဟုတ်ကြောင်း ကော်သူးလေ KYO က ယခု မတ်လ ၂၅ရက် နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မတ်လ ၂၂ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နှင့် မဲဆောက်မြို့အကြား သောင်းရင်းမြစ်အတွင်းရှိ မူးယစ်ဆေး ရောင်းဝယ်မှုမျာရှိနေသည့် ရေလယ်ကျွန်း ကို ကော့မှုးရာ ရင်လူငယ်များအဖွဲ့မှ လက်နက်အပြည့် အစုံဖြင့် ၀င်ရောက်စီးနင်းမှု ပြုလုပ်ခဲ့ပြီးနောက် ကော်သူးလေ KYO အနေဖြင့် ယခုလို ကြေညာချက် ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။
ကော်သူးလေ KYO တွဲဖက်အတွင်းရေးမှူ(၁) စောဂျက်ပစီက “အဓိကတော့ ကျနော်တို့အဖွဲ့ရဲ့ လုပ်ဆောင်မှု တွေကို ထင်သာမြင်သာရှိ စေချင်တယ်။ ကော့မှုးရာ ကရင်လူငယ် အဖွဲ့နဲ့ ကျနော်တို့ကို အတူတူထင်သွားမှာ စိုးလို့ပါ။ ရေလယ်ကျွန်းမှာ မူးယစ်ဆေးဝါး သွားတုန်းက ကော့မှုးရာက ယူနီဖောင်းတွေနဲ့လက်နက်တွေ ပါသွား တယ်။ ကျနော်တို့ ကော်သူးလေ KYO ကတော့ လက်နက်ကိုင်အဖွဲ့ မဟုတ်ပါဘူး”ဟု ကေအိုင်စီသို့ ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ သတင်းမီဒီယာတချို့မှာ ကော့မှုးရာ ကရင်လူငယ်အဖွဲ့အစည်းဟု မသုံးစွဲဘဲ ကရင် လူငယ်အဖွဲ့အစည်းဟု ရေးသားသည့်အပေါ် ဖြေရှင်းသည့်အနေဖြင့် ကော်သူးလေ KYO ဘက်မှ ထိုသို့ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းလည်း စောဂျက်ပစီက ဆက်ပြောသည်။
ကော်သူးလေ KYO သည် စတင်ဖွဲ့စည်းခဲ့ချိန်မှ ယနေ့အထိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစည်းအရုံး၏ အဓိက ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များတွင် လက်နက်ကိုင်ဆောင်၍ အကောင်အထည်ဖော်ဆောင်ရွက်ရသော လှုပ်ရှား မှုများ လုံးဝမပါရှိကြောင်းလည်း မတ်လ ၂၅ရက်နေ့က ထုတ်ပြန်သည့် ၎င်းကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ကရင်လူငယ်အစည်းအရုံးအတွင်းရှိ အဆင့်ဆင့်သောဖွဲ့စည်းတည်ဆောက်ပုံ၊အစုအဖွဲ့များ၏ ဆောင် ရွက်လှုပ်ရှာမှုများသည် ကရင်လူငယ်များ၏ အကျင့်စာရိတ္တမြှင့်မားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက် ရေး၊ ရိုးရာယဉ်ကျေးမှု ရှာဖွေဖော်ထုတ်ထိန်းသိမ်းကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက် ရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စသည့်လုပ်ငန်းများကို အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်နေ ကြောင်းလည်း ကြေညာချက်၌ ထည့်သွင်းရေးသားထားသည်။
စောဂျက်ပစီက “ဒီလိုမျိုး ကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြင့် ကျနော်တို့က ကော့မှုးရာကရင်လူငယ်အဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်တာ မရှိဘူးဆိုတာမျိုးတော့ မဟုတ်ပါဘူး။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ တခြားပူးပေါင်း လုပ်ဆောင်တာတွေ ကောရှိပါတယ်”ဟု ပြောသည်။
ကော်သူးလေ KYO သည် ကရင်လူင်ထုတစ်ရပ်လုံး၏ လူမှုရေး၊ ကာယ၊ ဉာဏ၊ စာရိတ္တ ဘတ်စုံဖွံ့ဖြိုးတိုးတက် ရေးကို ရှေးရှု၍ ၁၉၈၉ခုနှစ်၊ မေလ ၂၃ရက်နေ့က ကရင်ပြည်နယ်အတွင်းတွင် စတင်ဖွဲ့စည်းခဲ့ဖြစ်ပြီး ကရင်အမျိုး သားအစည်းအရုံး-KNU ၏ လက်အောက်ခံနိုင်ငံရေးအဖွဲ့တစ်ခုဖြစ်သည်။

http://www.kicnews.org/?p=16260

KNU နယ်မြေတချို့တွင် အခွန်လျှော့ကောက်

အစိုးရနှင့် ပဏာမ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီး နောက်ပိုင်းမှစတင်ကာ ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်း ချုပ်နယ်မြေတချို့ရှိ ဒေသခံများထံမှ အခွန်များ လျှော့ချ ကောက်ခံလျက်ရှိကြောင်း KNU စစ်ဦးစီးချုပ်က ပြောသည်။
“တပ်မဟာ ရ နယ်မြေထဲမှာ အခွန်တွေကို လျှော့ချလိုက်ပါပြီ။ အရင်က လယ် ၁ ဧကကို စပါး ၅ တင်း ကောက်တာကနေ၊ အခု ၃ တင်း ခွဲပဲ ကောာက်တော့တယ်” ဟု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ပြောသည်။
ထို့အပြင် အခြားနယ်မြေများတွင် မူလနှုန်းထားအတိုင်း ကောက်ခံသည်ဆိုသော်လည်း ၁၉၇၅ ခုနှစ်က သတ်မှတ်ထားသည့် နှုန်း ထားများဖြစ်သဖြင့် ခေတ်စနစ်နှင့်ယှဉ်လျှင် များစွာနည်းပါးသော ပမာဏဖြစ်ကြောင်း KNU အတွင်းရေးမှူး(၁) ပဒိုသောသီ က ပြော သည်။
ပဒိုသောသီက“ဒဏ်ကြေးတွေ၊ အခွန်တွေကို လျှော့ချတာ မလုပ်ပေမယ့် အရင်ခေတ်က နှုန်းတွေကိုပဲ ဆက်ပြီးသုံးဖို့ ပြီးခဲ့တဲ့ ကွန် ဂရက်မှာ ဆုံးဖြတ်ခဲ့တယ်။ ဥပမာ- ဒဏ်ကြေး ကျပ် ၁၀၀ ဆိုတာတွေကို အခုထိ သုံးစွဲနေတုန်းပါပဲ။ ဒီခေတ် နှုန်းအတိုင်း ဆိုရင် အရမ်း နည်းပါတယ်” ဟု ဆိုသည်။
KNU နယ်မြေများတွင် အခွန်ကောက်ခံမှုနှုန်းမှာ သီးနှံဖြစ်ထွန်းမှု၊ မြေဆီကောင်းမွန်မှုအလိုက် တစ်နေရာနှင့် တစ်နေရာ ကွာ ခြားချက်များရှိကြောင်းလည်း သိရသည်။
“သူတို့ အခွန်ကောက်တာမှာ စပါးထွက်နှုန်း၊ မထွက်နှုန်း အပေါ်မူတည်ပြီးတော့ ကောက်တယ်။ အရင်က တောင်ယာ ၁ ခင်းကို ဆန် ၂ တင်းနဲ့ ငွေ၂ ထောင်စီ ကောက်တယ်။ အခု အခွန်ကောက်တဲ့ ပေါ်လစီ ပြောင်းတယ်လို့တော့ ကြားထားတယ်။ ဒါပေမယ့် သေချာ မသိရသေးဘူး”ဟု ကရင် လူ့အခွင့်အရေး အဖွဲ့(KHRG) မှ တာဝန်ရှိသူ တဦး ဖြစ်သည့် ဦးစောအဲလ်ဘတ် က ဧရာဝတီ သို့ ပြောသည်။
လယ်မြေပိုင်ရှင်များထံမှ အခွန်ကောက်ခံရာတွင် အတန်းအစား ၃ မျိုး ခွဲထားပြီး အထွက်နှုန်းကောင်းသည့် ပထမတန်းစား လယ်မြေ များကို ၁ ဧက လျှင် အခွန် ၅ တင်း၊ အလယ်အလတ်တန်းစား လယ်မြေများကို ၃ တင်းခွဲနှင့် ထွက်နှုန်း နည်းပါးသည့် လယ်မြေ များကို ၁ တင်းခွဲ စီ ကောက်ခံလျက်ရှိကြောင်း အတွင်းရေးမှူး(၁)က ပြောသည်။
ထို့အပြင် အုန်းသီး၊ ဒညင်းသီးနှင့်ကြံ စသည့်သီးနှံများကိုမူ တနှစ် လျှင် ထွက်ရှိသည့် အချိန်အတွယ်အပေါ် မူတည်၍ ကောက်ခံ ကြောင်း သိရသည်။
ကရင်ပြည်နယ်တွင်းရှိ ကျေးရွာများမှ ဒေသခံများသည် ပြည်တွင်းစစ်များ၊ နယ်မြေ မတည်ငြိမ်မှုများနှင့် မြေမြှုတ်မိုင်းများ ကြောင့် လုပ်ကိုင်စားသောက်ရန် ခက်ခဲခြင်း၊ အစိုးရတပ်များနှင့် ကရင်လက်နက်ကိုင် တပ်များထံတွင် အခွန်နှင့် ဆက်ကြေး ပေးရခြင်းများကြောင့် နေရပ်စွန့်ခွာကာ ထွက်ပြေး တိမ်းရှောင်နေရမှုများမှာ ယခုချိန်အထိ ဖြစ်ပွားနေဆဲ ဖြစ်သည်။
“စပါးများများ ထွက်တဲ့နေရာက စပါးများများ ပေးကြတယ်။ လမ်းပန်းဆက်သွယ်ရေး ဝေးလို့ စပါးမပေးနိုင်ရင် ငွေကို အစားထိုးပြီး ပေးတယ်။ ဒါကို မသိတဲ့ပြည်သူတချို့က KNU ဆက်ကြေး လာကောက်တယ်လို့ အထင်လွဲကြတယ်။ ဒါဟာ ဆက်ကြေးမဟုတ်၊ ဓားပြတိုက်တာ မဟုတ်ဘူး။ တော်လှန်ရေးအဖွဲ့ကို ပြည်သူက ကူညီပေးတာလို့ သဘောထားဖို့ နယ်မြေဆင်းပြီး ရှင်းပြရတယ်။ ထိန်းချုပ်နယ်မြေရဲ့ ပိုင်ဆိုင်မှုက ကရင်လူထု ပိုင်ဆိုင်မှုပါပဲ”ဟု ပဒိုသောသီက ဆက်လက်ပြောဆိုသည်။
အခွန်အခများ ကောက်ခံခြင်းအား အပြည့်အဝ ရပ်ဆိုင်းရန်အတွက်မူ လက်ရှိအချိန်တွင် မဖြစ်နိုင်သေးကြောင်း KNU စစ်ဦးစီးချုပ် ကလည်း ပြောသည်။
ဗိုလ်ချုပ်ကြီး စောဂျော်နီက“အစိုးရတပ်တွေမှာက စစ်သားတွေအတွက် လခရှိတယ်။ ရိက္ခာရှိတယ်။ ဒါကြောင့် အခွန်ကောက် စရာ မလိုဘူး။ KNU မှာက အဲဒါတွေမရှိဘူး။ အခွန်မကောက်ဘူးဆိုရင် စားစရာမရှိဘူးလေ။ ကရင်ပြည်သူလူထုလိုချင်တဲ့ ပန်းတိုင်ကို မရောက်သေးပါဘူး။ ဒီတော့ ကျနော်တို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မှ အခွန်ကောက်တာတွေ လုံးဝလျှော့ချ နိုင်မယ်” ဟု ဆက်လက်ပြောဆိုသည်။
ထို့အပြင် ကရင်ပြည်နယ်အတွင်းရှိ နယ်မြေဒေသများတွင် ယခင်က နယ်မြေမတည်ငြိမ်မှုများနှင့် ထိုးစစ်ဆင်မှုများ ဖြစ်ပွားပါက လယ်ယာ လုပ်ကိုင်သူဒေသခံများ၏ လယ်ရိတ်သိမ်းချိန်ဖြစ်သည့်တိုင် ပြောင်းရွှေ့ပုန်းအောင်းရခြင်းများ၊ နယ်စပ်ဒေသများသို့ ပြောင်းရွှေ့နေထိုင်ရခြင်းများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပဒိုသောသီက ပြောပြသည်။
“အခု စစ်မဖြစ်တော့ပါဘူး။ ဒါကြောင့် ပိုပြီးလုပ်ကိုင် စားသောက်ဖို့ အဆင်ပြေတယ်ဆိုတာ ပြောချင်ပါတယ်။ ရွှေ့ပြောင်း သွားနေ ရတဲ့လူတွေ ပြန်လာလို့ရပြီလို့တော့ အာမ မခံနိုင်သေးပေမယ့် ကျနော်တို့ကြိုးစားနေပါတယ်။ အစိုးရအပေါ်မှာလည်း မူတည်ပါတယ်”ဟု ၎င်းက ဆိုသည်။
KNU နယ်မြေများတွင် ယခင်ခေတ် နှုန်းထား ဥပဒေ အတိုင်းသာ အခွန်ကောက်ခံသွားရန် ဗဟိုက ညွှန်ကြားချက် ထုတ်ထားပြီး အောက်ခြေက ပိုမိုကောက်ခံနေပါက စစ်ဆေး အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ပဒိုသောသီက ဆက်လက် ပြောဆိုသည်။

http://burma.irrawaddy.org/archives/36462

လိုင်ဇာသို့ တရုတ်နှင့်ကချင် စီးပွားရေးသမား များ အလုအယက် နေရာယူလာ

army2
လဂျားယန်မှ KIO လိုင်ဇာသို့ အဓိက အဝင်မုဒ်ဝ

ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ပွင့်လင်းရာသီချိန်ရောက်သည်နှင့် လူစည်ကားလာပြီး တရုတ်ကုန်သည်စီးပွားရေး သမားများနှင့် ကချင် စီးပွားရေးသမား အယောက် (၂၀)ကျော် ခန့် နေ့စဉ် ၄င်းတို့လုပ်ငန်းအတွက် နေရာများကို လိုက်လံကြည့်ရှုရှာဖွေနေကြောင်း လိုင်ဇာမြို့ (Laiza Muklum) အုပ်ချုပ်ရေးမှူး ဦးဂရန်နော်အောန် (Kareng Naw Awn) ကပြောသည်။
“ဒီရက်ပိုင်းမှာလိုင်ဇာပြည်သူတွေကလည်း ကိုယ့်အိမ်ပြန်လာပြီး အရင်စီးပွားရေး အလုပ်လုပ်တဲ့သူကလုပ် တစ်ရက်ပြီးတစ်ရက် စည်စည်ကားကားပြန်ဖြစ်လာတယ်။ ပြီးတော့ စီးပွားရေးငွေရှင်တွေကလည်း သူများတွေထက် ကုုိယ်ဦးအောင်ဆိုပြီးအုပ်ချုပ်ရေးရုံးကိုလာကြတယ်” ဟု လိုင်ဇာမြို့အုပ်ချုပ်ရေးမှူး ဦးဂရန်နော်အောန် (Kareng Naw Awn) က KNG ကချင်သတင်းဌာနသို့ပြောသည်။
အဆိုပါ ကချင်နှင့် တရုတ်စီးပွားရေးငွေရှင်ကြီးများက ငြိမ်းချမ်းရေးအသံများ ကြားနေရပြီးဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်နေသောကြောင့် မတ်လ(၁၁-၁၂) ရက်နေ့ ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်ပြီးချိန်မှစ၍ တစ််နေ့ထက်တစ်နေ့ လိုင်ဇာမြို့အုပ်ချုပ်ရေးရုံးသို့ လာရောက်မေးမြန်း ကြောင်းကိုလည်း သိရသည်။
၂၀၁၂ ခုနှစ်ကုန်ပိုင်းတွင် လိုင်ဇာမြို့တွင်းသို့အပြင်းအထန်စစ်ပွဲများဖြစ်ပွားခဲ့ရာ လိုင်ဇာပြည်သူလူထုများနှင့် လိုင်ဇာသို့ လာရောက် ခိုလှုံလုပ်ကိုင်စားသောက်နေသူများမှာ မိမိတို့လုံခြုံရာများသို့ တကွဲတပြား ထွက်ပြေးတိမ်းရှောင်နေခဲ့ရကြောင်းလည်း သိရသည်။
“အရင်လတွေမှာဆိုရင် ဘယ်သူမှမရှိတော့ဘူး။ ကျွန်တော်တို့လည်း တရုတ်ပြည်ဘက်ပြေးသွားရတယ်။ အခုမှ ငြိမ်းချမ်းရေးသံတွေ ကြားရလို့ စိတ်ချနိုင်လောက်ပြီဆိုမှ စျေးဆိုင်ပြန်လာဖွင့်တယ်” လို့ ရှမ်းပြည်နယ်မှ အထည်ဆိုင်ဖွင့်နေသူ ဒေါ်အထွယ် ကပြောသည်။
ကချင်ပြည်နယ်တွင်း စီးပွားရေးလုပ်ငန်းများသည် တိုက်ပွဲကြောင့် ခေတ္တ ငြိမ်သက်သွားချိန်မှာ ယခု လအစောပိုင်းမှ သစ်လုပ်ငန်းနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်လာခြင်းဖြစ်သည်။
တဖက်တွင်လည်း အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား တင်းမာမှုများ ဆက်လက်ရှိနေဆဲဖြစ်ပြီး ယခုနောက်ပိုင်းတိုက်ပွဲများသည် အစိုးရတပ်ဖက်ကမှ လူအင်အားဖြည့်၍ KIA နယ်မြေထဲသို့ တိုးချဲ့လာသောကြောင့် KIA မှစပစ်၍ ဖြစ်ပွားသောတိုက်ပွဲဖြစ်ကြောင်း KIA အထက်အရာရှိများမှသိရသည်။
ယခုချိန် လိုင်ဇာမြို့တွင်စစ်ပြေးဒုက္ခသည် ၄၀၀၀ ကျော်နှင့် ပြည်သူလူထု ၁၀၀၀၀ ကျော် ခိုလှုံလျက်ရှိသည်။

 http://kachinnews.com/burmese/news/1060-%E1%80%9C%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%87%E1%80%AC%E1%80%9E%E1%80%AF%E1%80%AD%E1%82%94-%E1%80%90%E1%80%9B%E1%80%AF%E1%80%90%E1%80%B9%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7%E1%80%80%E1%80%81%E1%80%BA%E1%80%84%E1%80%B9-%E1%80%85%E1%80%AE%E1%80%B8%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8%E1%80%9E%E1%80%99%E1%80%AC%E1%80%B8-%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%A1%E1%80%9C%E1%80%AF%E1%80%A1%E1%80%9A%E1%80%80%E1%80%B9-%E1%80%B1%E1%80%94%E1%80%9B%E1%80%AC%E1%80%9A%E1%80%B0%E1%80%9C%E1%80%AC.html

ကိုယ်ပိုင် ပြည်နယ်ရရှိရေး UWSA ဆက်ကြိုးပမ်းမည်

ရှမ်းပြည်နယ်အတွင်း အခြေစိုက်ထားသည့် “၀ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော်(UWSA) အနေဖြင့် ကိုယ်ပိုင် ပြည်နယ် ရရှိရေး ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ ကိုယ်ပိုင် ၀ပြည်နယ် တောင်းဆိုနေတာ ၁၉၈၉-၉၀ ငြိမ်းချမ်းရေးယူ ကတည်းကပါ၊ ဒါပေမယ့် အစိုးရဘက်ကတော့ အခု ချိန်အထိ တုံ့ပြန်မှု မရှိသေးပါဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံမှာတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းလို့ ပါလာတယ်”ဟု UWSA ၏ ပြောခွင့် ရသူ ဦးအောင်မြင့် က ဧရာဝတီကို ပြောသည်။
၁၉၉၃ ခုနှစ်တွင် ကျင်းပခဲ့သော ညောင်နှစ်ပင် အမျိုးသား ညီလာခံသို့ တက်ရောက်ခဲ့သည့် “၀”ကိုယ်စားလှယ်က တင်ပြတောင်း ဆို ခဲ့ဖူးကြောင်း၊ ထို့အတူ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူ လက်မှတ်ရေးထိုးစဉ်ကလည်း တောင်းဆိုခဲ့ကြောင်း၊ ၀တိုင်း ရင်းသားများကိုယ်စားပြုမည့် “၀ပြည်နယ်”မရမချင်း ဆက်လက်တောင်းဆိုသွားမည်ဖြစ်ပြီး ထိုကိစ္စအပေါ် ရှမ်းတိုင်းရင်းသားများ အနေဖြင့်လည်း စိုးရိမ်စရာ မလိုအပ်ကြောင်း ၎င်းက ဆိုသည်။
ရှမ်းပြည်နယ် ပန်ဆိုင်း ဒေသ၌၂၀၁၀ ပြည့် မတ်လကကျင်းပသော စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်သည့် နှစ် ၂၀ မြောက် အခမ်းအနားတွင် UWSA တပ်ဖွဲ့ဝင်များ စစ်ရေးပြနေကြစဉ် (ဓာတ်ပုံ – Shanland)

“ခွဲထွက်ဖို့ မဟုတ်ပါဘူး၊ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသတွေကို ပိုမို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ချင်တာရယ်၊ နောက်တခုက “၀” ဆိုတာ ဟိုအရင်ကတည်းက သီးသန့်နေခဲ့တဲ့ သမိုင်းကြောင်းတွေ ရှိပါတယ်၊ ဒါကြောင့် ကိုယ်ပိုင် ပြည်နယ်တောင်းဆိုနေ တာ ပါ”ဟု UWSA ပြောခွင့်ရသူက ဆိုသည်။ ရှမ်းပြည်နယ်နှင့်တခြား ဒေသအသီးသီး၌ “၀” တိုင်းရင်းသား ဦးရေ ၁၀ သိန်း ၀န်းကျင်ရှိကြောင်း လည်း ၎င်း၏ အဆိုအရ သိရသည်။
ရှမ်းနှင့် ကယား တိုင်းရင်းသားများ စုပေါင်း၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ညီလာခံ တခုကို ရှမ်းပြည်နယ် လားရှှိုးမြို့ ၌ မတ်လ ၂၀ မှ ၂၂ ရက်နေ့အထိ ကျင်းပခဲ့ရာတွင်လည်း “၀ပြည်နယ်”ထူထောင်ရန် တင်ပြတောင်းဆိုခဲ့ကြောင်း“၀”တိုင်းရင်းသားများ ကိုယ်စားပြု တက်ရောက်ခဲ့သည့် UWSA မှ ပြည်ပ ဆက်ဆံရေး ဒု ဌာနကြီးမှူး ဦးဆမ်ခွန်းက ဧရာဝတီ ကို ပြောသည်။ ရှမ်းပြည်နယ်မှ ခွဲထွက်၍ “၀”သီးသန့် ပြည်နယ် ထူထောင်မည့် ကိစ္စအား တချို့သော ရှမ်းတိုင်းရင်းသားများက လိုလားမှု မရှိဟု လည်း သိရသည်။
လားရှိုးညီလာခံသို့ တက်ရောက်မည့် အဖွဲ့အစည်း ကိုယ်စားပြု ကိုယ်စားလှယ်များအနေဖြင့် အခမ်းအနား၌ ပါ၀င်ဆွေးနွေး လိုပါက ထိုအဖွဲ့၏ အာဘော်သဘောထားကို စာတမ်း အဖြစ်တင်ပြ၍ ဆွေးနွေးရန် ဖိတ်ကြားထားကြောင်း၊ သို့သော် အ စည်း အဝေး တက်ရောက်ခဲ့သည့် “၀”တိုင်းရင်းသား ကိုယ်စားလှယ် အနေဖြင့် စာတမ်းဖြင့် ပါ၀င်ဆွေးနွေးခြင်းမဟုတ်ဘဲ အလွတ်သဘော ပြောဆိုသွားခြင်းသည်လည်း ဆွေးနွေးပွဲမူနှင့်ကိုက်ညီမှု မရှိကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၏ ပြောခွင့်ရသူ ဦးစိုင်းလိတ် က ဧရာဝတီ ကို ပြောသည်။
“၀”ကိုယ်စားလှယ် ပြောသွားတာကတော့ ပြည်ထောင်စုက ဘယ်တော့မှ မခွဲထွက်ဘူး၊ ဒါပေမယ့် ကိုယ်ပိုင် “၀”ပြည်နယ် တော့ လိုချင်တယ်လို့ ပြောတယ်၊ ပြည်သူတရပ်လုံးက သဘောတူရင်တော့ ကျနော်တို့ကလည်း ခွင့်ပြုရမှာပေါ့၊ နောက်တခု က ဒီကိစ္စဟာ ဖြစ်သင့် မဖြစ်သင့်ဆိုတာတော့ ပြည်ထောင်စုကြီး တခုလုံးက တိုင်းရင်းသား ခေါင်းဆောင်တွေက ၀ိုင်းဝန်း ဆွေးနွေး အဖြေရှာရမယ့် ကိစ္စပါ”ဟု ဦးစိုင်းလိတ် က ဆိုသည်။
ထိုကိစ္စသည် ပါတီတခု အဖွဲ့အစည်းတခု၏ ဆုံးဖြတ်ချက် သဘောထားအတိုင်း လုပ်ဆောင်၍ မရကြောင်း၊ ရှမ်းပြည်နယ် အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူ တရပ်လုံး၏ ဆန္ဒသဘောထားကို ကောက်ခံ၍ ပြည်သူတို့၏ ဆန္ဒအတိုင်း ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ရှမ်းတိုင်းရင်းများအပါအဝင် တိုင်းရင်းသား အားလုံးသည်လည်း ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး တောင်းဆိုနေကြခြင်းဖြစ်၍ “၀”တို့ ၏ တောင်းဆိုမှုကိုလည်း ကန့်ကွက်ရန် ဆန္ဒမရှိကြောင်း ၎င်းက ဆက် ပြောသည်။
“၀”ပြည်နယ် သီးသန့်ထူထောင်ရေး ကိစ္စသည် ကျယ်ပြန့်သည့် ကိစ္စတခုဖြစ်ကြောင်း၊ ထိုကိစ္စသည် တိုင်းရင်းသားများ၊ လွှတ် တော် အသီးသီးနှင့် အစိုးရ အဖွဲ့၊ ရှမ်းပြည်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားများ၊ လက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေးပါတီများ အား လုံး ပါ၀င် ဆွေးနွေးပါက အဖြေတခု ရလာမည်ဟု မျှော်လင့် ကြောင်း ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(SNDP) ခေါ် ကျားဖြူ ပါတီ၏ ပြောခွင့်ရသူ ဦးစောသန်းမြင့် က ဧရာဝတီ ကို ပြောသည်။
“ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းကနေ ပြည်နယ်ရလိုတယ်လို့ တောင်းပိုင်ခွင့်ရှိတော့ ဘာမှကန့်ကွက်စရာ မရှိပါဘူး၊ ဒါပေမယ့် တခြား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေကလည်းပဲ တိုင်းတွေ တောင်းဆိုလာကြမယ်၊ အဲဒီကတဆင့် ပြည်နယ်တွေ ရလိုတယ်လို့ တောင်း ဆို လာနိုင်ကြတာပေါ့”ဟု ၎င်းက ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အခန်း ၂ တွင် “၀” ဒေသအား “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟု ဖော်ပြထားပြီး နာဂ၊ ဓနု၊ ပအို့ဝ်၊ ပလောင်၊ ကိုးကန့် စသည်တို့အား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအဖြစ် ဖော်ပြထားသည်။
“၀”ပြည်နယ်အဖြစ် သီးသန့်ခွင့်ပြုပေးလိုက်ပါက ရှမ်းပြည်နယ်၏ အရှေ့ခြမ်းတခုလုံး ပါ၀င် သွားနိုင်သည်ဟု ရှမ်းတိုင်းရင်း သား များက ပြောသည်။ “၀ပြည်နယ်”ဟု ထူထောင်မည်ဆိုပါက ဖွဲ့စည်းပုံ ဥပဒေကိုလည်း ပြင်ဆင်ရမည် ဖြစ်သည်။
တိုင်းဒေသဆိုသည်မှာ လူမျိုးတခုအား ကိုယ်စားမပြုဘဲ ထိုဒေသတွင်းနေထိုင်သည့် တိုင်းရင်းသား အားလုံးကို ကိုယ်စား ပြုပြီး ပြည်နယ်ဆိုသည်မှာ ထိုဒေသရှိ လူမျိုးတခုကို ကိုယ်စားပြုသည့် အသွင်ဆောင်သည်။ မြန်မာနိုင်ငံ ၌ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ် ဟူ၍ မိမိတို့ လူမျိုးများကို ကိုယ်စားပြုထားသည့် ပြည်နယ် ရ ခု ရှိသည်။
UWSA သည် အစိုးရနှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူထားသော်လည်း နယ်ခြားစောင့်တပ် အသွင်ပြောင်း လဲခြင်း မရှိဘဲ ကိုယ်ပိုင်စစ်တပ်ဖြင့် သီးသန့်နေထိုင် လုပ်ပိုင်ခွင့်ကို ရရှိထား၍ အခွင့်ထူးခံ အဖွဲ့ အဖြစ် ဝေဖန်မှုများ ရှိနေပြီး တရုတ်အစိုးရ၏ ကျောထောက်နောက်ခံပြုထားမှုကြောင့် မြန်မာအစိုးရ အပေါ် အလေးထားမှု မရှိဟု နိုင်ငံရေး အကဲခတ်များက ဝေဖန်မှုများ ရှိနေ သည်။ အစိုးရနှင့်အပစ်အခတ် ရပ်စဲထားသည့် လက်ကိုင်အဖွဲ့များအနက် UWSA သည် အင်အား အကြီးဆုံး လက်နက်ကိုင် အဖွဲ့တခုလည်း ဖြစ်သည်။
ဦးအောင်မြင့် ကမူ“ကျနော်တို့က အခွင့်ထူးခံတပ် မဟုတ်ပါဘူး၊ နိုင်ငံရေးအရ ကိုယ့်နားလည်မှုနဲ့ကိုယ် နေ တာပါ၊ တရုတ် အစိုးရနဲ့တော့ ကုန်သွယ်ရေး၊ စီးပွားရေးတွေတော့ ပူးပေါင်းလုပ်ဆောင်တာ ရှိပါတယ်၊ ၀ ပြည်နယ် ရရေးအတွက်မှာလည်းပဲ တရုတ်အစိုးရ က တွန်းအားပေးနေတာ မရှိပါဘူး”ဟု ဆိုသည်။
“၀ပြည်နယ်”ဟု အစိုးရက တရားဝင် အသိအမှတ် မပြုထားသော်လည်း UWSA အနေဖြင့် ၎င်းတို့၏ ထုတ် ပြန်ချက်များ တွင် မူ “၀ပြည်နယ် အစိုးရ”ဟု ဖော်ပြလေ့ရှိသည်။
“ကျနော်တို့က ၁၉၉၃ ကတည်းက ဒီလိုပဲ သုံးနေတာပါ၊ ကျနော်တို့မှာ သီးသန့်ဖွဲ့စည်းပုံ ရှိတယ်၊ ၀ပြည်သူ့ အစိုးရ ဆိုတာလည်း ရှိပါတယ်၊ ပြည်ပ ဆက်ဆံရေးဌာနကြီးဆိုတာတွေ ရှိပါတယ်”ဟု UWSA ပြောခွင့် ရသူ ဦးအောင်မြင့်က ပြောဆိုသည်။

http://burma.irrawaddy.org/archives/36479

March 26, 2013

ငြိမ်းချမ်းမှ ဒုက္ခသည်များ ပြည် တွင်းပြန်နိုင်မည်ဟု KRC မှ သဘော ထားထုတ်ပြန်

မတ်လ ၂၆ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
KRC logoမြန်မာပြည်တွင် ပြည်တွင်းစစ် ချုပ်ငြိမ်းပြီး စစ်မှန်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှသာလျှင် ဒုက္ခသည်များအနေဖြင့် မိမိတို့၏ နေရပ်သို့ ပြန်လည်နေရာချထားရေး အစီအစဉ်မှာ ဖြစ်မြောက်နိုင်မည်ဖြစ်ကြောင်း ကရင်ဒုက္ခသည်ရေးရာကော်မတီ (KRC) မှ မတ်လ ၂၅ရက်နေ့တွင် သဘောထားထုတ်ပြန်လိုက်သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းမှ စတင်ကာ ဒုက္ခသည်များအား နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးမည့် ပြောဆိုသံများ ထွက် ပေါ်လာပြီးနောက် ဒုက္ခသည်များအတွက် အဓိက လိုအပ်သည့် အချက်အလက်များကို အခြေခံပြီး အချက် ၁၀ချက်ပါ သဘော ထားထုတ်ပြန်ချက်ကို (KRC) မှ ပထမဆုံးအကြိမ်အဖြစ် ယခုလို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမငြိမ်သက်မှုများ ၊ နှစ်ပေါင်းများစွွာအစိုးရနှင့် တိုင်းရင်းသားများအကြား ဖြစ်ပွားခဲ့သော လက်နက် ကိုင် ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသော ဒုက္ခသည်များအနေဖြင့် ယခု လတ်တလော အခြေအနေအရ နေရပ်ပြန်လည်ချထားရေးမှာ လုံးဝ မဖြစ်နိုင်သေးကြောင်း ကရင်ဒုက္ခသည်ရေးရာကော်မတီမှ တွဲဖက်အတွင်းရေးမှုး ဆရာမ နော်ဘလူးမင်းနိုက်ဇန်က ပြောသည်။
“တပြည်လုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေးရဖို့ လုပ်နေတုန်းပဲ ရှိသေးတယ်လေ၊ ပဏာမ အပစ်ရပ်စဲရေးပဲ ရှိသေး တယ်။ အဲဒါကို အခြေခံပြီးတော့ ခိုင်မာတဲ့ အပစ်ရပ်ရေးနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သေးသ၍တော့ ဒုက္ခသည် တွေအနေနဲ့ ပြန်ဖို့ကို စဉ်းစားစရာ အကြောင်းမရှိပါဘူး”ဟု သူမက ကေအိုင်စီသို့ ပြောသည်။
၎င်းအပြင် မြန်မာအစိုးရအနေဖြင့် ကရင်ဒုက္ခသည်များအရေး လုပ်ဆောင်နေသော ကရင်ဒုက္ခသည်များကော်မတီထံ တစုံတရာ ဆက်သွယ်ညှိနှိုင်း ဆွေးနွေးခြင်းမျိုးလည်း ယခုအချိန်ထိ မရှိသေးကြောင်း ဆရာမ နော်ဘလူးမင်းနိုက်ဇန်မှ ဆက်ပြောသည်။
ကရင်ဒုက္ခသည်ကော်မတီ(KRC)၏ အချက် ၁၀ချက်ပါသော အဆိုပါ သဘောထားထုတ်ပြန်ချက်ထဲတွင် ဒုက္ခသည်များအား အတင်းအဓမ္မ ပြန်လည်ပို့ဆောင်မည့် အစီအစဉ်ကို ကန့်ကွက်ထားပြီး ပြန်လည်နေရာချထားရေးအတွက် လုံလောက်သောအ ချိန် ပေးရမည် ဖြစ်သည်။
ထို့အပြင် ဒုက္ခသည်များအား ပြန်လည်နေရာချထားပေးမည်ဆိုပါက လုံခြုံမှုရှိသော၊ မြေမြှုပ်မိုင်းများနှင့် ကင်းလွတ်သော နေရာ များ ဖြစ်ရမည်ဖြစ်ပြီး အသက်မွေးဝမ်းကြောင်းအတွက် လုံလောက်စွာ လုပ်ကိုင်စားသောက်နိုင်သော နေရာဒေသဖြစ်ရမည်ဟု ဖော်ပြပါရှိသည်။
အလားတူ (KRC) အပါအဝင် ထိုင်းနှင့် မြန်မာအစိုးရ အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အ စည်းများ၊ အခြေခံလူမှုအဖွဲ့အစည်းများမှ နိုင်ငံအတွင်း စိတ်ချရပြီး အခြေအနေ တိုးတက်ကောင်းမွန်သည်ဟု အသိအမှတ်ပြုနိုင် သည့်အချိန်မှသာ ပြန်လည် နေရာချထားရေး အစီအစဉ်ကို စတင် အကောင်အထည်ဖော်သင့်ကြောင်းလည်း KRC ၏ သဘော ထားတွင် ဖော်ပြပါရှိသည်။
အမည်မဖော်လိုသူ မယ်လဒုက္ခသည်တစ်ဦးက “KRC က သဘောထားထုတ်တာအပြင် လက်တွေ့ကျတဲ့ လုပ်ဆောင်မှုမျိုးကို ပြတ်ပြတ်သားသား လုပ်သင့်တယ်။ နောက်ပြီး ဒုက္ခသည်တွေဆန္ဒကို ကိုယ်တိုင် တွေ့ဆုံမေးမြန်းပြီး သက်ဆိုင်ရာ အဖွဲ့တွေကို တွန်းတွန်းထိုးထိုး လုပ်စေချင်တယ်။ ကျနော်တို့က ဒုက္ခသည်မို့ နောက်ထပ် ဒုက္ခတွေလည်း ထပ်မတွေ့ချင်တော့ဘူး။”ဟု ဆို သည်။
မြန်မာပြည်တွင် စစ်ရေးကြောင့် ထွက်ပြေးတိမ်းရှောင်လာရသော ဒုက္ခသည်များသည် ထိုင်းမြန်မာနယ်စပ်တစ်လျောက်ရှိ ဒုက္ခ သည်စခန်းများတွင် ခိုလှုံနေထိုင်သည်မှာ ၃၉နှစ်ကြာ ကြာမြင့်ပြီဖြစ်ရာ ကရင်ဒုက္ခသည်စခန်း ရခုနှင့် ကရင်နီဒုက္ခသည်စခန်း ၂ခု ရှိပြီး ဒုက္ခသည်ဦးရေမှာ တစ်သိန်းခွဲကျော် ရှိသည်။

http://www.kicnews.org/?p=16256

အစိုးရနှင့် အပစ်ရပ် ဆွေးနွေးနိုင်ရေး ညှိနှိုင်းမှု ပလောင်အဖွဲ့ အဖြေ မရသေး

ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF) နှင့် အစိုးရ ကိုယ်စားလှယ် တို့အကြား ပထမဆုံး အကြိမ် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ပြုလုပ်နိုင်ရန် ဝန်ကြီး ဦးအောင်မင်း မှ တာဝန်ပေးအပ်ထားသည့် ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသော်လည်း ဆုံးဖြတ်ချက် မချမှတ် နိုင်သေးကြောင်း PSLF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူး မိုင်ဘုန်းကျော်မှ ပြောသည်။

“ဦးအောင်မင်း တာဝန် ပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လူတွေနဲ့ ဆွေးနွေးညှိနှိုင်း
နေတာပါ၊ နာမည် ထုတ်ပြောဖို့တော့ ခက်ပါသေးတယ်၊ အဓိက ကတော့ တွေ့ကြမယ့် နေရက် အချိန်တွေ၊
နေရာတွေကို ညှိနေတာပါ၊ အခုချိန် ထိတော့ ဘာမှ ရေရေရာရာ သဘောတူတာတော့ မရှိသေးပါဘူး” ဟု ဗိုလ်မှူး မိုင်ဘုန်းကျော်မှ မဇ္စျိမအား ပြောသည်။

ဖေဖော်ဝါရီ လကုန်မှစ၍ ဖုန်း၊ အွန်လိုင်း စနစ်တို့ဖြင့်  နှစ်ဖက် တွေ့ဆုံ ဆွေးနွေး နိုင်ရေးကို ညှိနှိုင်း ခဲ့ကြကာ လူချင်း တွေ့ဆုံ ညှိနှိုင်းမှု မပြုလုပ် ရသေးဟု ဆိုသည်။

လက်ရှိ အခြေအနေ၌ ပလောင် (တအောင်း) ဒေသ ဘက်တွင် အစိုးရ၏ စစ်ကြောင်း လှုပ်ရှားမှု များကြောင့် ထိတွေ့ ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။

 မတ်လ (၂၂) ရက်နေ့ ညနေ (၅) နာရီ တွင် အင်အား (၁၀၀) ကျော်ရှိသော အစိုးရ ခမရ (၅၀၂) စစ်ကြောင်းသည် ကွတ်ခိုင် မြို့နယ်ရှိ နမ့်လိတ် တောင်ကြော၌ အခြေ စိုက်နေသည့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် T.N.L.A တပ်ရင်း (၁ဝ၁) မှ တပ်ခွဲ (၁) ၊ K.I.A တပ်ရင်း (၈) ပူးပေါင်း တပ်ဖွဲ့ များနှင့် တစ်နာ ရီကျော် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ထိုသို့ ထိုးစစ်ဆင် လှုပ်ရှား လာသည့်  လုပ်ရပ်ကိုကန့်ကွက် ရှုံ့ချကြောင်း ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF) မှ မတ် (၂၂) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန် ခဲ့သည်။

မန်တုံမြို့တွင် ကျင်းပရန် ရှိသည့် ရွှေဖီလက်ဖက်ရာသီနှင့် တအောင်းစာပေနှင့်ယဉ်ကျေးမှု ညီလာခံ ပွဲတော်အတွက် အခြေစိုက် ပျောက်ကြား စခန်းတွင်သာ နေရာယူကြရန်နှင့် စစ်ရေးလှုပ်ရှားမှုကို ရပ်စဲ ထိန်းသိမ်းထားရန် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့သော စစ်ရေး အခြေအနေ များကြောင့်လည်း တွေ့ဆုံ ဆွေးနွေးမည့် နေရာကို ပြည်ပ တစ်နေရာ၌ သတ်မှတ် ပေးရန် ပလောင် အဖွဲ့မှ တင်ပြ ထားပြီး အစိုးရ အဖွဲ့ဘက်မှ ပြည်တွင်းကို အဆိုပြု ထားပါသည်။

“ညှိနှိုင်းလို့ မရသေးတာကတော့ ပြောဖို့တော့ခက်ပါတယ်၊ သူတို့ဘက်က အလုပ်တွေ တအားတွေ ရှုပ်နေလို့လား၊ သို့မဟုတ် ကျွန်တော် တို့ကိုပဲ အသိအမှတ် မပြု တာလား၊ နေရာတွေ အချိန်တွေ ဒီလိုပဲ ညှိတာပေါ့၊ တစ်နေ့မဟုတ် တစ်နေ့တော့ တွေ့ရ မှာပေါ့လေ” ဟု PSLF အထွေထွေ အတွင်းရေးမှူး မိုင်ဘုန်းကျော်မှ မဇ္စျိမအား ပြောကြား ခဲ့သည်။

အမြန်ဆုံး တွေ့ဆုံ ဆွေးနွေးမှု ပြုနိုင်ရန် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦးဘက်မှ မျှော်မှန်းထားကာ အစိုးရ၏ပလောင်(တအောင်း) ဒေသဖက်၌ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေခြင်းများသည်လည်း အစိုးရဘက်မှ ပြင်ဆင်မှု တစုံတရာဖြစ်မည်ဟု ခန့်မှန်းကြောင်း ဗိုလ်မှူး မိုင်ဘုန်းကျော်မှ ဆက်ပြောသည်။ 

http://www.mizzimaburmese.com/news/inside-burma/11206-2013-03-26-15-28-56.html

 

March 25, 2013

ပြည်နယ်များရဲ့ ငြိမ်းချမ်းရေးနှင့်ပဋိပက္ခ အကြောင်းရှင်းလင်း

4
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ မတ်လ ၂၄ ရက်နေ့ ညနေ ၃ နာရီက
ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒေသခံတွေစုပေါင်းပြီး ရှင်းလင်းတင်ပြပွဲ တစ်ခု ကျင်းပပြုလုပ်နေတာပါ။
ဒီရှင်းလင်းပွဲမှာ ပြည်နယ်တွေမှာ ဒေသခံတွေရဲ့ ပညာရေး ၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနေမှု ၊ မွန်ပြည်နယ် ကျိုက်ထိုအတွင်းရှိ ရွှေသတ္ထုတူးဖော်
သန့်စင်ရာမှာ စွန့်ပစ်ရေဆိုးများကြောင့် ကျန်းမာရေးအခတ်အခဲ ရှိနေမှုတွေကို ဒေသခံ ၁၀ ဦးက ကိုယ်စီရှင်းလင်းတင်ပြခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ၁၉၉၅ ခုနှစ်မှာ စစ်တပ်က လယ်ယာမြေတွေကို မတရားသိမ်းယူပြီး ဒေသခံလယ်သမားတွေအတွက် ယနေ့အချိန်အထိ
သင့်တော်တဲ့လျှော်ကြေး ပေးတာမျိုးမရှိခဲ့တဲ့အပြင် အခုလည်းတစ်ခါထပ်ပြီး လယ်ယာမြေတွေကို မတရားသိမ်းယူနေရတယ်လို့သိရပါတယ်။
ဒီရှင်းလင်းပွဲကို Youth Development Network ကဦးဆောင် စီစဉ်ပေးတာဖြစ်ပြီး သူတို့အဖွဲ့အနေနဲ့ ကရင်ပြည်နယ် မွန်ပြည်နယ်တွေကို သွားရောက်ရာကနေ
သိရှိလာတဲ့ ဒေသခံတွေရဲ့ အခတ်အခဲတွေကို သက်ဆိုင်ရာအာဏာပိုင်တွေ သိရှိစေဖို့ ရည်ရွယ်ပြီး အခုလို စီစဉ်ပေးခဲ့ကြတာဖြစ်ပါတယ်။
အခုပြုလုပ်တဲ့ ရှင်းလင်းပွဲကို သတင်းမီဒီယာတွေ စိတ်ပါဝင်စားသူတွေအပါအဝင် လူဦးရေ ၃၀ ကျော်တက်ရောက် ခဲ့ကြပါတယ်။

http://www.burmavjmedia.net/?p=20111

<iframe width="420" height="315" src="http://www.youtube.com/embed/xSFO3ALbxtE" frameborder="0" allowfullscreen></iframe>

လက်နက်ကိုင် ဝ,အဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းဆို

ဝ,ပြည် သွေးစည်းညီညွတ်ရေး ပါတီ/တပ်မတော် (UWSP/UWSA)မှ ကိုယ်စားလှယ် တဦးက ဝ,ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းဆိုကြောင်း  Shan Herald Agency for News (SHAN) သတင်းတရပ်တွင်
ဖေါ်ပြထားသည်။

UWSA မှ ပြင်ပဆက်ဆံရေးဆိုင်ရာ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ရှောင်ဆမ်ကွန် (Xiao Samkun)က လားရှိုးမြို့တွင် တွေ့ဆုံဆွေးနွေးနေကြသည့် ရှမ်း-ကယား ယုံကြည်မှု တည်ဆောက်ရေး ကွန်ဖရင့်တွင် မတ်လ ၂၁ ရက်နေ့က ပြောကြားခြင်း ဖြစ်သည်။

မတ်လ ၂၀ ရက်နေ့မှ စတင်၍ သုံးရက်တာ ကျင်းပခဲ့သော အဆိုပါ ညီလာခံသို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း တက်ရောက်ခဲ့ပြီး ရှမ်းနှင့် ကယားပြည်နယ်မှ ပါတီနှင့် အဖွဲ့ အစည်းပေါင်း ၂၂ ဖွဲ့ တက်ရောက်ရာ UWSA ၏ ရပ်တည်ချက် အနေအထားကို တရားဝင် ဆွေးနွေးခဲ့ကြခြင်း မရှိဟု Shan Herald က ဖေါ်ပြသည်။

တိုင်းရင်းသား အဖွဲ့များအနေဖြင့် ဘုံသဘောထားအမြင် ရှာဖွေရန်လိုအပ်သည်ဟု SHAN အယ်ဒီတာချုပ် က ဆိုသည်။

“ဝ,က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းနေပါတယ်။ ဒါသူတို့အခွင့်အရေးပါ။ ဝ,ရဲ့ တောင်းဆိုမှုကို ဆန့်ကျင်မယ့်သူတွေလည်း ရှိပါတယ်။ သူတို့ (အခွင့်အရေး)ကိုလည်း ပိတ်ပင်လို့ မရပါဘူး” ဟု ဦးခွန်ဆိုင်း က ပြောသည်။

ထို့ပြင် ခွဲထွက်ခြင်းမပြုသည့် အဖြေတရပ်ရရန် ဆွေးနွေးသင့်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ရှမ်း-ကယား ညီလာခံသို့ ရှမ်း၊ ကယန်း၊ ကရင်နီ၊ လားဟူ၊ ကိုးကန့်၊ ဝ၊ တအောင်း (ပလောင်)၊ ဓနု၊ အင်း စသည့် လူမျိုးများမှ နိုင်ငံရေးပါတီ ၁၀ ခု၊ လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့တို့မှ ကိုယ်စားလှယ်များနှင့် လေ့လာသူ လူမှုအဖွဲ့အစည်း ၂၂ ဖွဲ့ ပါဝင်ရာ စုစုပေါင်း ညီလာခံ တက်ရောက်သူ ၂၀၀ ခန့် ရှိသည်။ ဗြိတိန်၊ အမေရိကန်၊ အင်ဒိုနီးရှားနှင့် ဘရူနိုင်းနိုင်ငံ သံရုံးများမှ  သံတမန်များလည်း တက်ရောက်ခဲ့ကြသည်။

UWSA မှာ ၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့သည်။

၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် UWSA သည် စစ်သည်အင်အား သုံးသောင်းကျော်ရှိကာ ပန်ဆန်းမြို့တွင် ဌာနချုပ် ဖွင့်လှစ်ထားရှိသည့် အင်အားအကြီးဆုံးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအရ ဝ,ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းကို မြို့နယ် ၆ မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ တွင် နှစ်မြို့နယ်သာ ကျင်းပနိုင်ခဲ့သည်။

http://www.mizzimaburmese.com/news/inside-burma/11193-2013-03-25-13-01-33.html

ကရင်ပြည်နယ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဒေါ်လာ ၁၁ သန်း လှူဒါန်း

japan-donate-karen-peace-305.jpg

ဂျပန်နိုင်ငံအခြေစိုက် အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Japan Platform အဖွဲ့က ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေး နဲ့ ပြန်လည်ထူထောင်ရေး စီမံကိန်းတွေအတွက် အကူအညီ အမေရိကန် ဒေါ်လာ ၁၁ သန်းပေးအပ်ပွဲကို ရန်ကုန်မြို့ ဂျပန်သံရုံးမှာကျင်းပခဲ့ပါတယ်။
အဲဒီထောက်ပံ့ကြေးတွေကို သုံးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တယ် လို့ မြန်မာနို်င်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာနရဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။
“စာချုပ်မှာ ဒေါ်လာ ၁၁ သန်းဖိုးရှိတဲ့ ထောက်ပံ့ အကူအညီတွေကို ၃ နှစ်အတွင်းမှာ ကရင်ပြည်နယ် ကို ထောက်ပံ့ဖို့ အစီအစဉ်တွေလည်းပါ ပါတယ်၊ အစိုးရသစ်လက်ထက်မှာ အလှူရှင်တွေက ကာယကံရှင်တွေဆီကို သူတို့စိတ်တိုင်းကျ တိုက်ရိုက်လှူလို့ရတဲ့စနစ်မျိုးကို ဆောင်ရွက်နေပါတယ်၊ စာချုပ်ချုပ်ဆိုပြီး နောက်ပိုင်းမှာ အသေးစိတ်အစီအစဉ်တွေကိုတော့ ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်”
ဒီအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအပါအဝင် Japan Platform အဖွဲ့အစည်း ကိုယ်စားလှယ် Ms. Keiko Kiyama၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက သံအမတ်ကြီး  Mikio Numata နဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန အမှုဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးလှိုင်တို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
အခုလိုထောက်ပ့ံမှုပြုတာဟာ လာမယ့် ဧပြီလကနေ ၂၀၁၆ခုနှစ် မတ်လအထိ ပြုလုပ်သွားမယ့် စီမံကိန်းတွေအတွက်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့ကလည်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ Mikio Numata က အမေရိကန် ဒေါ်လာ ၆.၅ သန်းခန့်နဲ့ ညီမျှတဲ့ ဂျပန်ယန်းငွေ ၆၅၁ သန်းကို ကရင်ပြည်နယ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပြည်လည်နေရာချထားရေးအတွက် ပေးအပ်ခဲ့တယ်လို့သိရပါတယ်။

March 24, 2013

Pa-Oh National Liberation Organization and Government Peace Talk

http://www.youtube.com/watch?v=X1EIZ8rPkxA&feature=player_embedded

PNLO နဲ့ အစိုးရ ပြည်ထောင်စု အဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရရှိ

pnlo-gov-meeting-305
ရန်ကုန်မြို့၊ မြန်မာငြိမ်းချမ်းရေးစင်တာမှာ မတ်လ ၂၃ ရက်နေ့ ကပြုလုပ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နဲ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ် စဲရေး ဆွေးနွေးပွဲကို တွေ့ရစဉ်
photo: RFA/ Sai Tun Aung Lwin
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေလီလမ်းမှာ ရှိတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာပြုလုပ် တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ မှာ ပြည်ထောင်စုအဆင့်  အပစ်ခတ်ရပ်စဲဖို့ သဘောတူညီမှုရရှိခဲ့တာဖြစ်တယ်လို့ ဆွေးနွေးမှု အပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာအစိုးရ ရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေလီလမ်းမှာရှိတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာပြုလုပ်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပြည်ထောင်စုအဆင့်  အပစ်ခတ်ရပ်စဲဖို့ သဘောတူညီမှုရရှိခဲ့တာဖြစ်တယ်လို့ ဆွေးနွေးမှုအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။
"အားလုံးပေါင်း ကိုးချက်ပေ့ါဗျာ၊ အဲ့ကိုးချက်စလုံးကို အားလုံးကို သဘောတူညီမှုရရှိပြီးဖြစ်ပါတယ်၊ အချက်တိုင်း အချက်တိုင်းမှာတော့ အသေးစိတ် အချက်အလက်တွေပါပါတယ်၊ အဲ့ဒါတွေအားလုံးက ပင်မအချက်ကြီးတွေဖြစ်ပါတယ်၊ အားလုံးကို မနေ့ကလည်း ဆွေးနွေးပါတယ်၊ ဒီနေ့လည်း ဆွေးနွေးပါတယ်၊ တော်တော် အောင်အောင်မြင်မြင်နဲ့ အားလုံးကို ဆွေးနွေးနိုင်ပါတယ်"
နှစ်ဘက်လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေ ဆက်လက်ရေးဆွဲဖို့၊ ဆက်ဆံရေးရုံးတွေ ဆက်လက်ဖွင့်လှစ်ဖို့၊ ပအိုဝ်းဒေသအတွင်း ဒေသခံတွေအတွက် နိုင်ငံသားမှတ်ပုံတင်ကတ်ပြားတွေထုတ်ပေးဖို့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်ဖို့နဲ့ မြေမြှုပ်မိုင်းရှင်းလင်းရေးအပါဝင် အချက်ကိုးချက်ပါ သဘောတူညီချက်ကို သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် PNLO အနေနဲ့ ဒေသတွင်း ပအိုဝ်းအဖွဲ့စည်းတွေဖြစ်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုုပ် PNO၊ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်မတော် အစရှိတဲ့ တိုင်းရင်းသား အင်အားစုတွေနဲ့လည်း ပူးပေါင်းပြီး ဒေသဖွံဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်သွားဖို့ရှိနေပေမယ့်၊ လွှတ်တော်နိုင်ငံရေးကို ဝင်ရောက်ဦးမှာ မဟုတ်ဘူးလို့လည်း PNLO တာဝန်ရှိသူတွေက ပြောပါတယ်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အနေနဲ့ မြန်မာအစိုးရနဲ့ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုကို ပြီးခဲ့တဲ့ သြဂုတ်လက သဘောတူညီမှု ရယူခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ပအိုဝ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ

1
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း အပါအဝင် ၀န်ကြီး(၄)ဦးအဖွဲ့နဲ့ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင်တဲ့ အဖွဲ့တို့ မတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာမှာ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်နေတာပါ။
နံနက် ၉ နာရီကနေ စတင်ပြီး ပြုလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲမှာ နှစ်ဖက်တာဝန်ရှိလူကြီးတွေ အပြန်အလှန် ဆွေးနွေး သွားခဲ့ကြပါတယ်။
အဲဒီဆွေးနွေးပွဲအပြီးမှာ အပစ်အခတ်ရပ်စဲရေး ၊ code of conduct / မူးယစ်ဆေးဝါးတိုက်ဖြတ်ရေးနှင့် အစားထိုး သီးနှံကဏ္ဍ ၊ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်က လက်ရှိပြုလုပ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေကို သက်ဆိုင်ရာ အစိုးရဌာနတွေနဲ့ နှစ်ဖက် သဘောတူလုပ်ဆောင်ရန် ဆိုတဲ့အချက်တွေအပါအဝင် အချက် ၉ ချက်ကို နှစ်ဖက် သဘောတူလက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီအဖွဲ့နဲ့ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ကလည်း ပထမအကြိမ်အဖြစ် တွေ့ဆုံခဲ့ကြပါသေးတယ်။
အဲဒီတွေ့ဆုံပွဲမှာလည်း နှစ်ဖက် အပစ်အခတ်ရပ်စဲရေးအတွက် ပဏာမအဖြစ် သဘောတူ ညီလက်မှတ် ရေးထိုး ခဲ့ကြပြီး ဒုတိယအကြိမ်အဖြစ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ ထပ်မံပြုလုပ်ဖို့ သဘောတူညီခဲ့ကြတာ ဖြစ်ပါ တယ်။



 http://www.burmavjmedia.net/?p=20082

March 22, 2013

KIA တပ်ရင်း ၈ နယ်မြေသို့ အစိုးရစစ်တပ် လှုပ်ရှားလာသောကြောင့် KIA စတင်ပစ်ခတ်

KIA Battalion 8
KIA တပ်ရင်း ၈ စစ်သားများနဲ့ ၎င်းတို့ ဖမ်းမိတဲ့ မြန်မာအစိုးရ စစ်သားတဦး။
ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၈ နယ်မြေတွင် ယမန်နေ့ အစိုးရတပ်များလှုပ်ရှားလာသောကြောင့် KIA  စတင်ပစ်ခတ်ခဲ့ရာ ၁ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲသည် မတ်လ ၂၁ ရက် ယမန်နေ့ ညနေပိုင်း ၄ နာရီ ၂၅ မိနစ်မှ ၅ နာရီခွဲထိ KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၈ နယ်မြေ နမ်ဖတ်ကာ (Nampaka) ဒေသ မဂွေဘော်ဘွမ်တောင် (Magwi Baw Bum)တွင် ပစ်ခတ်ခဲ့ခြင်းဖြစ် သည်။
အဆိုပါပစ်ခတ်မှုသည် KIA တပ်ဖွဲ့များနေရာယူထားသည့် နေရာသို့ အစိုးရတပ်ဖွဲ့များ ထိုးစစ်ဆင် ၀င်ရောက်လာခြင်းကြောင့် KIA ဘက်မှစတင်ပစ်ခတ်လိုက်ခြင်းဖြစ်သည်ဟု တပ်မဟာ ၄ မှ အမည်မဖော်လိုသူ အထက်ပိုင်း KIA အရာရှိတစ်ဦးပြောသည်။
“မဂွေဘော်ဘွမ်မှာ ကျနော်တို့နေတဲ့နေရာမှာ အစိုးရတပ်ဖွဲ့တွေရောက်လာတယ်။ ထိပ်တိုက်ကိုဖြစ်သွားလို့ ပစ်လိုက်တာ။ သူတို့အင်အား ရ၀ ကျော်တယ်။ သူတို့က ပစ်ခတ်တော့မလိုလိုနဲ့ နေရာတိုင်းမှာကို လှုပ်ရှာနေတယ်”
အဆိုပါ မဂွေဘော်ဘွမ်နေရာတဝိုက်သည် ကျောက်မီးသွေးထွက်ရာနယ်မြေဖြစ်သောကြောင့် အစိုးရတပ်များမှ သိမ်းပိုက်လိုခြင်းဖြစ်သည်ဟု ဒေသခံများကလည်းသုံးသပ်နေကြသည်။
အစိုးရတပ်ဖွဲ့သည် မုန်မောင်နယ် နမ်ခိုင်းပါ (Mung Mau ginra Nam Hkai Pa) ဘက်မှတက်လာသော ခလရ ၁၃၀ နှင့် ခမရ ၅၀၄ တပ်ဖွဲ့များဖြစ်ပြီး KIA ဖက်မှ အင်အား ၅၀ ခန့်ရှိသည့် တပ်ရင်း ၈ တပ်ဖွဲ့များနှင့် ရင်ဆိုင်ပစ်ခတ်ခဲ့ချိန် အစိုးရဘက်မှ ၈ ဦးကျဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု KIA အရာရှိကပြော ဆိုခဲ့သည်။
အဆိုပါတိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုနှင့်ပတ်သက်၍ သီးခြားအတည်ပြုချက်မရနိုင်သေးပါ။ တိုက်ပွဲဖြစ်ပွားပြီးနောက် အစိုးရတပ်ဖွဲ့များမှာ မုန်ဝွေ (Mung Wwi)ဘက်သို ပြန်လည်နောက်ဆုတ်သွားကြောင်း သိရသည်။
ယမန်နေ့ မနက်ပိုင်း ၁၁ ချိန်တွင်လည်း နမ်ဖတ်ကာဒေသ KIA တပ်ရင်း ၈ နယ်မြေ  ငေါ့ငါး (Ngaw Nga) ဆိုသည့် ပလောင်ကျေးရွာတွင် မုန်းယူး (Mung Yu)မှတက်လာသော အစိုးရတပ်ဖွဲ့များနှင့်  ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တပ်ဖွဲ့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယခုချိန် ရှမ်းပြည်မြောက်ပိုင်း နမ်ဖတ်ကာခရိုင် KIA တပ်ရင်း ၈ နယ်မြေတွင် ပလောင် (TNLA) တပ်ဖွဲ့များ၊ ရှမ်းတပ်ဖွဲ့များ၊ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ဖွဲ့များ စသည့်တပ်ပေါင်းစုများ နေရာယူရှိနေကြောင်း သိရသည်။

http://kachinnews.com/burmese/news/1056-kia-%E1%80%90%E1%80%95%E1%80%B9%E1%80%9B%E1%80%84%E1%80%B9%E1%80%B8-%E1%81%88-%E1%80%94%E1%80%9A%E1%80%B9%E1%80%B1%E1%80%BB%E1%80%99%E1%80%9E%E1%80%AF%E1%80%AD%E1%82%94-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%85%E1%80%85%E1%80%B9%E1%80%90%E1%80%95%E1%80%B9-%E1%80%9C%E1%82%88%E1%80%95%E1%80%B9%E1%80%9B%E1%80%BD%E1%80%AC%E1%80%B8%E1%80%9C%E1%80%AC%E1%80%B1%E1%80%9E%E1%80%AC%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B7-kia-%E1%80%85%E1%80%90%E1%80%84%E1%80%B9%E1%80%95%E1%80%85%E1%80%B9%E1%80%81%E1%80%90%E1%80%B9.html

March 21, 2013

မြေမြှုပ်မိုင်းတွေ ရှင်းလင်းပေးဖို့ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ တိုက်တွန်း

ကချင်စစ်ဘေးဒုက္ခသည်တွေ ပြန်ပြီးအခြေချနေထိုင်မယ့် နေရာတွေအနီးမှာ မြေမြှုပ်မှိုင်းတွေ ရှိနေသေးတာတွေကို အစိုးရနဲ့ KIA နှစ်ဖက်စလုံးက အမြန်ဆုံးရှင်းလင်းပေးဖို့ ရန်ကုန်ကနေ လိုင်ဇာမြို့ကို ငြိမ်းချမ်းရေး လမ်းလျှောက်ခဲ့သူတွေက တိုက်တွန်းလိုက်ပါတယ်။

မြစ်ကြီးနားမြို့ကနေ လိုင်ဇာမြို့ကိုသွားတဲ့ လမ်းတလျှောက်မှာ မြေမြှုပ်မိုင်းတွေ တွေ့ခဲ့ရတာကြောင့် အခုလို တိုက်တွန်းတာလို့ ငြိမ်းချမ်းရေး လမ်းလျှောက်ရာမှာပါဝင်တဲ့ ကိုစည်သူက RFA ကို ပြောပြပါတယ်။

"ကျွန်တော်တို့သွားတဲ့အချိန်ထိကို မိုင်းတွေတွေ့ခဲ့တယ်၊ အဲ့မိုင်းက ကားမိုင်း၊ တိုက်မိုင်း လေး၊ ငါးမျိုးလောက် တွေ့ခဲ့တယ်ခင်ဗျ၊ ကျွန်တော်တို့ မမြင်ဖူးတဲ့ပုံစံမျိုး၊ ဥပမာ စတီးချိုင့်ထဲမှာ ထောင်ထားတဲ့ဟာမျိုး၊ ထမင်းဘူးလို ကော်ဗူးကြီးထဲမှာရှိတဲ့ မိုင်းမျိုး၊ အဲ့ဒီလိုမိုင်းတွေ မိုင်းတွေတွေ့တာတော့ အစုံမြင်ခဲ့တယ်ခင်ဗျ၊ KIA ဘက်မှာလည်း ထိုနည်း၄င်းပဲဗျ၊ KIA ဘက်မှာလည်း ထိုနည်း၄င်းပဲဗျ၊ ကျွန်တော်တို့သွားတဲ့အခါမှာလဲ ကျွန်တော်တို့တွေရဲ့ လက်ကိုင်ဖုန်းတွေဆို ပိတ်ပေးခဲ့ရတယ်ခင်ဗျ၊ ဘာကြောင့်လဲဆို ကျွန်တော်တို့လက်ကိုင်ဖုန်းတွေရဲ့ Wave တွေနဲ့ဆို ပေါက်မှာစိုးလို့ဆိုပြီး လိုင်ဇာမြို့အဝင်နားလောက်ထိကို ကျွန်တော်တို့ ဖုန်းတွေ ပိတ်ပြီးသွားခဲ့ရတယ်၊ ဒီမြေမြှုပ်မိုင်းတွေကို စစ်တပ်ဘက်ကပဲထောင်ထောင် KIA အဖွဲ့ကပဲထောင်ထောင် တာဝန်ရှိသူတဲ့သူနှစ်ဘက်လုံးက ဒါတွေကို အရှင်းလင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးရမယ်"
လမ်းလျှောက်အဖွဲ့ဟာ သူတို့ကိုင်ဆောင်လာတဲ့ ငြိမ်းချမ်းရေးအလံကို KIO အဖွဲ့ကို ပေးအပ်ခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်လို့ ဆိုပါတယ်။
ဒီအဖွဲ့ဟာ လိုင်ဇာမြို့ကနေ မြစ်ကြီးနားမြို့ကို မနေ့က ပြန်လည်ရောက်ရှိခဲ့ပါတယ်။

ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ လိုင်ဇာမှ ပြန်လည် ထွက်ခွာ

ချင်းမိုင်(မဇ္စျိမ)။   ။ ကိုရန်နိုင်ထွန်း ဦးဆောင်သော ကချင်ပြည်နယ် ငြိမ်းချမ်းရေးခရီးရှည် လမ်းလျှောက်သည့်အဖွဲ့
သည် ယနေ့ နံနက် ၉ နာရီစတင်၍ လိုင်ဇာမြို့မှ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြောသည်။

မတ်လ ၁၈ ရက်နေ့က လမ်းလျှောက်အဖွဲ့မှ သံဃာ ၁၅ ပါးနှင့် လူ စုစုပေါင်း ၁၃၀ ကျော်သည် လိုင်ဇာမြို့သို့
 ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။

“ဒီမနက် ငြိမ်းချမ်းရေးအလံများ လဲလှယ်ကြပြီးတဲ့နောက် ၉ နာရီလောက်ကနေ ဒီကနေ ထွက်ခွာသွားကြပြီ” ဟု KIO မှ ကြိုဆိုရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆား ၏ ကိုယ်ရေးအရာရှိ ကိုခမ်းအောင် က ပြောသည်။

အခြား ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့တခုဖြစ်သည့် ကိုစည်သူ ဦးဆောင်သော လူ ၂၀ ကျော်မှာ ယမန်နေ့က
 ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။

လိုင်ဇာမြို့ရှိ စစ်ပြေးဒုက္ခသည်များအား မတ်လ ၂၀ ရက်နေ့က ကြည့်ရှုလေ့လာပြီး KIO ၏ ဒုက္ခသည်များ ကူညီရေး တာဝန်ရှိသူထံ တရုတ်ယွန်ငွေ ၁ သိန်း ၆ သောင်း (သိန်း ၂၄၅) ကျော်နှင့် ကျပ်ငွေ ၁၀ သိန်း ပေးအပ် လှူဒါန်းခဲ့
သည်ဟု ကိုခမ်းအောင် က ပြောသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့က ရန်ကုန်မြို့မှ  တလကျော်ကြာ ချီတက်ခဲ့ရာ လမ်းတလျှောက်မှ အလှူရှင်များ၏ ကူညီထောက်ပံ့ပေးသော အလှူငွေများကို စစ်ပြေး ဒုက္ခသည်များအား ပြန်လည် လှူဒါန်းလိုက်ခြင်း ဖြစ်သည်

http://www.mizzimaburmese.com/news/breaking-newsbrief/11169-2013-03-21-09-25-59.html

March 20, 2013

စစ်ပြေးဒုက္ခသည်နေအိမ် ဆောက် လုပ်ရေး အကူအညီလိုအပ်နေသေး

မတ်လ ၂၀ရက်၊ ၂၀၁၃ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)
အိုင်ဒီပီများ နေထိုင်ရန် ဆောက်လုပ်ထားသော အိမ်ခြေ
အိုင်ဒီပီများ နေထိုင်ရန် ဆောက်လုပ်ထားသော အိမ်ခြေ
တောင်ငူခရိုင် သံတောင်ကြီးမြို့အရှေ့ဘက်ခြမ်းတွင် စစ်ကြောင့် နေရပ်ရွာမှ ထွက်ပြေးပုန်းရှောင်နေ ရသော ပြည်တွင်းဒုက္ခ သည် (IDP)များ နေထိုင်ရန် အတွက် NRC – Norwegian Refugee Council မှ အိမ်များ ဆောက်လုပ်ပေးလျက်ရှိရာ အကူ အညီများ လိုအပ်လျက်ရှိနေသေးသည်ဟု ၎င်းတို့အား ကူညီပေးနေသော ခရစ်ယာန်နှစ်ချင်း သင်းအုပ်ဆရာက ကေအိုင်စီသို့ ပြောသည်။ “သူတို့တွေအတွက် NRC က အိမ်ဆောက်ပေးပါတယ်။ အိမ်သာလည်း ပါပါတယ်။ အခြားသာသနာပြုအဖွဲ့တွေ NGO တွေ လည်းလာတော့ ကြည့်ထားပါတယ်။ စစ်ကြောင့် ပြေးလွှားနေရတော့ သူတို့ကို ကျန်းမာရေး၊ ပညာရေး စတဲ့ ပညာပေးမှုတွေ အများကြီး လုပ်ရဦးမှာပါ။”ဟု ၎င်းသင်းအုပ်ဆရာစောနေသားက ဆက်လက် ပြောဆိုသည်။
သံတောင်ကြီးမြို့နယ်အတွင်း IDP ရွာပေါင်း (၁၆)ရွာရှိပြီး အိမ်ထောင်စု ၆၀၀ကျော်နှင့် လူဦးရေ စုစုပေါင်း ၃၀၀၀ကျော်ရှိရာ ယခုအချိန်တွင် NRC မှ အိမ်ထောင်စု ၂၅စုအတွက် လူနေအိမ် ၂၅လုံး ဆောက်လုပ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။
“IDP ဒေသက အမျိုးသမီးတွေဟာ မီးဖွားတာကအစ သစ်ပင်တွေအောက်၊ တောကြား တောင်ကြားမှာ ဖွားကြရတာလေ။ သူတို့ အချင်းချင်း ကူညီပြီး လုပ်ဆောင်ခဲ့ကြတာပါ။ ကျမတို့ဘက်ကလည်း ဘယ်လိုကူညီနိုင်မလဲ စဉ်းစားနေပါတယ်။”ဟု ထိုဒေသရှိ ကရင်အမျိုးသမီးများအတွက် Learning Centre ဖွင့်လှစ်ပေးထားသော KWEG ဒါရိုက်တာ နော်စူစဲနာလှလှစိုးက ပြောသည်။
Internal Displace People – IDP များမှာ ယခင်က သောက်ရေခပ်ချောင်း အနောက်ဘက်ကမ်းတွင် နေထိုင်ခဲ့ကြပြီး အစိုးရနှင့် KNU တို့၏ ထိုးစစ်ဖြစ်ပွားရာ နေရာဖြစ်သောကြောင့် တောထဲတွင် အုပ်စုလိုက် လှည့်လည်နေထိုင်ခဲ့ကြရသလို အချို့မှာ ထိုင်း နိုင်ငံဘက်ရှိ မယ်ရာမိုဒုက္ခသည်စခန်းနှင့် သံလွင်မြစ်ကမ်းနံဘေးရှိ အီတိုးထာ့ ပြည်တွင်းဒုက္ခသည်စခန်းများသို့ သွားရောက်နေ ထိုင်ကြရသည်။
“ကျမတို့က စစ်မတိုက်တော့ဘူးဆိုရင်် ကိုယ်နေခဲ့တဲ့ ရွာမှာပဲ နေချင်ပါတယ်။ ရွာမှာနေတုန်းက ဟင်းသီးဟင်းရွက်၊ ငါးတွေ ပုဇွန် တွေ ၀ယ်မစားရဘူး။ တောထဲသွားခူးလို့ ရတယ်လေ။ အခုက အကုန် ၀ယ်စားနေကြရတယ်။ လက်ဖက်ခူးတဲ့အလုပ်ပဲ ရှိပြီး တစ်ပိဿာမှ ၂၅၀ကျပ်ပဲ ရတာလေ။ အိမ်တော့ ကောင်းကောင်းနေရပါတယ်။”ဟု ကမူဒိုရွာသူ နော်အိုခူဖဲ ၄၀နှစ်က ပြောသည်။
၁၉၉၇ခုနှစ်၊ ဧပြီလ ၁၅ရက်နေ့မှစ၍ ကရင်ပြည်နယ်၊ သံတောင်အရှေ့ဘက်ခြမ်းတစ်လျှောက်ရှိ ရွာများအား အစိုးရစစ်တပ်မှ မီးရှို့သဖြင့် ရွာသူရွာသားများမှာ မိမိတို့ရွာကို စွန့်ခွာ၍ တောတောင်ထဲတွင် လှည့်ပတ်ရှောင်ပုန်းက နေထိုင်ခဲ့ကြရသည်။

http://www.kicnews.org/?p=16171

ဦးအောင်မင်းနှင့် PNLO ရန်ကုန်မြို့မှာ ဆွေးနွေးမည်

ချင်းမိုင်(မဇ္စျိမ)။   ။ အပစ်အခတ် ရပ်စဲဖြစ်ပြီးသော ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ PNLO နှင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ မတ်လ ၂၂ နှင့် ၂၃ ရက်နေ့များတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမည် ဖြစ်သည်။

ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေးစင်တာတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် PNLO ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့တို့
ဆွေးနွေးမည်ဟု ဗိုလ်မှူးကြီး က ပြောသည်။

“ကျနော်တို့ ပြည်ထောင်စုအဆင့် တွေ့ဖို့ ရှိတယ်။ ဦးကြီး ဦးအောင်မင်းဆီက ဖိတ်စာရောက်လာလို့ ကျနော်တို့ ထွက်လာတာ။ သူတို့ အစိုးရဘက်က လာကြိုတယ်။ ခု သထုံရောက်ပြီ။ မနက်ဖြန် ရန်ကုန်ဝင်မယ်။ ကိုယ်စားလှယ် ၁၅ ယောက် တက်မယ်။ ၅ ယောက်က ရန်ကုန်မှာ ရောက်နေပြီ” ဟု PNLO ဥက္ကဋ္ဌ က မဇ္စျိမကို ပြောသည်။

ထိုဆွေးနွေးပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေရသဖြင့် ယနေ့ လားရှိူးမြို့တွင် စတင်ကျင်းပနေသော ရှမ်းနှင့်ကယား ပါတီအဖွဲ့အစည်းများ ညီလာခံသို့ တက်ရောက်နိုင်ခြင်း မရှိကြောင်း သူက မဇ္စျိမကို ပြောသည်။

PNLO သည် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် ထိုင်းနိုင်ငံတွင် အလွတ်သဘော နှစ်ကြိမ် တွေ့ဆုံပြီးနောက် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့က ပြည်နယ်အဆင့် ပထမဆုံးအကြိမ် အပစ်အခတ် ရပ်စဲရေးသဘောတူ လက်မှတ်ရေးထိုးခဲ့ သည်။

သဘောတူညီချက်အရ PNLO ၏ ဆက်ဆံရေးရုံးများကို ရှမ်းပြည်နယ်ရှိ တောင်ကြီး၊ မောက်မယ်နှင့် ဆီဆိုင်မြို့များတွင် ဖွင့်လှစ်ရန် သဘောတူခဲ့ပြီး မွန်ပြည်နယ်ရှိ သထုံမြို့တွင် ဆက်ဆံရေးရုံး ဖွင့်လှစ်ရန် ဆွေးနွေးပွဲတွင် ညှိနှိုင်းသွားရန် ရှိသည်။

ထို့ပြင် အပစ်အခတ် ရပ်စဲမှု ခိုင်မာရေး၊ နှစ်ဖက် တပ်ဖွဲ့ဝင်များ လိုက်နာရမည့် စည်းကမ်းချက်များ သတ်မှတ်နိုင်ရေး၊ ဆက်ဆံရေးရုံး လုပ်ငန်း လည်ပတ်နိုင်ရန်အတွက် ကူညီပံ့ပိုးရေး၊ PNLO/PNLA တပ်ဖွဲ့ဝင်များ၏ တပ်တည်နေရာ ညှိနှိုင်းရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရေး စသည်တို့ကို ဆွေးနွေးရန် သဘောတူ ထားကြပြီး ဖြစ်သည်။

PNLO ကို ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြုလုပ်သည့် ပအိုဝ်း အမျိုးသား ညီလာခံမှ စတင် ဖွဲ့စည်းခဲ့ပြီး ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ်တွင် လှုပ်ရှားလျက် ရှိကာ လက်နက်ကိုင် တပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော် ရှိကြောင်း သိရသည်။ ထို့အပြင် တိုင်းရင်းသား တန်းအခွင့်အရေး အတွက် ဖွဲ့စည်းထားသော လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ပါ ညီညွတ်သော တိုင်းရင်းသားလူမျိုးများကောင်စီ UNFC တွင် အဖွဲ့ဝင် ဖြစ်သည်။

http://www.mizzimaburmese.com/news/inside-burma/11162--pnlo--.html

အစိုးရနှင့် တိုင်းရင်းသားများအကြား အခြေခံ ယုံကြည်မှုတည်ဆောက်ရန် လိုအပ်ဟုဆို

မြန်မာအစိုးရနှင့် တိုင်းရင်းသားများအကြား အခြေခံ ယုံကြည်မှု မတည်ဆောက်နိုင်လျှင် အချိန်မရွေး ငြိမ်းချမ်းရေး ပျက်ပြယ်သွားနိုင်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ ယနေ့ကျင်းပပြုလုပ်သော ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲတွင် ဦးခွန်ထွန်းဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
တိုင်းရင်းသားအများစု လိုချင်နေကြသည့် ငြိမ်းချမ်းရေး ရရှိသော်လည်း၊ တဦးကိုတဦး ယုံကြည်မှု မတည်ဆောက်နိုင်ကြ သေးကြောင်း၊ အစိုးရကို မယုံကြည်နိုင်သေးသည့်အတွက် စစ်များတိုက်နေ ကြသေးကြောင်း၊ တိုင်းရင်းသားများနှင့် မြန်မာအစိုးရအကြား ယုံကြည်မှုရရှိလာစေရန် ထပ်မံကြိုးစားပြီး ကျန်ရှိနေသေးသည့် တိုင်းရင်းသား များကိုလည်း ပါ၀င်လာနိုင်ရန် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဦးခွန်ထွန်းဦးက ဆိုသည်။
“အခုဆိုရင် သမ္မတကြီးက ပြောတာတမျိုး၊ စစ်တပ်ဘက်က ပြောတာတမျိုးဖြစ်တဲ့အတွက် စစ်ကတော့တိုက်တုန်းပဲ။ ဒီပွဲကြောင့် ဘယ်လောက်အကျိုး ရရှိလာမယ်ဆိုတာကိုတော့ မမျှော်လင့်နိုင်သေးဘူး။ ယုံကြည်မှု တည်ဆောက်ရင်တော့ ကြာမှာပဲ” ဟု ဦးခွန်ထွန်းဦးက ဆက်ပြောသည်။
ယနေ့ကျင်းပသည့် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှုတည်ဆောက်ခြင်း အခမ်းအနားတွင် နိုင်ငံရေးအရ ရပ်တည်ချက် အမျိုးမျိုး ရှိကြကြောင်း၊ တိုင်းရင်းသား အဖွဲ့အစည်းအားလုံးသည် မိမ်ိ သဘောထားအမြင်များကို ဖလှယ်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အဖြေရှာရန် တက်ရောက်လာကြသည်ကို ကြည့်ပါက လူ့အဖွဲ့အစည်းတွင်း ပဋိပက္ခများနှင့် သဘောထား မတူညီမှုများကို ငြိမ်းချမ်းစွာ အဖြေရှာကြနိုင်မည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းက ယင်းဆွေးနွေးပွဲတွင် ပြောကြားသည်။
“မြန်မာနိုင်ငံမှာ နှစ်ရှည်လများ ခံစားလာခဲ့ရသည့် ပြည်တွင်းစစ်ရပ်စဲဖို့ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် အတွက် ကြိုးပမ်နေတဲ့ လုပ်ငန်းစဉ်မှာ ဒီနေ့ ဆွေးနွေးပွဲကနေ အတိုင်းအတာ တခုအထိ အကျိုးပြု၊ အထောက်အကူ ပြုလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု နိုင်ငံရေး ပါတီများကိုယ်စား စည်းလုံးညီညွတ်သော တိုင်းရင်းသားများ မဟာမိတ် အဖွဲ့မှ အဖွဲ့ဝင် ကိုယ်စားပြု ဦးအေးသာအောင်က ဆိုသည်။
ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်သာမက တိုင်းရင်းသားအားလုံး၊ နိုင်ငံရေးပါတီအားလုံး ပါ၀င်လာပြီး ယခုထက် ကျယ်ပြန့်သည့် ဆွေးနွေးပွဲမျိုး ဖြစ်ပေါ်လာရန်လိုအပ်ကြောင်း၊ ထို့အပြင် လွှတ်တော် အစိုးရပါ၀င်သည့် ဆွေးနွေးပွဲကိုလည်း အထောက်အကူ ပြုလိမ့်မည်ဟု ယုံကြည်ကြောင်း ဦးအေးသာအောင်က ဆွေးနွေးပွဲတွင် ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ရမည့် ဥပဒေများစွာရှိနေကြောင်း၊ စာအုပ်အဖုံးကအစ ပြင်သင့်ကြောင်း
ဦးခွန်းထွန်းဦးက ဆွေးနွေးပွဲ အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။
“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မလား၊ အားလုံးဖျက်ပစ်ပြီး အသစ်ပြန်ရေးဆွဲမလား ဆိုတာ ပြည်သူလူထု တရပ်လုံးရဲ့ သဘောတူ ထောက်ခံမှုနဲ့ ဆောင်ရွက်ရမှာပါ။ ပြင်ဆင်မလား၊ အသစ်ပြန်ဆွဲမလား ပြင်ဆင်စရာတွေက များလွန်းတော့ စာအုပ်အဖုံးက စပြီး ပြင်ရမှာပါ” ဟု ၎င်းက ပြောသည်။
ယုံကြည်မှု တည်ဆောက်ခြင်း ပထမအဆင့်ကို ၂၀၁၂ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့ပြီး ရှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီများ၊ လက်နက်ကိုင် အင်အားစုများ၊ လှုမှုအဖွဲ့အစည်းများကို ဖိတ်ကြားခဲ့သည်။ ယခု ဒုတိယ အဆင့်တွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် အတွင်းရှိ လက်နက်ကိုင် အဖွဲ့ ၂၁ ဖွဲ့နှင့် ဆွေးနွေးပွဲကို လေ့လာသူ အနေဖြင့်  ၁၈ ဖွဲ့ကို ဖိတ်ကြားခဲ့ကြောင်း၊ ပျက်ကွက်အနေဖြင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီဗဟို အဖွဲ့ချုပ်နှင့် “၀”
ဒီမိုကရက်တစ်ပါတီတို့ ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ပြည်ထောင်စုအတွင်းရှိ တခြားတိုင်းရင်းသား နိုင်ငံရေး အင်အားစုများကို ဖိတ်ခေါ်ကာ မြန်မာနိုင်ငံတွင် ထာဝရ ငြိမ်းချမ်းရေး အမှန်တကယ် ရရှိစေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက်လာသူ များက ဆိုကြသည်။
သမ္မတ ဦးသိန်းစိန်က ဦးခွန်ထွန်းဦးကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်းခေါ်ယူ တွေ့ဆုံခဲ့ပြီး ပြည်တွင်း ငြိမ်းချမ်းရေး
ရေရှည် တည်တံ့ရန်နှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသား ခေါင်းဆောင် တဦး အနေနှင့် ဝိုင်းဝန်း လုပ်ဆောင်ပေးရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

http://burma.irrawaddy.org/archives/36076

SSA တောင်ပိုင်း တပ်စခန်း အစိုးရတပ် ထပ်ရွှေ့ခိုင်း

ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း တပ်ဖွဲ့ဝင်များ အခြေစိုက် လှုပ်ရှားနေသည့် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းထမြို့နယ်ခွဲရှိ လွိုင်မို့နန်းလျန်း တပ်စခန်းကို ယနေ့ နောက်ဆုံးထားပြီး ဆုတ်ခွာပေးရန် အစိုးရ စစ်တပ်က အကြောင်းကြားထားကြောင်း သတင်းရရှိသည်။
ယင်း လွိုင်မို့နန်းလျန်း တပ်စခန်းကို အစိုးရ တြိဂံတိုင်း စစ်ဌာနချုပ်မှ ဒု တိုင်းမှူး အဆင့်ရှိသူတဦးက ပြီးခဲ့သည့် တပတ်က အကြောင်းကြားထားကြောင်း၊ ၎င်းတို့၏ တပ်စခန်း အနီးအနားတွင် အစိုးရတပ် စစ်အင်အားလည်း တိုးချဲ့ထားကြောင်း SSA တောင်ပိုင်းမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဧရာဝတီသို့ ပြောသည်။
မတ်လ ၁၁ ရက်နေ့ကလည်း ရှမ်းပြည်နယ် တောင်ပိုင်း လင်းခေးခရိုင် ဟိုမိန်းမြို့နယ်ခွဲရှိ လွိုင်လျန်း တပ်စခန်းတခုမှ ဆုတ်ပေးရန် ပြောဆိုခဲ့သေးကြောင်း၊ ရှမ်းပြည်နယ်အစိုးရ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူ၏ တောင်းဆိုမှုကြောင့် ဆုတ်ပေးခဲ့ရပြီးနောက် လွိုင်မို့နန်းလျန်း တပ်စခန်းကို ထပ်မံ ဆုတ်ပေးရန် တောင်းဆိုလာခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“စခန်းကို မဖယ်ပေးဘူးဆိုရင် ပစ်မယ့် သဘောရှိတယ်။ ဒါပေမယ့် ဒီကိစ္စကိုတော့ သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုက္ကဌ ဦးအောင်မင်းဆီကို အကြောင်းကြားထားတယ်” ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဆက်ပြောသည်။
တပ်စခန်းများ ဆုတ်ခွာပေးရေးနှင့် ပတ်သက်၍ လတ်တလော တောင်ကြီးမြို့တွင် ဖွင့်လှစ်ထားသည့် SSA တောင်ပိုင်း ဆက်ဆံရေးရုံး တာဝန်ရှိသူများမှ တဆင့် ဦးအောင်မင်းထံ အကြောင်းကြားထားသော်လည်း အကြောင်းပြန်ခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။
SSA တောင်ပိုင်း တပ်ဖွဲ့ဝင်များ ဆုတ်ပေးထားသည့် လွိုင်လျန်း တပ်စခန်းကိုလည်း အစိုးရတပ်များက ယခုလ ၁၅ ရက်နေ့မှ စတင်၍ ၂ ရက်ကြာ လက်နက်ကြီးသုံး၍ ပစ်ခတ်ခဲ့သည်ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောသည်။
“ကျနော်တို့ ဆုတ်ပေးပြီးပါပြီ။ ဆုတ်ပေးပေမယ့်လည်း အဲဒီတောင်ကုန်းကို သွားပြီး ပစ်နေတယ်။ သွားမနေရဲလို့လား၊ ဒါမှမဟုတ် တိုက်ပွဲဖြစ်အောင် ဖန်တီးနေတာလား မသိဘူး။ လက်နက်ကြီးနဲ့ ပစ်နေတာ ၂ ရက်လောက်ရှိပြီ” ဟု ၎င်းက ဆိုသည်။
SSA တောင်ပိုင်း တပ်ဖွဲ့ဝင်များ အနေနှင့် ပြန်လည် ခုခံတိုက်ခိုက်ခြင်း မပြုလုပ်ကြောင်း၊ အစိုးရဘက်မှ ဟိုမိန်းမြို့နယ်တွင် လှုပ်ရှားနေသည့် အစိုးတပ်ရင်း ၂ ရင်းနှင့် ဟိုမိန်း ပြည်သူစစ် တပ်ဖွဲ့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း စိုင်းလောင်ဆိုင်းက ပြောသည်။
ယမန်နေ့က လားရှိုးမြို့တွင် တိုင်းရင်းသား ညီလာခံ အစည်းအဝေး တက်ရန် ရောက်ရှိနေသည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုက္ကဌ ဦးအောင်မင်းက ရှမ်းပြည်တွင် အပစ်အခတ် ရပ်စဲထားသည့် SSA တောင်ပိုင်း တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားရခြင်းမှာ နယ်မြေ မခွဲခြားရသေးသောကြောင့် ဖြစ်သည်ဟု ပြောသည်။
ယင်း ကိစ္စများအတွက် ရှမ်းတိုင်းရင်းသား လက်နက် အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားကြောင်းလည်း ၎င်းကဆိုသည်။
အစိုးရတပ်များ၏ နေရာရွှေ့ပြောင်းရန် တောင်းဆိုခံရသော အဆိုပါနေရာများသည် SSA တောင်ပိုင်း တပ်ဖွဲ့များ ဌာနချုပ်အဖြစ် ထားရှိရန် အစိုးရနှင့် သဘောတူညီချက်တွင် ပါရှိကြောင်း သိရသည်။
စိုင်းလောင်ဆိုင်းက “ဒီ ၂ နေရာဟာ ကျနော်တို့ကို ဗဟိုဌာနချုပ် အဖြစ် သူတို့က ပေးမယ် ဆိုပြီးတော့ ပြောထားတယ်၊ အခုတော့ မပေးဘဲ တိုက်နေတယ်” ဟု ပြောသည်။
လတ်တလောတွင် စစ်ရေးအရ တင်းမာနေသော်လည်း နှစ်ဖက် ရင်ဆိုင်တိုက်ပွဲဖြစ်မည့် အခြေအနေများ မရှိကြောင်း၊ SSA တောင်ပိုင်း အနေနှင့် အတတ်နိုင်ဆုံး ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အစိုးရနှင့် SSA တောင်ပိုင်းတို့အကြား ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့က ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိပြီး နောက်ပိုင်း တိုက်ပွဲပေါင်း ၅၀ ကျော် ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအများစုမှာ နယ်မြေကျွံမှုများ ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများသည် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော အဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းတို့ ဖေဖော်ဝါရီလအတွင်း နောက်ဆုံး နှစ်ဘက် အပစ်ခတ်ရပ်စဲရေး ကိစ္စများ ဆွေးနွေးပြီးနောက်ပိုင်း စစ်ရေးတင်းမာမှု ပြန်လည် ဖြစ်ပေါ်ခြင်းဖြစ်သည်။

http://burma.irrawaddy.org/archives/35995

တန်းတူညီရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖွဲ့စည်းပုံကိစ္စ တိုင်းရင်းသားတွေ ဆွေးနွေး

shan-kayar-305.jpg
လားရှိုးမြို့မှာကျင်းပတဲ့ ရှမ်းနဲ့ ကယားပြည်နယ် ယုံကြည်မှု တည်ဆောက်ရေး ပထမနေ့ဆွေးနွေးပွဲတွင်တွေ့ရ တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပုံ
photo: RFA/ Nay Thwae
မြန်မာပြည်တွင်း ငြိမ်းချမ်းရေး မရရှိသေးတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အားနည်းချက်ကြောင့်ဖြစ်တယ်လို့ လားရှိုးမြို့မှာကျင်းပနေတဲ့ ရှမ်းနဲ့ ကယားပြည်နယ် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရေး ပထမနေ့ဆွေးနွေးပွဲမှာ တိုင်းရင်းသား ခေါင်းဆောင်တွေက သဘောထားပေးကြကြောင်း သိရပါတယ်။
လားရှိုးမြို့မှာ ဒီကနေ့စတင်ဖွင့်လှစ်တဲ့ ဆွေးနွေးပွဲကို ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် ကို်ယ်စားပြု နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၂၁ဖွဲ့နဲ့ လေ့လာသူအဖွဲ့ ၁၉ဖွဲ့လောက် တက်ရောက်ဆွေးနွေးနေတာပါ။
တက်ရောက်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ပြည်ထောင်စု တပ်မတော်တစ်ခုတည်ထောင်ဖို့အထိ ဆွေးနွေးတာတွေရှိလာတယ်လို့ ဆွေးနွေးပွဲပြောရေးဆိုခွင့်ရှိသူ ဦစိုင်းလိတ်က RFA  ပြောပါတယ်။
“အဓိက သူတို့လိုအပ်ချက်ကတော့ တန်းတူညီရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုသာ အပြည့်အဝပေးမယ်ဆိုလို့ရှိရင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်ကိုဖြစ်လာရမယ်၊ ပြည်ထောင်စုတပ်မတော် အနေအထားမျိုးကိုတောင် ဖြစ်လာနိုင်ဖို့ သူတို့မျှော်လင့်ထားပြီးသားဆိုတာကို တော်တော်များများတင်ပြသွားကြပါတယ်ခင်ဗျ ”
အခမ်းအနားဖွင့်လှစ်ပွဲမှာ ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းက နိုင်ငံရေးအခြေခံများပါ၀င်တဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုနိုင်ရေးကို ပြောဆိုသွားခဲ့ပါတယ်။
“ဒီလိုယုံကြည်မှုကတဆင့် မိမိတို့တိုင်းရင်းသားအားလုံး ကြိုးပမ်းဆောင်ရွက်နေတဲ့ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး တည်ဆောက်ရေး ပြင်ဆင်မှုအဆင့်ဆင့်ကို တက်လှမ်းနိုင်မှာဖြစ်တယ်လို့လည်း ယုံကြည်ထားပါတယ်၊ မိမိတို့အနေနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းများအနေနဲ့ ရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေးကို အခြေခံပြီး စစ်ပွဲရပ်စဲနိုင်ရေး၊ နိုင်ငံရေးအခြေခံများပါဝင်တဲ့ ငြိမ်းချမ်းရေးစာချုပ်တရပ် ချုပ်ဆိုနိုင်ရေးပဲဖြစ်ပါတယ်၊ ဒီစာချုပ်ကတဆင့် မိမိတို့လူ့အဖွဲ့အစည်းအတွင်းမှာ အရေးတကြီးလိုအပ်နေတဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကိုအခြေခံတဲ့ အမျိုးသားဖြစ်စဉ်တရပ် တည်ဆောက်ရေးကို တက်လှမ်းနိုင်မှာဖြစ်တယ်လို့ အလေးအနက်ယုံကြည်ကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်”
တက်ရောက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေထဲမှာ ၀ပြည်သွေးစည်းညီညွှတ်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS နဲ့ မြောက်ပိုင်း SSPP၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ၊ ကယန်းပြည်သစ်ပါတီ၊ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ချုပ်  ရလလဖစတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ပါ၀င်ပါတယ်။
ရှမ်း၊ ကယားပြည်နယ်ယုံကြည်မှု တည်ဆောက်ရေးဆွေးနွေးပွဲ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကို RFA ၀ိုင်းတော်သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

http://www.rfa.org/burmese/news/shan-kayar-building-truth-first-day-03202013104139.html

March 19, 2013

ရန်ကုန်မြို့မှ လိုင်ဇာမြို့သို့ ငြိမ်းချမ်းရေး လမ်းလျှောက်လာသူများအား လိုင်ဇာလူထုမှ လှိုက်လှဲစွာကြိုဆို

Yan-naing-htun-Yangon-peace-marcher
မတ် ၁၈ ရက်နေ့ ရန်ကုန်မှ လိုင်ဇာသို့ ရောက်လာတဲ့ ကိုရန်နိုင်ထွန်း ဦးဆောင်သော ငြိမ်းချမ်းရေးလမ်းလျှောက်သူများ။
Yan-naing-htun-Yangon-peace-marcher-1
မတ် ၁၈ ရက်နေ့ ရန်ကုန်မှ လိုင်ဇာသို့ ရောက်လာတဲ့ ကိုရန်နိုင်ထွန်း ဦးဆောင်သော ငြိမ်းချမ်းရေးလမ်းလျှောက်သူများ။
ပြည်တွင်းစစ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ ရက်ရှည် လမ်းလျှောက်လာသူများ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာ (Laiza) မြို့သို့ ယမန်နေ့ရောက်ရှိလာရာ ပြည်သူလူထု ၁၀၀ ခန့်မှ ၀မ်းသာအားရကြိုဆိုခဲ့ကြောင်းသိရသည်။
လိုင်ဇာမြို့သို့ မတ်လ ၁၈ ယမန်နေ့ ၃ နာရီခွဲတွင်ရောက်ရှိလာခြင်းဖြစ်ပြီး အဆိုပါ ငြိမ်းချမ်းရေးလမ်းလျှောက်ရေးအဖွဲ့တွင် သံဃာတော် ၁၅ ပါးနှင့် သီလရှင် ၁ ပါး အပါအဝင် လူဦးရေ ၁၂၉ ဦးဖြစ်ပြီး ၄င်းတို့ကို ကြိုဆိုရေးကော်မတီဖွဲ့စည်းကာ လိုင်ဇာပြည်သူလူထုအပြင် KIO များ၊ ကျောင်းသားတပ်မတော် (ABSDF) တာဝန်ရှိသူများမှ ပူးပေါင်းကြိုဆိုခဲ့ကြောင်းသိရသည်။
လိုင်ဇာ (Laiza) ကားကြီးကွင်းတွင် စုရုံးကာ လိုင်ဇာအုပ်ချုပ်ရေးမှူးမှ ကြိုဆိုနှုတ်ခွန်းဆက်စကားဖြင့် ဂုဏ်ပြုပြောဆိုခဲ့ပြီး လမ်းလျှောက်သူအဖွဲ့မှလည်း ၎င်းတို့၏လမ်းလျှောက်ရသည့် ရည်ရွယ်ချက်များကို ပြည်သူများအားပြောပြခဲ့ကြောင်း ပါ၀င်သူများမှ သိရသည်။
“သူတို့ရောက်လာတဲ့အချိန် ဒီက ပြည်သူတွေအပါ အားလုံးပေါင်းပြီး ရိုးရာဝတ်စုံတွေနဲ့ စစ်သားတွေက စစ်ဝတ်စုံတွေနဲ့ တန်းစီပြီးတော့ ဗုံတွေတီးပြီးတော့ ကြိုဆိုတယ်။ ပြီးတော့ လိုင်ဇာကားကြီးကွင်းမှာ မန်ဒတ်ထိုးထားတဲ့နေရာမှာ အားလုံးပြန်စုပြီး ကြိုဆိုနှုတ်ခွန်းဆက်စကားတွေ အပြန်အလှန်ပြောကြတယ်” ဟု လိုင်ဇာအုပ်ချုပ်ရေးမှူး ကရန်နော်အောန် (Kareng Naw Awn) ကပြောသည်။
တိုင်းပြည်လုံးမှာဖြစ်ပျက်နေသည့် ပြည်တွင်းစစ်ကို ရပ်တန့်စေလိုသောအားဖြင့် လက်ရှိတိုက်ပွဲဖြစ်ပွားနေသော ကချင်ပြည်နယ် လိုင်ဇာမြို့ကိုရွေးချယ် လမ်းလျှောက်ရခြင်းဖြစ်ပြီး ထိုသို့ရောက်ရှိလာချိန် လိုင်ဇာပြည်သူများမှ လိုက်လိုက်လှဲလှဲကြိဆိုခြင်းအပေါ် အားရဝမ်းသာမှုရှိသည်ဟု ငြိမ်းချမ်းရေး လမ်းလျှောက် ဦးဆောင်လာသူ ကိုရန်နိုင်ထွန်းကပြောသည်။
“ကချင်ပြည်နယ်ကိုရွေးချယ်ခဲ့တယ်ဆိုပေမဲ့ ကချင်ပြည်နယ်မှာရှိတဲ့ စစ်ပွဲကိုပဲ ရပ်တန့်စေလို့မဟုတ်ပါဘူး။ တိုင်းပြည်လုံးမှာဖြစ်နေတဲ့ ပြည်တွင်းစစ်ကို ရပ်စေချင်လို့ပါ။ စစ်ပွဲကြောင့်ဖြစ်ရတဲ့ စိုးရိမ်ကြောင့်ကြမှုတွေ၊ သောကရောက်မှုတွေကိိုု ပြသဖို့ဟာ ဒီနေ့ကချင်ပြည်နယ်မှာရှိနေတဲ့အတွက် ကချင်ပြည်နယ်ကိုကျနော်တို့ ရွေးချယ်ခဲ့တာပါ။ ဒီကိုရောက်တော့ ကျနော်တို့ကို လိုက်လိုက်လှဲလှဲကြိုဆိုခဲ့ပါတယ်။ ကျနော်တို့အတွက် အံသြလို့ မကုန်ပါဘူး။ အရမ်းကိုအားရပါတယ်။ တကယ်နွေးထွေးပြီး အားလုံးငြိမ်းချမ်းရေးကိုလိုလားတဲ့ ပြည်သူတွေလို့မြင်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တွန်းအားတစ်ခုတော့ ပေးနိုင်ပါပြီလို့ ကျနော်တို့ယုံကြည့်ပါတယ်”
၎င်းတို့အဖွဲ့သည့် ငြိမ်းချမ်းရေးလိုလားသူ လူငယ် ၁၀ ဦးမှ စတင်စည်းရုံးကာ ရန်ကုန်မြို့မှ ဇန်နဝါရီလ ၂၁ ရက်နေ့စတင်ထွက်ခွာချိန် လူဦးရေ ၂၈ ဦးဖြင့်စတင်ထွက်ခွာခဲ့ပြီး လမ်းတစ်လျှောက်မှ လိုင်ဇာမြို့သို့ လူဦးရေ ၁၂၉ ဦးသို့ တိုးလာခြင်းဖြစ်သည်။
ထိုသို့ ရန်ကုန် မြစ်ကြီးနားလမ်းဖြင့် လိုင်ဇာသို့လမ်းလျှောက်လာချိန် လမ်းတွင် ၎င်းအဖွဲ့အတွင်း ကျန်းမာရေး၊ သဘောထားကွဲပြားမှု စသည့်အခက်အခဲများဖြင့် ရင်ဆိုင်ခဲ့ရကြောင်းသိရသည်။
၎င်းတို့အဖွဲ့လမ်းလျှောက်လာစဉ် လမ်းတစ်လျှောက်ရှိပြည်သူများလှူဒါန်းလိုက်သော ကျပ်ငွေ သိန်း ၃၀၀ ကျော် ရှိသည့်အထဲ သိန်း ၁၅၀ ကိုမှု ဖြတ်သွားခဲ့သော မိုးကောင်း၊ မိုးညှင်း၊ မြစ်ကြီးနားမြို့၊ ၀ိုင်းမော်မြို့ စသည့်ဒေသအတွင်းရှိ ဒုက္ခသည်များအတွက်လှူဒါန်းခဲ့ပြီး ကျန်ရှိသော သိန်း ၁၆၀ ကို လိုင်ဇာတဝိုက်ရှိ ဒုက္ခသည်စခန်းများတွင် လှူဒါန်းမည်ဖြစ်ကြောင်း ကိုရန်နိုင်ထွန်းကပြောသည်။
“ကျနော်တို့ ဒီနေ့တော့ ဒီကချင်ရိုးရာနဲ့ ယာဉ်ကျေးမှုဘာသာစကားတွေကို လိုက်လံလေ့လာနေပါတယ်။ မနက်ဖြန်က စစ်ရှောင်ဒုက္ခသည်စခန်းတွေမှာ ပြည်သူလူထုတွေကို အားပေးစကားတွေသွားပြောမှာပါ။ ကျန်တဲ့ငွေကိုလည်း မနက်ဖြန် ဒီလိုင်ဇာတွေမှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ သွားရောက် လှူဒါန်းခဲ့မှာပါ”
၎င်းအဖွဲ့တို့သည် မတ်လ ၂၁ ရက်နေ့တွင် လိုင်ဇာဌာနချုပ်မှ ရန်ကုန်သို့ ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

http://kachinnews.com/burmese/news/1050-%E1%80%9B%E1%80%94%E1%80%B9%E1%80%80%E1%80%AF%E1%80%94%E1%80%B9%E1%80%BB%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%80%99%E1%80%BD-%E1%80%9C%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%87%E1%80%AC%E1%80%BB%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%80%9E%E1%80%AF%E1%80%AD%E1%82%94-%E1%80%BB%E1%80%84%E1%80%AD%E1%80%99%E1%80%B9%E1%80%B8%E1%80%81%E1%80%BA%E1%80%99%E1%80%B9%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8-%E1%80%9C%E1%80%99%E1%80%B9%E1%80%B8%E1%80%B1%E1%80%9C%E1%80%BD%E1%80%BA%E1%80%AC%E1%80%80%E1%80%B9%E1%80%9C%E1%80%AC%E1%80%9E%E1%80%B0%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8-%E1%80%9C%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%87%E1%80%AC%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%99%E1%80%BD-%E1%80%9C%E1%80%AD%E1%80%BD%E1%80%B3%E1%80%80%E1%80%B9%E1%80%9C%E1%80%BD%E1%80%B2%E1%80%85%E1%80%BC%E1%80%AC%E1%81%BE%E1%80%80%E1%80%AD%E1%80%B3%E1%80%86%E1%80%AD%E1%80%AF.html

March 18, 2013

ကရင် လက်နက်ကိုင် ခွဲထွက်အဖွဲ့များ ပေါင်းစည်းရေး KNU ကြိုးပမ်းမည်

ကွဲပြားနေသော ကရင်လက်နက်ကိုင် အဖွဲ့များ ပြန်လည်ပေါင်းစည်းရေး ဦးတည်ဆောင်ရွက်နိုင်ရန် ကရင် အမျိုးသား အစည်းအရုံး (KNU)က ကော်မတီတခု ဖွဲ့စည်းပြီး ဖြစ်ကြောင်း သိရှိရသည်။
“ကွဲပြားနေသော ကရင် လက်နက်ကိုင်အဖွဲ့များ ပေါင်းစည်းရေး ကော်မတီ”ဟု အမည်ပေးထားသည့် ကော်မတီတွင် ဥက္ကဌ အဖြစ် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်(KNLA)၏ စစ်ဦးစီးချူပ် ဗိုလ်ချုပ် စောဂျော်နီ က တာဝန်ယူထားသည်။
ဖေဖော်ဝါရီ လကုန်ပိုင်းက ဘားအံခရိုင် လေဝါး၌ ကျင်းပခဲ့သည့် KNU ဗဟိုကော်မတီ အစည်းအဝေးပွဲအပြီး နောက်ပိုင်း ယင်း ကော်မတီ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု သိရသည်။
ပြန်လည် ပေါင်းစည်းရေးဟု သုံးနှုန်းထားသော်လည်း မည်သည့်ပုံစံမျိုးဖြစ်မည်ကို မသိရှိနိုင်သေးကြောင်း၊ ရှေ့ဆက် လုပ်ဆောင် စရာ အဆင့်များစွာ ကျန်သေးကြောင်း KNU ဒု ဥက္ကဌ နော်စီဖိုးရာစိန်က ဧရာဝတီသို့ ပြောကြားသည်။
“KNU ဆိုတဲ့အဖွဲ့ အောက်မှာ အဖွဲ့တွေ ပြန်ပေါင်းမလား ဒါမှမဟုတ် တပ်ပေါင်းစုအနေနဲ့ သွားမလားဆိုတာ အဆင့်ဆင့် လုပ်ရဦး မယ်။ အများစုကတော့ KNUရဲ့ ပေါ်လစီ၊ မူသဘောထား ရပ်တည်ချက်ကို လက်ခံမယ့် သဘောထားရှိတယ်”ဟု ၎င်းက ပြော သည်။
ကရင်ပြည်နယ် အတွင်း၌ KNU အပါအဝင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) ၊ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ ၊ နယ်ခြားစောင့်တပ်(BGF)နှင့် ကရင်ငြိမ်းချမ်းရေး တပ်ဖွဲ့(ဟောင်သရော အထူးဒေသ) (KPF)စသည့် လက်နက် ကိုင် အဖွဲ့များ ရှိသည်။
ကရင် လက်နက်ကိုင် အဖွဲ့များသည် နိုင်ငံရေးဦးတည်ချက်များ ကွဲပြားခြင်းကြောင့် KNU မှ ခွဲထွက်သွားသော အဖွဲ့များ ဖြစ်ကြောင်း၊ သို့သော်လည်း ကရင် တမျိုးသားလုံး တန်းတူညီမျှ အခွင့်အရေးရရှိရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် ကြိုးပမ်းနေကြခြင်း ရည်ရွယ်ချက်မှာ တူညီမှု ရှိကြကြောင်း၊ ပြည်နယ်အတွင်း၌ ယခုကဲ့သို့ အဖွဲ့များကွဲပြီး နယ်မြေ သတ်မှတ်ချက်များကြောင့် ကရင် လူထု အနေဖြင့် အခက်အခဲများ ကြုံတွေ့နေရခြင်းကြောင့် ပေါင်းစည်းရေးကို ပြုလုပ်လိုခြင်း ဖြစ်ကြောင်း နော်စီဖိုးရာစိန် က ဆိုသည်။
ယခု ဖွဲ့စည်းလိုက်သည့် ကော်မတီတွင် KNUအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း၊ ယခင်ကလည်း ယခုကဲ့သို့ ကော်မတီ တခု ဖွဲ့စည်း၍ လက်နက်ကိုင် အဖွဲ့များ ပြန်လည် ပေါင်းစည်းရေးကို လုပ်ခဲ့ကြသော်လည်း အောင်မြင်မှု မရှိခဲ့ကြောင်း နှင့် ယခုအကြိမ် ညှိနှိုင်းမှုများ လုပ်မည်ဆိုပါက တပ်များပေါင်းစည်းရေးအား အဓိကထား၍ ပြောဆိုမည် မဟုတ်ဘဲ အမျိုးသားရေးကိုသာ ဦးစားပေး ဆွေးနွေးမည်ဟုလည်း သိရသည်။
“အားလုံးက ကရင်လူမျိုးတွေပဲ အရေးကြီးရင် သွေးစည်းရမှာပဲ၊ ဒီအဖွဲ့တွေကလည်း အရင်တုန်းက KNU ကပဲ”ဟု ဗိုလ်ချုပ် စောဂျောနီ က ပြောသည်။
DKBA အဖွဲ့သည် ၁၉၉၄ ခုနှစ်က KNU မှခွဲထွက်သွားခဲ့ပြီး သီးသန့်အဖွဲ့အဖြစ်ရပ်တည်ခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်၌် ဗိုလ်မှူးကြီး စောချစ် သူဦးဆောင်သည့် DKBA တပ်ဖွဲ့ဝင်များက အစိုးရတပ် လက်အောက်သို့ ၀င်ရောက်ခဲ့ကြပြီး တပ်ရင်း သုံးခုနှင့် နယ်ခြားစောင့်တပ် အဖြစ် ရပ်တည်ခဲ့သည်။ ဗိုလ်မှူးချူပ် စောလားပွယ် ၏ DKBAတပ်များကမူ သီးခြား ဆက်လက် ရပ်တည်နေသည်။
နယ်ခြားစောင့်တပ်များ ဖြစ်သွားသည့် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် တပ်များနှင့် ပေါင်းစည်းရေး ခက်ခဲမည်ဖြစ်ကြောင်း နော်စီဖိုးရာစိန်က  ဆိုသည်။
DKBA ကလိုထူးဘော ကရင်အစည်းအရုံး(KKO)အဖွဲ့ ၏ ပထမ အကြိမ် ညီလာခံအပြီး ထုတ်ပြန်ခဲ့သော ကြေညာချက်၌ KKOသည် KNU အား မိခင်အဖွဲ့အစည်း အဖြစ်ခံယူပြီး ၀န်းရံသည့် အဖွဲ့ဖြစ်သည်ဟု ပါရှိသည်။
KNU/KNLA ငြိမ်းချမ်းရေး ကောင်စီအား ဗိုလ်ချူပ် ထိန်မောင်(ဌေးမောင်)က KNU လက်အောက်မှ ခွဲထွက်၍ ၂၀၀၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး KPF အပါအဝင် တခြားသော လက်နက်ကိုင်အဖွဲ့ငယ်များလည်း ကရင်ပြည်နယ်တွင် ရှိနေဆဲ ဖြစ်သည်။

http://burma.irrawaddy.org/archives/35785

ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ငွေကြေးအကူအညီ ပြည်ပမှ ယူနေရ

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွက် နေပြည်တော်အစိုးရမှ ဘက်ဂျက် ထုတ်ပေးခြင်း မရှိသည့်အတွက် လိုအပ်သည့် အကူညီများကို ဆွေးနွေးပွဲကျင်းပရာ အိမ်ရှင်နိုင်ငံများမှ ယူနေရကြောင်း သိရသည်။
ယင်းသို့ ပြည်ပ အကူညီများ ယူဆောင်နေရသည့် အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တခါတရံ အိမ်ရှင်နိုင်ငံများ၏ စွက်ဖက်ခြင်းများ ခံနေရကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးသူတချို့က သုံးသပ်ပြောဆိုလျှက် ရှိသည်။
မတ်လ ၁၁ ရက်နေ့က ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုအဆင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တရုတ်နိုင်ငံ၏ အစီစဉ်နှင့် တရုတ်ပြည် ရွှေလီမြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ယင်းဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ၏ ၀င်ရောက် စွက်ဖက်မှုကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအချိန် ကြန့်ကြာခဲ့ရကြောင်း ယင်းဆွေးနွေးပွဲသို့ တက်ရောက်သူများက ပြောဆို ခဲ့သည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် နေပြည်တော် အစိုးရဘက်မှ ဘက်ဂျက် လျာထားချက် မရှိကြောင်း၊ သမ္မတကြီး အနေဖြင့် ငြိမ်းချမ်းရေး ရချင်သည့် ပုဂ္ဂိုလ်မှန်လျှင် ငြိမ်းချမ်းရေးအတွက် နိုင်ငံတော် ဘက်ဂျက်ကို ချထားပေးရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးသည် ပြည်တွင်းပြဿနာ၊ ညီအစ်ကို အချင်းချင်း ရန်ဖြစ်ချင်းဟုသာ ပြောပြီး စရိတ်ကို ပြည်တွင်းက မထုတ်ဘဲ ပြည်ပ အကူအညီယူနေခြင်းမှာ မဖြစ်သင့်ကြောင်း၊ ပြည်ပမှ ထည့်ဝင်သူများအနေဖြင့် ၎င်းတို့ ငွေကြေး ပါဝင်သောကြောင့် ဝင်ရောက် စွက်ဖက်လိုကြကြောင်း တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ တွဲဘက် အထွေထွေ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ပြောသည်။
“နေပြည်တော် အစိုးရအနေနဲ့ ပြည်တွင်းမှာလည်း လုပ်ချင်တယ်၊ ဘက်ဂျက်လည်း လုံလုံလောက်လောက် ရှိမယ်ဆိုရင် ဘယ်သူ ၀င်စွက်ဖက်တာမှ ခံနေစရာ မလိုတော့ဘူး။ အခုတော့ သမ္မတက ငြိမ်းချမ်းရေး ဖော်ဆောင်ချင်တယ်လည်း ပြောတယ်၊ ဘက်ဂျက်လည်း မထုတ်ပြန်ဘူးဆိုတော့ စဉ်းစားစရာ ဖြစ်နေပါတယ်” ဟု သူက ဆိုသည်။
သို့ရာတွင်  Myanmar Peace Centerမှ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေကမူ နိုင်ငံတော် ဘက်ဂျက်အနေဖြင့် လျာထားခြင်း ရှိမရှိကို သေသေချာချာ မသိရှိကြောင်း၊ ၎င်းတို့ ကိုယ်တိုင် ယင်းကိစ္စကို မရှင်းလင်းကြောင်း၊ သမ္မတရုံးကသာ အဓိက ကိုင်တွယ်နေခြင်းဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
မတ်လ ၁၁ ရက်နေ့က ကျင်းပသည့် ရွှေလီဆွေးနွေးပွဲတွင် ဆွေးနွေးချိန် ကြာမြင့်လာသည့်အတွက် အစိုးရနှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဘက်မှ ရက်ကူးကာ ဆွေးနွေးချင်သော်လည်း တရုတ်ဘက်မှ ဖိအား ပေးခဲ့သည့်အတွက် ညသန်းခေါင်ယံကျော်သည့် အချိန်အထိ ဆွေးနွေးခဲ့ရကြောင်း သိရသည်။ ဆွေးနွေးပွဲကို မြန်မာစံတော်ချိန် နံနက် ၉ နာရီတွင် စတင်ခဲ့ပြီး ည ၁၂ နာရီကျော်မှသာ ဆွေးနွေးချိန် ပြီးဆုံးခဲ့သည်။
ထို့အပြင် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်တွင်လည်း တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း ထည့်သွင်းခိုင်းရာ ယင်းအချက်ကို ပါ၀င်သင့်၊ မသင့် ဆွေးနွေးတိုင်ပင်နေရသည့်အတွက် အချိန်ပိုမို ကြာမြင့်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးချိန်နှင့် စဉ်းစားဆုံးဖြတ်ချိန်ကို တရုတ်ဘက်မှ ဖိအားပေးသည့် အတွက် ဆွေးနွေးပွဲ စားပွဲဝိုင်းမှ KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ရုတ်တရက် ထထွက်သွားခဲ့ပြီး ၁ နာရီကျော်အကြာ မြန်မာစံတော်ချိန် ည ၁၁ နာရီမှ ဆွေးနွေးပွဲ စားပွဲဝိုင်းသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
တရုတ်အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပါ၀င် ပတ်သက်မှု ရှိမရှိနှင့် ပတ်သက်၍ ဗိုလ်ချုပ်ဂွမ်မော်အား ဧရာဝတီက  မေးမြန်းခဲ့ရာ “တရုတ်အနေနဲ့ ပါ၀င် ပတ်သက်တာတော့ မရှိပါဘူး။ ဒါပေမယ့် သူတို့နဲ့ ပြန်ညှိတဲ့ အပိုင်းလေးတွေတော့ ရှိပါတယ်။ စာချုပ်မှာ ပါ၀င်ပြီး လက်မှတ်ထိုးမလား၊ မထိုးဘူးလား ဆိုတာမျိုးတွေပေါ့။ တရုတ်နိုင်ငံ အစိုးရက ကျနော်တို့ကို နေရေး ထိုင်ရေး စားရေး သောက်ရေးနဲ့ သွားရေးလာရေး အကုန်လုံး တာဝန်ယူပေးထားပါတယ်” ဟု ပြန်လည် ဖြေကြား ခဲ့သည်။
ယင်းနေ့ ည ၁၁ နာရီခွဲ အချိန်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ ရလဒ်အဖြစ် အပစ်အခတ် ရပ်စဲရေးအပါ၀င် တခြားသော အချက် ၅ ချက်ကို သဘောတူညီမှု ရရှိခဲ့ကာ ထုတ်ပြန်ခဲ့သည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၏ ရလဒ် အနေဖြင့် ပဏာမ အပစ်အခတ် ရပ်ဆဲရေး အဆင့်ရထားပြီ ဖြစ်သော်လည်း ခိုင်မာသည့် အပစ်အခတ် ရပ်ဆဲမှု အဆင့်အထိ မရောက်ရှိသေးကြောင်း သိရသည်။
“ပဏာမ အပစ်အခတ် ရပ်စဲရေးဆိုတာက ရန်လိုမှုတွေနဲ့ ပြစ်ဒဏ်တွေ မရှိတော့ဘူး။ ဒါပေမယ့် ပဏာမအဆင့်မှာ ရှိနေတဲ့ ရှေ့တန်းတပ်တွေ၊ ပြည်သူလူထု အနှောင့်အယှက်ဖြစ်မယ့် နေရာတွေ၊ တပ်မတော် နေရာ ယူထားတာတွေ၊ ရွာသူရွာသားတွေ မနေရဲတဲ့ စခန်းတွေ ပြန်ရွှေ့ပေးဖို့တွက် ၂ ဘက် စလုံးက လုပ်ဆောင်ရမယ်။ အပစ်ရပ် အဖွဲ့အစည်းတွေ အနေနဲ့ ပဏာမ အပစ်ရပ်တာနဲ့ ငြိမ်းချမ်းရေးရတာမျိုး မဟုတ်ပါဘူး။ ပဏာမ အပစ်ရပ်တာနဲ့ တပ်ပိုင်းဆိုင်ရာ အကောင်အထည် ဖော်မှသာ ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲဲရေး ရောက်လာမှာပါ” ဟု  ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
ကချင်ပြည်နယ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အဘက်ဘက်မှ ခေါင်းဆောင်များ၏ လုံခြုံရေးဆိုင်ရာ ကိစ္စ အရေးကြီးသည့် အတွက် ဆွေးနွေးသည့် နေရာ အခက်အခဲ ရှိခဲ့ကြောင်း ကြားသိရသည်။
“UNFC အနေနဲ့ တွေ့ရမယ်ဆိုရင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကိုပဲ ရွေးသွားမှာပါ။ အဓိက ပြဿနာက ဘယ်သူ ကြားဝင် စီစဉ် ပေးသလဲ ဆိုတာပါပဲ။ အခုပွဲမှာ တရုတ်တွေက ကမကထ လုပ်တာဆိုတော့ ကျနော်တို့ လိုချင်တဲ့ အဓိက လူတွေ ခေါ်လို့ မရဘူး။ UK၊ US၊ UN က ကိုယ်စားလှယ်တွေကို ခေါ်လို့မရဘူး ဖြစ်နေတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေ ခေါ်ချင်တယ်ဆိုရင် အပြင် ထွက်မှ ဖြစ်မှာပါ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
ဧပြီလတွင် ကျင်းပမည့် ဆွေးနွေးပွဲကို ပြည်တွင်းတွင်သာ ကျင်းပနိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း ဦးလှမောင်ရွှေက ဆိုသည်။
“ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရတယ်ဆိုရင် ကျနော်တို့က ပြည်တွင်းမှာ ဆွေးနွေးလည်း လက်ခံ နိုင်ပါတယ်” ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောသည်။
ပြည်တွင်းတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ဆောင်ရန် ခက်ခဲနေကြောင်း၊ ပြည်တွင်းတွင် ခေါင်းဆောင်များ သွားလာနိုင်ရန် ခရီးစဉ် တခုစာ အတွက် သမ္မတရုံး၏ ကင်းလွတ်ခွင့် အမိန့်စာဖြင့် သွားလာနေကြရကြောင်း၊ သို့ရာတွင် နယ်စပ်ပြန်ရောက်၍ အဆိုပါ စာ မရှိတော့ပါက မတရားအသင်း ဥပဒေဖြင့် အကျုံးဝင်သွားကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တခုစာသာ ကင်းလွတ်ခွင့် ရခြင်း ဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ရှင်းပြသည်။
“တည့်တဲ့အချိန်ဆိုရင် ပြဿနာ မရှိဘူး။ မတည့်တဲ့ အချိန်ဆိုရင် မတရားအသင်းနဲ့ ဆက်သွယ်တယ် ဆိုပြီး ဖမ်းတော့တာပဲ။ တခေါက်စာ ကင်းလွတ်ခွင့်ရတာ ဂုဏ်သိက္ခာအတွက် အားနည်းတယ်လို့ ခံစားရတယ်။ လုံခြုံမှုလည်း တကယ်မရှိဘူး။ အဲဒါကြောင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ရင်တောင်မှ ငြိမ်းချမ်းရေးအတွက် သွားလာနေတဲ့ လူတွေရဲ့ စာရင်းကို သေချာပြုစုပြီး ၁ နှစ်တန်သည်၊ ၆ လ တန်သည် လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်တယ်လို့ မြင်တယ်” ဟု သူက ဆိုသည်။
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးသည့် နေရာ အလွန် အရေးကြီးကြောင်း၊ ဆွေးနွေးသည့် အဖွဲ့နှစ်ဘက်စလုံးကို မည်သည့်ဘက်ကမှ ဖိအားပေးခြင်းမျိုး မရှိဘဲ လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့် ပြုသင့်ကြောင်း၊ တစုံတရာက ဖိအားပေးလျှင် လွတ်လပ်သည့် ဆွေးနွေးပွဲ ထွက်ပေါ်လာမည် မဟုတ်သည့်အတွက် ဆွေးနွေးသည့် နေရာကို အဓိက စဉ်းစားရန် လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။
တရုတ်ပြည် ရွှေလီမြို့တွင် ကျင်းပပြုလုပ်သည့် ကချင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ “၀” တိုင်းရင်းသား ကိုယ်စားလှယ်များကို တရုတ်နိုင်ငံ အစိုးရ လက်မခံခဲ့သည့် အတွက် တက်ရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။
ထို့အပြင် ကချင်ပြည်နယ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ သတင်း လာယူသော မြန်မာမီဒီယာ သတင်းထောက် များကို ၀င်ရောက်မှတ်တမ်းတင်ခွင့် မပေးခဲ့သော်လည်း တရုတ်မီဒီယာ သတင်းထောက်များကိုမူ ဓာတ်ပုံရိုက်ခွင့်နှင့် မှတ်တမ်းတင်ခွင့်များ ပေးခဲ့သည်။
တရုတ်နိုင်ငံသည် ယခုငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရန်အတွက် အိမ်ရှင်နိုင်ငံအဖြစ် ကူညီ ဆောင်ရွက်ခဲ့သော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စားပွဲဝိုင်းတွင် လေ့လာသူအဖြစ်သာ တက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။
ရွှေလီမြို့တွင် ကျင်းပသော တတိယအကြိမ် ကချင်ပြည်နယ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ မြန်မာအစိုးရဘက်မှ ဦးအောင်မင်း (ပြည်ထောင်စု ၀န်ကြီး၊ နိုင်ငံတော်သမ္မတရုံး)၊ ဦးအုန်းမြင့် (ပြည်ထောင်စုဝန်ကြီး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန)၊ ဦးလဂျွန်ငန်ဆိုင်း (၀န်ကြီးချုပ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့)၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး (ကာကွယ်ရေးဝန်ကြီးဌာန) အပါအဝင် တခြားသော ဗိုလ်မှူးကြီးများနှင့် အကြံပေး အဖွဲ့ဝင် စုစုပေါင်း ၁၂ ဦး၊ KIO/ KIA ဗဟို ကိုယ်စားလှယ်အဖွဲ့မှ ဦးဆွမ်လွတ်ဂမ် ခေါင်းဆောင် သော အဖွဲ့ဝင် ၁၁ ဦးနှင့် SSPP/SSA အဖွဲ့မှ တက်ရောက် လေ့လာသူ ၂ ဦး၊ RCSS/ SSA မှ လေ့လာသူ ၂ ဦး UWSP အဖွဲ့မှ တက်ရောက်လေ့လာသူ ၃ ဦး၊ NDAA အဖွဲ့မှ တက်ရောက်လေ့လာသူ ၂ ဦးတို့ တက်ရောက်ခဲ့ပြီး  SSA အဖွဲ့ဝင်များအနေဖြင့် လေးကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲတွင်လည်း လေ့လာသူအဖြစ် တက်ရောက်သွားမည် ဖြစ်ကြောင်း သိရသည်

http://burma.irrawaddy.org/archives/35821

ကရင်လက်နက်ကိုင်တွေ နားလည်မှုရရေး ကြိုးပမ်း

 
ကရင်ပြည်နယ် အတွင်းမှာ ရှိတဲ့၊ ကရင် လက်နက်ကိုင် အဖွဲ့ အစည်းတွေ ကြားမှာ နားလည်မှု တည်ဆောက် ဖို့ အတွက် ကေအန်ယူက ကြိုးပမ်း ဆောင်ရွက် နေပါ တယ်။
ကွဲပြား နေတဲ့ ကရင် လက်နက်ကိုင် အဖွဲ့ အစည်း တွေကြားမှာ မကြာခဏ တိုက်ပွဲတွေ ဖြစ်နေတဲ့ အတွက်၊ နောင်ကို ကရင် ပြည်နယ် ထဲက လူထုတွေ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ နေနိုင်အောင် ကေအန်ယူ ကနေ ဦးစီး ပြီးတော့ အခုလို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ကရင် လက်နက်ကိုင် အဖွဲ့အစည်း တွေဟာ ၁၉၉၄ ခုနှစ် နောက်ပိုင်းမှာ ကေအင်ယူ ထဲကနေ ကွဲသွား ပြီးတော့၊၂၀၀၈ ခုနှစ်မှာ အဲဒီ အထဲက တချို့ဟာ အစိုးရ လက်အောက်ခံ ဘီဂျီအက်ဖ် နယ်ခြားစောင့်တပ် အဖြစ် အသွင် ကူးပြောင်း သွားကြ တယ်လို့ ကေအန်ယူရဲ့ အတွင်းရေးမှူးချုပ် ဗဒို စောကွယ်ထူးဝင်းက ပြောပါ တယ်။
ပြီးခဲ့တဲ့ နှစ်ပိုင်း အတွင်း ကရင် အဖွဲ့ အစည်းတွေ ကြားမှာ တိုက်ပွဲ တွေ ဖြစ်ပွား ခဲ့တာကြောင့် အခုတော့ ကေအန်ယူက စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ က၊ အဲဒီ ကရင် လက်နက်ကိုင် အဖွဲ့ အစည်းတွေ အားလုံးနဲ့ ဆက်သွယ် ဆောင်ရွက် နေပြီ ဖြစ်တယ်။
ဗိုလ်ချုပ် နှုတ်ခမ်းမွှေး ဦးဆောင်တဲ့ ဒီကေဘီအေနဲ့ ဗိုလ်ချုပ် ထိန်မောင် ဦးဆောင်တဲ့ ကေအန်ယူ၊ ကေအန်အလ်ယ်အေ အဖွဲ့တွေက အခု ကိစ္စမှာ ပူးပေါင်း ဆောင်ရွက် နိုင်ကြမှာ ဖြစ်ပါတယ်။
ဒါပေမယ်လို့ ဒီကေဘီအေက ခွဲထွက် သွားတဲ့၊ ဘီဂျီအက်ဖ်နဲ့ ဟောင်သရော ငြိမ်းချမ်းရေး အဖွဲ့ ကနေ ဘီဂျီအက်ဖ် အသွင် ပြောင်းသွားတဲ့ တပ်တွေက အစိုးရ စစ်တပ် လက်အောက်ခံ တပ်တွေ ဖြစ်လို့ အခု ကိစ္စမှာ ပူးပေါင်း ဆောင်ရွက် နိုင်ဖွယ် မရှိဘူးလို့ အကဲခတ် တွေက ပြောဆို နေကြပါတယ်။

ကရင်ပြည်နယ် အတွင်းမှာ ရှိတဲ့၊ ကရင် လက်နက်ကိုင် အဖွဲ့ အစည်းတွေ ကြားမှာ နားလည်မှု တည်ဆောက် ဖို့ အတွက် ကေအန်ယူက ကြိုးပမ်း ဆောင်ရွက် နေပါ တယ်။
ကွဲပြား နေတဲ့ ကရင် လက်နက်ကိုင် အဖွဲ့ အစည်း တွေကြားမှာ မကြာခဏ တိုက်ပွဲတွေ ဖြစ်နေတဲ့ အတွက်၊ နောင်ကို ကရင် ပြည်နယ် ထဲက လူထုတွေ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ နေနိုင်အောင် ကေအန်ယူ ကနေ ဦးစီး ပြီးတော့ အခုလို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ကရင် လက်နက်ကိုင် အဖွဲ့အစည်း တွေဟာ ၁၉၉၄ ခုနှစ် နောက်ပိုင်းမှာ ကေအင်ယူ ထဲကနေ ကွဲသွား ပြီးတော့၊၂၀၀၈ ခုနှစ်မှာ အဲဒီ အထဲက တချို့ဟာ အစိုးရ လက်အောက်ခံ ဘီဂျီအက်ဖ် နယ်ခြားစောင့်တပ် အဖြစ် အသွင် ကူးပြောင်း သွားကြ တယ်လို့ ကေအန်ယူရဲ့ အတွင်းရေးမှူးချုပ် ဗဒို စောကွယ်ထူးဝင်းက ပြောပါ တယ်။
ပြီးခဲ့တဲ့ နှစ်ပိုင်း အတွင်း ကရင် အဖွဲ့ အစည်းတွေ ကြားမှာ တိုက်ပွဲ တွေ ဖြစ်ပွား ခဲ့တာကြောင့် အခုတော့ ကေအန်ယူက စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ က၊ အဲဒီ ကရင် လက်နက်ကိုင် အဖွဲ့ အစည်းတွေ အားလုံးနဲ့ ဆက်သွယ် ဆောင်ရွက် နေပြီ ဖြစ်တယ်။
ဗိုလ်ချုပ် နှုတ်ခမ်းမွှေး ဦးဆောင်တဲ့ ဒီကေဘီအေနဲ့ ဗိုလ်ချုပ် ထိန်မောင် ဦးဆောင်တဲ့ ကေအန်ယူ၊ ကေအန်အလ်ယ်အေ အဖွဲ့တွေက အခု ကိစ္စမှာ ပူးပေါင်း ဆောင်ရွက် နိုင်ကြမှာ ဖြစ်ပါတယ်။
ဒါပေမယ်လို့ ဒီကေဘီအေက ခွဲထွက် သွားတဲ့၊ ဘီဂျီအက်ဖ်နဲ့ ဟောင်သရော ငြိမ်းချမ်းရေး အဖွဲ့ ကနေ ဘီဂျီအက်ဖ် အသွင် ပြောင်းသွားတဲ့ တပ်တွေက အစိုးရ စစ်တပ် လက်အောက်ခံ တပ်တွေ ဖြစ်လို့ အခု ကိစ္စမှာ ပူးပေါင်း ဆောင်ရွက် နိုင်ဖွယ် မရှိဘူးလို့ အကဲခတ် တွေက ပြောဆို နေကြပါတယ်။

http://www.bbc.co.uk/burmese/burma/2013/03/130318_karen_organizing.shtml

ရှမ်းပြည်မြောက်ပိုင်း KIA နယ်မြေတွင်း တိုက်ပွဲ ဆက်တိုက်ဖြစ်ပွား

pangsai-myen-dap-na-laknak
ကေအိုင်အေတပ်မှ သိမ်းဆီးရရှိတဲ့ ရှမ်းမြောက် မြန်မာစစ်တပ်များမှ လက်နက်တချို့။
ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၃၄ နယ်မြေတွင် ယနေ့ ၁၁ နာရီခန့်တွင် အစိုးရနှင့် KIA ကြား ၁၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားရာနေရာသည် KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၄ နယ်မြေ မန်ယောန် (Man Yawn) ကျေးရွာအနီးဖြစ်ပြီး အစိုးရဖက်မှ တိုက်ခိုက်လာခြင်းဖြစ်ကြောင်း တပ်မဟာ ၄ မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးပြောသည်။
တိုက်ပွဲသည် အစိုးရတပ်ဖွဲ့ မန်တုန် (Mandung) အခြေစိုက် ခလရ ၁၃၀၊ ၁၀၅ နှင့်  ခမရ ၅၀၂၊ ၅၀၃  စသည့် စုပေါင်းတပ်ဖွဲ့များသည် အင်အား ရ၀ ကျော်ဖြင့် KIA တပ်ရင်း ၃၄ နှင့် ရင်ဆိုင်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ကျဆုံးမှုကိုမူ မသိရပေ။
အစိုးနှင့်KIO ကြား မကြသေးခင်က တွေ့ဆုံနွေးမှုပြလုပ်ပြီးနောက်ပိုင်း ဆက်တိုက်ဆိုသလို အစိုးရတပ်ဖက်မှ ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ပြီး ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့တွင်လည်း ၎င်းတပ်ဖွဲ့များနှင့် မိုးမိတ်မြို့နယ် လွယ်ယားကျေးရွာတွင် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ ကျေးရွာသို့ လက်နက်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း အဆိုပါ KIA အရာရှိကပြောသည်။
“ကျနော်တို့ဘက်က တုန်ကြီး (Tung Gyi) ဘက်ကိုတက်သွားဖို့ ရွာကနေဖြတ်သွားတဲ့ချိန် လမ်းမှာ ခဏ ထမင်းချက်စားနေတုံး အစိုးရတပ်တွေ ပစ်လာလို့ အပြန်အလှန်ပစ်ခတ်ကြတာ။ အစိုးရတွေပစ်လိုက်တဲ့ လက်နက်ကြီး လွယ်ယားရွာကအိမ်တစ်အိမ်မှာကျပြီး အိမ်မီးလောင်သွားတယ်။ အဲဒါကြောင့်ကျနော်တို့ဘက်က ရွာမှာပိုဆိုးလာမှာစိုးလို့  အဲဒီနေရာကနေ နောက်ဆုတ်လိုက်တာ ရှောင်လိုက်တာ အဲဒီနောက်တော့ သူတို့ရွာကိုဝင်ပြီး အိမ် ၅ အိမ်ကိုမီးပြန်ရှို့ပေးလိုက်တယ်။ ဒီနေ့ ပစ်တဲ့နေရာမှာလည်း ရွာကိုပြန်ထိလာမှာစိုးလို့ ပြန်ရှောင်ထားလိုက်တယ်။ သူတို့က ကျနော်တို့ရဲ့ သတင်းကြားတိုင်း ဘယ်ကိုကြားရင် ဘယ်ကိုလိုက်နေတဲ့ သဘောပဲ”
ထိုသို့ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ၎င်းလွယ်ယာကျေးရွာမှ အိမ်ထောင်စု ၆၀ ခန့်ရှိသော ပြည်သူလူထုများ သည် ယခုချိန် ၎င်းတို့၏ တောင်ယာ၊ လယ်ယာများနှင့် တောများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ယခုချိန် ထိုနယ်မြေတွင် မန်တုန် အခြေစိုက် ခလရ ၁၃၀ တပ်ဖွဲ့များနှင့် ကျောက်မဲအခြေစိုက် စကခ (၁) တပ်အောက် ခမရ ၅၀၂၊ ၅၀၃၊ ၅၀၄၊ ၅၀၅၊ ၅၀၆ စသည့် စုပေါင်းတပ်ရင်းများမှ အင်အား ၅၀၀ ခန့်မှ စစ်ရေးလှုပ်ရှားနေကြောင်း သိရသည်။

http://kachinnews.com/burmese/news/1053-%E1%80%9B%E1%80%BD%E1%80%99%E1%80%B9%E1%80%B8%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%B1%E1%80%BB%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8-kia-%E1%80%94%E1%80%9A%E1%80%B9%E1%80%B1%E1%80%BB%E1%80%99%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%95%E1%80%BC%E1%80%B2-%E1%80%86%E1%80%80%E1%80%B9%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%95%E1%80%BC%E1%80%AC%E1%80%B8.html

March 17, 2013

စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက်

ကချင် နဲ့ အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာကဏ္ဍမှာ တရုတ်နိုင်ငံ ရွှေလီမြို ့မှာ ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရနဲ့ ကချင်တိုင်းရင်းသားအဖွဲ့တို့ကြားက ဆွေးနွေးပွဲအခြေအနေကို ဒေါ်ခင်စိုးဝင်း က ညီညွှတ်သော တိုင်းရင်းသားကောင်စီ UNFC (United Nationalities Federal Council) တွဲဖက်အထွေထွေ အတွင်းရေးမှုးနှင့် ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကို တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။ မတ်လ (၁၁) ရက်နေ့က ကျင်းပပြုလုပ်သွားခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနဲ့ KIO/KIA အဖွဲ့ ကိုယ်စားလှယ်တွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို KIO အဖွဲ့ရဲ ့ ဖိတ်ကြားချက်နဲ့ လေ့လာသူအဖြစ်နဲ့ သက်သေအဖြစ် တက်ရောက်ခဲ့တဲ့ UNFC ညီညွှတ်သော တိုင်းရင်းသားကောင်စီ ဖယ်ဒရယ်ကောင်စီရဲ ့ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးခွန်ဥက္ကာနဲ့ ရွှေလီမြို ့မှာ ကျမ တွေ့ဆုံမေးမြန်းခွင့် ရရှိခဲ့ပါတယ်။
ဒီဆွေးနွေးပွဲမှာ အိမ်ရှင်တရုတ်နိုင်ငံရဲ ့ ဝင်ရောက်စွက်ဖက်မှုကြောင့် ပူးတွဲကြေညာချက်ထုတ်တဲ့နေရာမှာ ကြန့်ကြာခဲ့ရတယ်လို့ ကြားသိရပါတယ်။ တရုတ်နိုင်ငံရဲ ့ ကိုယ်စားလှယ်က ဘယ်လိုများ ပါဝင်ပတ်သက်ခဲ့လို့ပါသလဲရှင်။

ခွန်ဥက္ကာ ။ ။ မကြိုက်ဘူး။ တချို ့စာလုံးတွေ ပြင်ပေးပါ။ တချို ့ စာလုံးတွေ ဘာဖြစ်သင့်တယ်ဆိုပြီးတော့ ဝင်ရောက်အကြံပေးတယ်။ ရိုးရိုးပြောရင်တော့။ ဒါပေမဲ့ စွက်ဖက်တဲ့သဘောမျိုး - intervene များတဲ့အခါကြတော့ အဲဒီအပေါ်မှာ နှစ်ဖက်စလုံးတော့ သိပ်စိတ်မကောင်းကြဘူး။ သို့သော်လဲပဲ တချို ့ကိစ္စတွေမှာ ကိုယ့်ဟာကိုယ်ဆုံးဖြတ်၊ ကိုယ်ဟာကိုယ် သဘောတူ လုပ်ရမယ့်ဟာတွေကရှိတယ်။ ဒါကြောင့် ကျနော်တို့က ဒါဆိုရင် ဒီအိမ်ရှင်မှာတော့ လာမိပြီးဆိုတော့ ပြင်ပေးလိုက်။ တချို ့စကားလုံးတွေ၊ တချို ့ထွက်လာတဲ့ဟာတွေ။ သို့သော် ကိုယ့်အထဲမှာ တကယ်ရရှိတဲ့ဟာတွေကိုတော့ ဆက်ကိုင်ထား၊ အလုပ်ဆက်လုပ် အဲဒီလိုပဲ။ ဒါကြောင့် အခုထွက်ထားတဲ့ just statement အထဲမှာ မပါတဲ့ တချို ့အရေးကြီးတဲ့အချက်တွေကို ကျနော်တို့က အလုပ်ဆက်လုပ်ဖို့တော့ ချန်ထားလိုက်မယ်။ ဒါက အိမ်ရှင်ပြဿနာ၊ အကြံပေးတဲ့အတွက် ကျနော်တို့က လုပ်လိုက်တယ်။ ဒါကြောင့် statement ထဲမှာမပါဘဲနဲ့ ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်း အတူလုပ်ရမယ့်အလုပ်တွေကို ကျနော်တို့ ဆက်လုပ်သွားမယ့် သဘောတော့ ကျနော် တွေ့ရတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခုလို သူများနိုင်ငံမှာလာပြီး ဆွေးနွေးတဲ့အခါကြတော့ အိမ်ရှင်ရဲ ့ စွက်ဖက်မှု ခံရတာပေါ့။ အဲဒီတော့ ကိုယ့်ရဲ ့ပြည်တွင်းမှာပဲ တဖတ်နဲ့တဖတ် နားလည်းမှုတွေ၊ ယုံကြည်မှုတွေနဲ့ မျက်နှာချင်းဆိုင်ပြီးတော့ ဆွေးနွေးမှုတွေ မဖြစ်နိုင်ဘူးလားရှင်။

ခွန်ဥက္ကာ ။ ။ ခေါ်တယ်လို့ ပြောတာနဲ့ ကျနော်တို့က legal protection ကို တင်မှာပဲ။ ချင်းမိုင်မှာလည်း ကျနော်တို့ တင်ခဲ့ဘူးတယ်။ Legal protection လုပ်ပါ။ အဲဒါ မလုပ်ရင် ကျနော်တို့ အဲဒါကို လုပ်လို့မရဘူး။ International မှာ ကြည့်လို့ရှိရင် ပြည်တွင်းမှာ legal protection မလုပ်နိုင်ရင် ပြည်ပမှာပဲ တွေ့ကြတယ်။ ကျနော်တို့ Philippines ပွဲဆိုရင်လည်း မလေးရှားမှာပဲ ဆွေးနွေးတယ်။ အင်ဒိုနီးရှားပွဲဆိုရင်လည်း ကမ္ဘာလှည့်ပြီးတော့ ဆွေးနွေးတယ်။ သီရိလင်္ကာမှာလည်း ခြောက်ခါလောက် ဆွေးနွေးတယ်။ အဲဒါလည်း နိုင်ငံခြားမှာပဲ ဆွေးနွေးတယ်။ သူ့ပြည်တွင်းမှာ မဆွေးနွေးဘူး။ ပြည်တွင်းဆွေးနွေးခြင်းအားဖြင့် ဖိအား၊ indirect သို့မဟုတ် direct ဖိအားရှိနေတော့ အဲဒီ ဖိအားအောက်မှာ ဆွေးနွေးတာလည်း လွတ်လပ်တဲ့သဘောထားကတော့ ပြောင်းလဲလာမှာ မဟုတ်ဘူး။ ဒါကြောင့် လွတ်လပ်တဲ့၊ မှီခိုကင်းတဲ့ နေရာမှာ ဆွေးနွေးခြင်းက ထွက်လာတဲ့ သဘောတူညီချက်တွေက ပိုပြီးတော့ စစ်စစ်မှန်မှန်၊ တရားမျှတမှု ရှိတယ်လို့ အဲဒီလို ကျနော် သုံးသပ်တယ်။ အဲဒါကြောင့် venue လို့ခေါ်တဲ့ ဆွေးနွေးတဲ့နေရာလည်း အင်မတန် အရေးကြီးတယ်။ ပြည်တွင်းကို မပြောသေးတာ အဲဒါကြောင့်။  

ဒေါ်ခင်စိုးဝင်း ။ ။ တရုတ်နိုင်ငံရဲ ့ အခန်းကဏ္ဍကတော့ နယ်နိမိတ်ချင်းလည်း ထိဆက်နေတဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်တယ်ဆိုတော့ တိုက်ရိုက်ပတ်သက်တယ်လို့ ပြောလို့ရပါတယ်။ နောက် EU ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတချို ့ - ဥပမာ နော်ဝေ၊ ဂျပန်နိုင်ငံ။ အဲဒီနိုင်ငံတွေကလည်း မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ရန်ပုံငွေတွေနဲ့ ပံ့ပိုးနေတာကို တွေ့ရပါတယ်။ UNFC ကိုရော အဲဒီလိုမျိုး ပံ့ပိုးပေးတာ ရှိပါသလားရှင်။

ခွန်ဥက္ကာ ။ ။ ကျနော်တို့အနေနဲ့တော့ လောလောဆယ် တရားဝင်။ ကျနော်တို့ UNFC နဲ့ MOU လက်မှတ်ထိုးပြီးတော့ ပူးပေါင်းဆောင်ရွက်နေတာ ဂျပန် ရှိတယ်။ Nippon Foundation ကတော့ ကျနော်တို့ရဲ ့ လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ လက်မှတ်ထိုးထားတဲ့ ဒီတဖွဲ့တော့ ရှိပါတယ်။ ဒီတဖွဲ့ကတော့ ကျနော်တို့ အစည်းအဝေးတွေ၊ ခရီးစဉ်တွေ၊ တိုင်ပင်နှီးနှောတာတွေကိုတော့ အကူအညီပေးနေပါတယ်။ သို့တည်းမဟုတ် ဂျပန်ကို ဖိတ်ခေါ်ပြီးတော့ အစည်းအဝေး လုပ်ဖို့ပေးနိုင်ပါတယ်။ သို့သော် ကျနော်တို့ ကြည့်သလောက်တော့ နော်ဝေတို့၊ တခြား Europe က အထောက်အပံ့တွေကတော့ မြန်မာ Peace Center ကို အဓိကထားပြီးတော့ သွားတယ်လို့ သိရတယ်။ သို့သော်လည်း အခုအချိန်အထိ ယုံကြည်စိတ်ချရမယ့် အခြေအနေမျိုး၊ ကတိပေးထားတဲ့အတိုင်း ကူညီပေးထားမယ့် amount အရေအတွက်ကို ကူညီတာတော့ တခါမှ မရှိသေးဘူး။

ဒေါ်ခင်စိုးဝင်း ။ ။ နိုင်ငံတကာကနေ အခုလိုမျိုး မြန်မာနိုင်ငံရဲ ့ ငြိမ်းချမ်းရေးလမ်းစဉ်အတွက် ရန်ပုံငွေတွေ ပံ့ပိုးပေးနေတယ်ဆိုတော့ လောလောဆယ် မြန်မာအစိုးရအနေနဲ့က ဘယ်လောက်အတိုင်းအတာအထိ ရန်ပုံငွေတွေ ခွဲဝေချထားပေးတယ်လို့ သိရပါသလဲရှင့်။

ခွန်ဥက္ကာ ။ ။ နေပြည်တော်အစိုးရဘက်က တပြားမှ မထုတ်ဘူး။ သူ့ရဲ ့ budget တခုလုံးမှာ ငြိမ်းချမ်းရေးလုပ်ငန်းအတွက် budget ဘယ်လောက်ရာထားတယ်ဆိုတာ မရှိဘူး။ ဒါကို သူတို့ကိုယ်တိုင်လည်း ဝန်ခံတာမရှိဘူး။ ဒါကြောင့် သမ္မတကြီးက ငြိမ်းချမ်းရေး တကယ်လိုချင်တယ်။ တကယ့် ငြိမ်းချမ်းချင်တယ် ပုဂ္ဂိုလ်ကြီးပါ။ ဒီမှာလည်း တပ်မတော်အရာရှိကြီးတွေ ပြောတယ်။ တပ်မတော်လည်း ငြိမ်းချမ်းရေး အင်မတန်လိုချင်တယ်။ အဲဒီ ပြောဆိုချက်ကို အထောက်အကူဖြစ်တဲ့ဟာက နိုင်ငံတော် budget ချပေးရမှာပေါ့။ နိုင်ငံတော်က budget မရှိဘဲနဲ့ ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင်။ နိုင်ငံတကာ budget နဲ့ပဲ ငြိမ်းချမ်းရေးလုပ်မှာ။ ပြောတော့လည်း ငြိမ်းချမ်းရေးက ပြည်တွင်းပြဿနာ၊ ညီအကိုတွေ ရန်ဖြစ်တယ်။ စရိတ်က အထဲက မထုတ်ဘဲနဲ့ အပြင်ကပဲ မျှော်လင့်တယ်။ အပြင်ကထဲတဲ့ လူတွေက သူလည်းပါချင်တာပေါ့။ သူကူညီပေးရင် သူလည်းပါချင်တာပေါ့။ ဒီမှာလိုပေါ့ အကယ်လို့ ကျနော်တို့ကို အကူအညီပေး၊ နေရာထိုင်ခင်းပေးရင် သူလည်းပါချင်တာပေါ့။ ဒါက သူထုံစံ။ ဒါကြောင့် ပြည်တွင်းမှာလည်း လုပ်ချင်တယ်။ Budget လည်း လုံလုံလောက်လောက် ရှိတယ်ဆိုရင် ကျနော်တို့အနေနဲ့ ဘယ်သူ့စွက်ဖက်မှုကို မခံဘဲနဲ့ လုပ်လို့ရတယ်။ အခုတော့ budget လုံးဝမထည့်ဘူးဆိုတော့ အဲဒါလည်း တော်တော်စဉ်းစားစရာပါ။ ဘာကြောင့်လဲ နိုင်ငံတော် budget မထုတ်သလဲ ဒီကိစ္စမှာ။ အဲဒါလဲ စဉ်းစားစရာ ရှိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ အာဆီယံနိုင်ငံတွေကရော မြန်မာနိုင်ငံရဲ ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်နိုင်တယ်လို့ သုံးသပ်လို့ ရပါသလဲရှင့်။

ခွန်ဥက္ကာ ။ ။ အင်ဒိုနီးရှားနိုင်ငံတနိုင်ငံတော့ ရှိမယ်။ ကျနော်တို့ကိုလည်း ဖိတ်ပါတယ်။ အင်ဒိုနီးရှားအစိုးရက ဖိတ်တယ်။ သူတို့ဆီမှာ အစည်းအဝေးလာလုပ်ဖို့။ သူတို့လည်း နေရာပေးပါတယ်။ သို့သော် အပြင်ကိုထွက်ဖို့ သိပ်စိုးရိမ်တယ်။ ပြည်တွင်းခေါင်းဆောင်တွေက အပြင်ကို မထွက်ချင်ဘူး။ အပြင်ကိုထွက်လို့ရှိရင် ပြည်တွင်းမှာ ရထားတဲ့အရှိန်အဝါ လျော့သွားမှာကို ကြောက်တယ်။ အပြင်ရောက်ရင် ပြည်တွင်းမှာ အရှိန်နဲ့အဝါနဲ့ တိုင်းမှူး၊ ဗိုလ်ချုပ်ကြီးအရှိန်ရှိတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု ဒီဆွေးနွေးပွဲမှာ MPC – Myanmar Peace Center မြန်မာ့ငြိမ်းချမ်းရေးစင်တာက ကိုယ်စားလှယ်တွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။ အဲဒီတော့ ဒီ MPC ရဲ ့ အခန်းကဏ္ဍနဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ UNFC အနေနဲ့ အားရကျေနပ်မှု ရှိပါသလား။

ခွန်ဥက္ကာ ။ ။ သူတို့ရဲ ့ တရားဝင်မှုက တဝက်တပျက်ပဲ။ တိုင်းပြည်တပြည်ရဲ ့ တရားဝင်လမ်းကြောင်းပြောရင် လွှတ်တော်ကိုဖြတ်ရတယ်။ စုံစမ်းရေးကော်မရှင်တခု - ဘာလေးပဲပြောပြော အစိုးရကဖွဲ့တဲ့ ကော်မရှင်တရပ်က၊ အစုအဖွဲ့တရပ်က သူ့ရဲ ့ လုပ်ပိုင်ခွင့်နဲ့ သူ့ရဲ ့ လွှတ်တော်ကိုတင်တယ်။ ပြဌာန်းဥပဒေအနေနဲ့တင်တော့ လွှတ်တော်က အတည်ပြုလိုက်ရင် ပိုခိုင်တယ်။ အခု MPC law ကို ကျနော်ကြည့်တော့ သမ္မတကြီးရဲ ့ အထူး ဒီဂရီ အထူးအမိန့်နဲ့ ဖွဲ့စည်းထားတာဖြစ်တယ်။ ဦးအောင်မင်းပါတဲ့ ဝန်ကြီး (၉) ပါးပါတဲ့ ကြီးကြပ်ဖို့၊ အဲဒီအောက်မှာ ဝန်ထမ်းတွေခန့်တယ်။ ဒါရိုက်တာတွေ ခန့်တယ်။ အားလုံးက လခစားဝန်ထမ်းတွေ ဖြစ်တယ်။ အဲဒီလစာ လည်ပတ်စရိတ်တွေကိုတော့ နော်ဝေ က ပေးတယ်။ အဲဒီလိုင်းလောက်မှာပဲ ရှိတယ်။

လွှတ်တော်က အတည်ပြုထားတဲ့ အစုအဖွဲ့မဟုတ်သေးဘူး။ လွှတ်တော်သည်ပင် အခုထိတိုင် MPC ကို မေးခွန်းထုတ်နေတယ်။ MPC က ဘာလဲပေါ့။ လွှတ်တော်က အဲဒီလို မေးခွန်းထုတ်နေတော့ တပ်က ပိုဆိုးတာပေါ့။ တပ်က MPC ဘာလုပ်နေသလဲ။ တို့တပ်ကိစ္စ ဘာဝင်ပြောသလဲ။ သူတို့တပ်တွေ ဆုတ်တယ်တက်တယ်ဆိုတာကို MPC က ဝေဖန်မိရင် MPC ကိုပါ တပ်ကစိတ်ဆိုးတာ။ ဘာဖြစ်လို့လဲဆိုတော့ MPC က တပ်မတော် နဲ့ လွှတ်တော်ကို သူကပြန် challenge လုပ်နေတာ။ သူတို့က အစိုးရတခုတည်း၊ သမ္မတကြီးတယောက်တည်းရဲ ့ ဝိတ်နဲ့ သွားနေတာ။ Run နေတဲ့အခါကြတော့ ပထမပိုင်းမှာတော့ သူက အကျိုးဆောင်၊ ကြားနေ ဟိုဖက်လည်းမပါဘူး၊ ဒီဖက်လည်းမပါဘူး။ ကြားနေ အကျိုးဆောင်။ အဲဒီလိုမျိုး ပြထားတယ်။ … International, observers တို့ကိုပြထားတယ်။ လုပ်ရင်လုပ်ရင်နဲ့ မပြနိုင်တော့ဘူး။ မပြနိုင်တော့ ဘက်တဖက်ပါသွားတယ်။ ပါသွားတယ်ဆိုတော့ အခုဆိုရင် MPC ဆိုရင် ကရင်တောင် သူတို့အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ အဖွဲ့ဝင်အဖြစ် အကုန်လုံးထည့်လိုက်တယ်။ တဖတ်ကိုပဲ ပြောရတော့မယ်။ အရင်တုန်းက တဖတ်ကမဟုတ်ဘူး။ ကြားမှာနေသလိုလို လုပ်နေတယ်။ အခုတော့ ရှင်းသွားတယ်။ MPC ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှာ အဖွဲ့ဝင်အဖြစ် တရားဝင်နံမည်ထည့်ထားတယ်။ MPC က လူတွေအားလုံး ထည့်ထားတယ်။ ထည့်လိုက်တော့ အခုတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အစိုးရအဖွဲ့ထဲမှာ အဖွဲ့ဝင်အဖြစ်။

ဒေါ်ခင်စိုးဝင်း ။ ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရကိုယ်စားလှယ်တွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ကြတယ်။ ဆွေးနွေးပွဲတွေပြီးတော့ ပူးတွဲကြေညာချက်တွေ ထုတ်တယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီကြတယ် စသဖြင့်။ အဲဒီ ဆွေးနွေးပွဲတွေလည်း ပြီးသွားရော ကရင်ပြည်နယ်မှာ တိုက်နေပြန်ပြီ၊ ကချင်ပြည်နယ်မှာ စစ်ရှိန်တွေမြှင့်ပြီးတော့ စစ်အင်အားတွေ တိုးချဲ ့နေတယ်လို့ ကြားနေရပြန်ပြီ၊ နောက် ရှမ်းနဲ့လည်း တိုက်နေတုန်းပဲဆိုတဲ့ သတင်းတွေက လူထုကြားမှာ ပြန့်နှံနေတာပါ။ အဲဒီတော့ ဒီသဘောတူညီမှုတွေနဲ့ ပတ်သက်လို့ အတွေ့အကြုံအရ နည်းနည်းလောက် ရှင်းပြပေးပါလား။

ခွန်ဥက္ကာ ။ ။ ပမာဏဆိုပြီး လုပ်လိုက်ရင်လည်း ပမာဏလို့ လူတွေက သိတာမဟုတ်ဘူး။ ကေအိုင်အို လက်မှတ်ထိုးလိုက်တာနဲ့ ငြိမ်းချမ်းရေးရသွားပြီ။ တောင်ပိုင်းလည်းရပြီ၊ မြောက်ပိုင်းလည်းရပြီ။ Investment တွေ လာလို့ သွားဖိတ်လိုက်တာ။ အဲဒါကို လိုချင်တာ။ အဲဒီတော့ agreement အဆင့်ကို ဟိုဘက်ကတော့ တော်တော်တောင်းတယ်။ ကေအိုင်အို က မပေးနိုင်တာက agreement ကို တည့်တည့်မဟုတ်ဘဲနဲ့ အလွဲသုံးစား လုပ်သွားရင် မကောင်းဘူးလို့ အဲဒီလိုမြင်တယ်။ ဒါကြောင့် တကယ့်ကို ယုံကြည်စိတ်ချရတဲ့ အပစ်အခတ်ရပ်စဲရေးအဆင့် ရောက်သွားမယ်ဆိုရင် (၁) စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ပေါ်လာရင်တော့ ဒီ agreement က မခက်ဘူး။ ဟိုဟာတွေကို လက်ဆုတ်လက်ကိုင် မပြနိုင်သေးဘဲနဲ့ agreement ပဲဆိုရင် ဒီမှာပဲ အနိုင်ပိုင်းပြီးတော့ ဟိုဘက်ကို မသွားဘူးကွာ။ အဲဒီလို နေလိုက်မှာကိုလည်း စိုးရိမ်တယ်။

တကယ်ပဲ ၁၇ နှစ် နေခဲ့တာပဲ။ ဟိုအရင်တုန်းက ချုပ်ထားတာတောင် မဖျက်သေးဘူး။ မဖျက်သေးတော့ ဘာကြောင့် ဆက်ထိုးဖို့ လိုသလဲ။ ဒါကို ဆက်မတိုက်ရုံနဲ့ ရပ်သွားတာပဲ။ ပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲတင်လိုက်။ နိုင်ငံရေးဆွေးနွေးပွဲလိုင်း တကယ်တက်လာမယ်ဆိုရင် အပစ်အခတ်ရပ်စဲရေးက ယုံကြည်စိတ်ချရတဲ့အဆင့် ရောက်သွားမှာပါ။ စားပွဲပေါ် အားလုံး မျက်နှာစုံညီ တွေ့နေကြပြီလေ။ ရင်းရင်းနှီနှီ တဆင့်ပြီးတဆင့် ဒီတိုင်းပြည်အတွက် nation building ပျက်စီးနေတဲ့ဟာ၊ ယိုးယွင်းနေတဲ့ဟာကို ပြန်လည်ထူးထောင်ဖို့ လုပ်ကြပြီဆိုရင် အဲဒီအချိန်မှာ ဒါဟာ ပစ်တာရပ်တာတော့ နားသွားမှာပဲ။ နောက် nationwide ceasefire လိုဟာမျိုး အစိုးရက ဒိုင်ခံပြီးတော့ လူသိနတ်ကြား ကမ္ဘာသိ ကြေညာလိုက်လည်း သွားတိုက်လို့ မရတော့ဘူး။ အခုကတော့ အဲဒါတွေ မရှိတော့ လိုအပ်လို့ တိုက်သလို။ လိုအပ်လို့ တိုက်တာလည်း ကချင်မှာ နည်းနည်းနားတာနဲ့ ရှမ်းပြည်မြောက်ပိုင်းကို သွားတိုက်တယ်။ ရှမ်းပြည်မြောက်ပိုင်းကို တိုက်ဖို့ လူ ရှစ်ထောင် ပို့ထားတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်။

http://burmese.voanews.com/content/burma-democracy-forum-peace-talk-with-kachin/1623361.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India