January 31, 2013

ကချင်ပြည်နယ်တွင် အစိုးရနှင့် KIA တပ်များအကြား စစ်ပွဲ ငြိမ်သက်

ချင်းမိုင်(မဇ္စျိမ)။   ။ ကချင်ပြည်နယ် ဖားကန့်နှင့် လိုင်ဇာဌာနချုပ် အနီးတဝိုက်တွင် မြန်မာအစိုးရနှင့် ကချင်လွတ်လပ်
ရေး KIO တပ်ဖွဲ့တို့ သုံးရက်ကြာ တိုက်ပွဲ ဖြစ်ပွားမှု နေသည်ဟု KIO နှင့် ကျောင်းသားတပ်မတော်က ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သော လဂျားယန်၊ ခရာဘွမ် တို့တွင် နှစ်ဖက် တိုက်ပွဲ
များ မဖြစ်ပွားတော့ကြောင်း KIA ရှေ့တန်းတပ်ဖွဲ့ဝင် တဦးက ပြောသည်။

“ကျနော်တို့ဘက် မဒီးယန်၊ ခရာ၊ လဂျားယန်ဘက် ဒီပတ်ဝန်းကျင်ကနေတော့ ၅ ရက်လောက်ရှိပြီ။ တိုက်ပွဲ မဖြစ်တာ။ ဒီမှာက ကျနော်တို့ ဌာနချုပ်က အစိုးရစစ်တပ်ရှိတဲ့ဘက် မပစ်ဖို့ မနေ့က ညွန်ကြားထားတယ်၊ ဒါကြောင့် ကျနော်တို့
လည်း မပစ်”ဟု သူက မဇ္စျိမကို ပြောသည်။

ယမန်နေ့က KIO ဗဟိုဌာနချုပ်ကလည်း အောက်ခြေ တပ်ဖွဲ့များအား အစိုးရ စစ်တပ်ရှိရာဘက် တိုက်ခိုက်ခြင်း မပြုလုပ်ရန် ညွန်ကြားချက် ထုတ်ပြန်ခဲ့သည်ဟု တပ်ဖွဲ့ဝင်တဦးက ပြောသည်။

KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အနီးတဝိုက် ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့သော်လည်း အစိုးရဘက်မှ စစ်ကြောင်းများ နေရာအနှံ့ တိုးမြှင့် ချထားမှုများ ရှိနေဆဲဖြစ်သည်ဟု ကျောင်းသား တပ်မတော် (မြန်မာပြည်မြောက်ပိုင်း)မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မင်းဌေးက ပြောသည်။

“ဒီဘက်မှာက တိုက်ပွဲတွေက သုံးရက်လောက်ရှိပြီ။ နည်းနည်းငြိမ်နေတယ်။ ဒါပေမဲ့ အစိုးရစစ်တပ်တွေက လဂျားယန်
တောင်ပတ်ပတ်လည် ဝန်းကျင်မှာ သူတို့ အင်အားထပ်ဖြည့်နေတယ်ဆိုတာတော့ သိတယ်”ဟု သူက မဇ္စျိမကို ပြော
သည်။

သို့သော် KIO တပ်မဟာ ၃ တပ်ရင်း ၁ တပ်ဖွဲဲ့နှင့် အစိုးရ၏ တပ်မ ၉၉ လက်အောက်ခံ တပ်ဖွဲ့တို့ စိန်ဒူကောင်နှင့် လဂတ်ဘွမ် အကြားတွင် ယမန်နေ့က တုုိက်ပွဲဖြစ်ပွားခဲ့သည်ဟု KIO ၏ ရှေ့တန်းတပ်ဖွဲ့ဝင်တဦးက ပြောသည်။

ဖားကန့်မြို့နယ်အတွင်း နှစ်ရက်ကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့သော်လည်း ယမန်နေ့ ဂွေခါမှော် ဆပ်ပြာချောင်းအနီး အစိုးရ စကခ လက်အောက်ခံ တပ်အင်အား ၁၀၀ ကျော်က ထိုးစစ်ဆင်လာဖြင့် KIO ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့များနှင့် ၂၀ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒုဗိုလ်မှူးကြီး ဇော်ဒွဲက ပြောသည်။

“ကျနော်တို့ဘက် နည်းနည်း ငြိမ်နေပြီးတယ်။ မနေ့က ၅ နာရီကနေ ၅ နာရီခွဲကြားမှာ ဆပ်ပြာချောင်းဘက် ကျနော်
တို့ ရှိတဲ့ဘက် မတက်လာနဲ့လို့ပြောရင်လဲ တက်လာလို့ မိနစ် ၂၀ ကျော်လောက် တိုက်ပွဲဖြစ်တယ်”ဟု သူက မဇ္စျိမ
ကို ပြောသည်။

ယခုလ ဇန်နဝါရီလ ၁၉ ရက်နေ့က သမ္မတ ဦးသိန်းစိန်က လဂျားယန်ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများအား ရပ်ဆိုင်းထားမည်ဟု ညွန်ကြားလိုက်သည့် နောက်ပိုင်း အစိုးရ စစ်တပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြင်းပြင်း
ထန်ထန် တိုက်ခိုက်ခဲ့သဖြင့် KIA ၏ ခရာဘွမ်စခန်းကို သိမ်းယူခဲ့သည်ဟု သိရသည်။

လတ်တလော လဂျားယန်ဒေသများအတွင်း အစိုးရ၏ စစ်တပ်အင်အား အမြောက်အများ နေရာချထားမှုများ ရှိနေဆဲ
ဖြစ်၍ နှစ်ဖက် သတိနှင့် ရှိနေကြသည်ဟု KIA ရှေ့တန်းတပ်ဖွဲ့ဝင် တဦးက မဇ္စျိမကို ပြောသည်။

အစိုးရတပ်နှင့် KIO တို့ တနှစ်နှင့် ခုနှစ်လကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာမှ ယခု ရက်သတ္တပတ်အတွင်း ပစ်ခတ်မှု  ငြိမ်သက်
နေခြင်း ဖြစ်သည်။

KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီတို့ ရှမ်းပြည်မြောက်ပိုင်း ဝ ပြည်သွေးစည်းညီ
ညွတ်ရေးတပ်မတော် UWSA ဌာနချုပ် ပန်ဆန်းတွင် လာမည့် လအတွင်း တွေ့ဆုံ ဆွေးနွေးရန် KIO ဘက်မှ သဘောတူ လက်ခံထားသည်။

http://www.mizzimaburmese.com/news/inside-burma/10891---kia---.html

ကချင်စစ်ပွဲကြောင့် နိုင်ငံရေး ဆွေးနွေးမှု နှောင့်နှေး

အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်ထောင်စု အစိုးရတို့အကြား နိုင်ငံရေး ဆွေးနွေးမှု မစတင်နိုင်ဘဲ နှောင့်နှေးနေရသည်မှာ ကချင်ပြည်နယ် စစ်ပွဲကြောင့် ဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ (NMSP) က
ပြောသည်။

“ကချင်ပြည်နယ်တွင် ပြင်းထန်နေသော စစ်ပွဲအခြေအနေကြောင့် ပြည်ထောင်စု အစိုးရနှင့် မိမိတို့ မွန်ပြည်သစ်ပါတီ
အကြား သဘောတူ ဆုံးဖြတ်ထားသည့် ၂၀၁၂ ခု မကုန်မီတွင် စုစည်းနိုင်သမျှသော အပစ်ရပ် အဖွဲ့အစည်းများနှင့်
ပြည်ထောင်စု အစိုးရတို့အကြား နိုင်ငံရေးအရ စတင် ဆွေးနွေးရေးသည်လည်း နှောင့်နှေးနောက်ဆုတ်ခဲ့ရသည်” ဟု ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည့် NMSP ဗဟို အလုပ်အမှုဆောင် ကော်မတီ သဘောထား ကြေညာချက်
တွင် ပါရှိသည်။

ပြည်ထောင်စုအဆင့်နှင့် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ငြိမ်းချမ်းရေး သဘောတူချက်တွင် ပါဝင်သည့် “မိမိတို့နှင့် အပစ်အခတ် ရပ်ချိန်မှစပြီး ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလအထိ အဖွဲ့အစည်းအားလုံးနှင့် အပစ်အခတ် ရပ်စဲ
နိုင်ခြင်း မရှိသေးပါက စုစည်းနိုင်သည့် အပစ်ရပ် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အစိုးရ ကိုယ်စားလှယ်တို့
နိုင်ငံရေး ဆွေးနွေးပွဲ စတင် ဖော်ဆောင်သွားရန်” ဟူသည့်အချက်ကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။

NMSP အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ က “(ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ) UNFC နဲ့ အစိုးရကြားမှာ နိုင်ငံရေးအရ ဆွေးနွေးဖို့ ပြောနေတဲ့ ကာလမျိုးမှာ တဖက်က ထိုးစစ်ကို အကြီးအကျယ် လုပ်နေပြန်တော့ တဖက်က လက်နဲ့ ရေးပြီးတော့ တဖက်က ခြေနဲ့ဖျက်တယ် ဆိုတဲ့သဘောမျိုး ဖြစ်နေတယ်လို့ ကျနော်တို့ မြင်တယ်။ ဒါ့ကြောင့် ဒီလို ကြန့်ကြာနေရတာပါ” ဟု ပြောသည်။

NMSP အနေနှင့် နိုင်ငံရေး ပြဿနာကို အစိုးရနှင့် ဆွေးနွေးဖြေရှင်းရာတွင် မိမိတဖွဲ့တည်း သီးခြားဆွေးနွေးမည် မဟုတ်ဘဲ၊ UNFC ကို မဏ္ဍိုင်ထားကာ စုစည်းနိုင်သမျှသော အဖွဲ့အစည်းများနှင့် စုပေါင်းဆွေးနွေးသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

၎င်းပြင် အစိုးရနှင့် ကချင် လွတ်မြောက်ရေးအဖွဲ့/တပ်မတော် KIO/KIA အကြား၊ အစိုးရနှင့် UNFC အကြား နိုင်ငံရေး
ဆွေးနွေးဖြေရှင်းရန် နားလည်မှု ရရှိထားပြီး ဖြစ်သည့်အတွက် အစိုးရတပ်မှ အင်အားသုံး ဖြေရှင်းခြင်း မပြုဘဲ သဘောထားကြီးစွာဖြင့် KIO/KIA အား ဝိုင်းပတ်ပိတ်ဆို့ထားခြင်းကို ဖွင့်ပေးကာ တိုက်ပွဲ ရပ်စဲအောင် လုပ်ဆောင်ရန်
လည်း အကြံပြုထားသည်။

အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် စစ်မှန်သော ပြည်ထောင်စု တည်ဆောက်ရေး အခြေခံမူကို အာဏာရ အစိုးရ အဆက်ဆက်က မျက်ကွယ်ပြုခဲ့ခြင်းကြောင့် မြန်မာနိုင်ငံတွင် လူမျိုးရေး ပြဿနာ ဖြစ်ပေါ်ခဲ့ရသည်
ဟုလည်း NMSP က ဆိုသည်။

နှစ်ဖက်သော ငြိမ်းချမ်းရေး အကျိုးဆောင်များ၏ ဆက်သွယ်ချက်အရ ဖေဖော်ဝါရီလ ရ ရက်နေ့ နောက်ပိုင်းတွင်
ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီနှင့် UNFC တို့ တွေ့ဆုံနိုင်ဖွယ် ရှိသည်ဟု အစိုးရ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။

“နိုင်ငံရေး ဆွေးနွေးမှုတွေ ဆောင်ရွက်ဖို့ ချိန်းဆိုထားတာပါ။ သူတို့ဘက်ကတော့ ရက်အတိအကျ ဘာမှ အကြောင်း
မပြန်သေးဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။

UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ ကမူ ယခုတွေ့ဆုံမှုတွင် နိုင်ငံရေး ဆွေးနွေးလိမ့်မည် မဟုတ်ဘဲ KIO/KIA အပေါ် ထိုးစစ်ဆင် တိုက်ခိုက်မှု ရပ်တန့်ပေးရေးကိုသာ အဓိကထား ဆွေးနွေးသွားမည်ဟု ဆိုသည်။

http://www.mizzimaburmese.com/news/inside-burma/10890-2013-01-31-11-30-37.html

အစိုးရ သတင်းစာ စစ်သတင်း ဓာတ်ပုံမှားယွင်း

kyemon
ကချင်စစ်ပွဲအတွင်း ကေအိုင်အေ တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ ဓာတ်ပုံကို အစိုးရ သတင်းစာတွေက မှားယွင်းအသုံးပြုခဲ့ပါတယ်။
အဲဒီ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အစိုးရဘက်က တောင်းပန်ပါတယ်။
ဇန်နဝါရီလ ၂၈ ရက်နေ့က အင်္ဂလိပ် မြန်မာ နှစ်ဘာသာနဲ့ ထုတ်ဝေတဲ့ မြန်မာ့အလင်း သတင်းစာ နဲ့ ကြေးမုံ စတဲ့ နိုင်ငံပိုင် သတင်းစာ သုံးစောင်စလုံးမှာ ကချင်ပြည်နယ် ကေအိုင်အေ မိုင်းခွဲ တိုက်ခိုက်မှုဖြစ်စဉ် သတင်း ပါရှိပါတယ်။
အဲဒီ သတင်းနဲ့အတူ ပူးတွဲဖော်ပြထားတဲ့ ဓာတ်ပုံကို ကေအိုင်အေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ဆိုင်ကယ်စီး ပြည်သူ တဦးသေဆုံးခဲ့ရတယ် ဆိုတဲ့ စာသားနဲ့ တကွ သတင်းစာတွေက ဖော်ပြထားပါတယ်။
ဒါပေမယ့် အဲဒိ ဓာတ်ပုံဟာ ၂ဝ၁၂ ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့က Air Bagan လေယာဉ် ပျက်ကျမှုကြောင့် မီးလောင် ပျက်စီးတဲ့ ဆိုင်ကယ် ဓာတ်ပုံ ဖြစ်နေလို့ ပြည်သူ သန်းပေါင်းများစွာကို သတင်းမှား ပေးတာ ဖြစ်ကြောင်း မြန်မာတိုင်းမ်စ် ဂျာနယ်က ဖော်ပြပါတယ်။
ဓာတ်ပုံ မှားယွင်း သုံးစွဲခဲ့ကြောင်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ရဲ့ လူမှုဝက်ဆိုက် Facebook မှာ ဝန်ခံထားပြီး ဓာတ်ပုံ မှားယွင်း ဖော်ပြခဲ့လို့ တောင်းပန်ပေမယ့် သတင်းကတော့ မှန်ကန်ကြောင်း ဒုဝန်ကြီးက ရေးပါတယ်။
ဒါပေမယ့် အလွန်အရေးကြီးတဲ့ ကေအိုင်အေ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မှားယွင်းခဲ့တာ ဖြစ်တဲ့အတွက် အစိုးရ သတင်းစာတွေအ ပေါ် ပြည်သူတွေ အယုံအကြည် နည်းလာမှာကို စိုးရိမ်တယ်လို့ ဦးရဲထွဋ်က ရေးသား ပါတယ်။

http://www.bbc.co.uk/burmese/burma/2013/01/130130_kachinnewsphoto.shtml

ကချင်စစ်တွင်း အရပ်သား ထိခိုက်သေဆုံး

kia 
ကချင်ပြည်နယ် မြစ်ကြီးနား နဲ့ နမ္မတီးကြားက မရမ်းရွာမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့ က ကေအိုင်အေ ကချင်လွတ်လပ်ရေး တပ်နဲ့ အစိုးရ တပ်တွေ အကြား တိုက်ပွဲ ဖြစ်တဲ့ အခါမှာ ဗုံးခိုကျင်း ထဲ မှာ ပုန်းနေတဲ့ မိသားစု အနက် သားအမိ နှစ်ယောက် သေဆုံးပြီး သုံးယောက် ဒဏ်ရာ ရသွားပါတယ်။
မရမ်းရွာမှာ စခန်းချထားတဲ့ တပ်ရင်း (၃၇၂) အမြောက်တပ် က ပစ်တဲ့ အမြောက်ကျည် ထိမှန်လို့ ဖြစ်တဲ့ အကြောင်း ကချင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာ က ဘီဘီစီ ကို ပြောပါတယ်။
အဆိုပါ နယ်မြေ တဝိုက်မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့ အတွက် မြစ်ကြီးနားမြို့ အနီးရှိ ကျေးရွာတွေ က ရွာသူရွာသား တွေ ဟာ မှောင်ရိပ်ချိန် ပျိုးတာနဲ့ အိမ်တံခါးပိတ် နေကြပုံ ဒေါ်ဘောက်ဂျာ က ပြောပါတယ်။
အစိုးရ စစ်တပ် ဘက်ကလည်း နယ်မြေအတွင်းရှိ လမ်းတွေ မှာ မိုင်းခွဲတာတွေ၊ ဗုံးပေါက်မှာ တွေ ရှိနိုင်ကြောင်း သတင်းလွှင့်ထားလို့ ဘယ်သူမှ အပြင် မထွက်ဝံ့ပုံလည်း ပြောပါတယ်။
ဗန်းမော်၊ လဂျားယန်ဖက် မှာ နေ့စဉ်လို တိုက်ပွဲတွေ ဖြစ်နေလို့ ကုန်စျေးနှုန်းတွေပါ တက်နေပါတယ်။
မရမ်းရွာမှာ တာဝန်ကျတဲ့ အစိုးရ စစ်တပ် အရာရှိ ကလည်း အင်္ဂါနေ့ က ကေအိုင်အေ ကချင်လွတ်လပ်ရေး တပ်နဲ့ အစိုးရ တပ်တွေ အကြား တိုက်ပွဲ ဖြစ်တာ မှန်ကန်ကြောင်း၊ ကေအိုင်အေ ဖက်က လက်နက်တွေနဲ့ ပစ်လို့ စစ်တပ် ကလည်း ပြန်လည် ပစ်ခတ်ကြောင်း ဘီဘီစီ ကို ပြောပါတယ်။
မရမ်းရွာမှာ တပ်ရင်း (၃၇၂)စခန်းချတာ လ နဲ့ချီ ရှိနေတဲ့ အတွက် စစ်သားတွေ နဲ့ ရွာသားတွေ ရင်းနှီး ချစ်ခင်မှု ရှိကြောင်း၊ တိုက်ပွဲ တွေ ရှိနေတဲ့ အလျောက် ထိခိုက်သေဆုံးမှု ရှိနိုင်ပုံလည်း စစ်တပ် အရာရှိက ရှင်းပြပါတယ်။

http://www.bbc.co.uk/burmese/burma/2013/01/130130_kachinbattle.shtml


တိုင်းရင်းသား နယ်မြေတွေမှာ ထိုးစစ်ရပ်ဖို့လို

KNU Army Chief 
၆၄ နှစ် မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ထဲက ကရင်အမျိုးသား အစည်းအရုံး ကေအင်န်ယူ တပ်မဟာ ၇ ရဲ့ ကလေထစခန်းမှာ ကျင်းပခဲ့တာမှာ ကေအင်န်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနဲ့ ကေအင်န်ယူ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂျော်နီတို့ တက်ရောက်ပြီး မျက်မှောက် နိုင်ငံရေး အခြေအနေတွေနဲ့စပ်လို့ ပြောကြားခဲ့ပါတယ်။
အစိုးရနဲ့ သုံးကြိမ် တွေ့ပြီးပြီ၊ အပစ်ရပ်ရေး ပီပြင်အောင် နှစ်ဘက် လက်နက်ကိုင်တွေ လိုက်နာရမယ့် စည်းကမ်းတွေ ရေးဆွဲနေတယ်လို့ ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုးက ဘီဘီစီကို ပြောပါတယ်။ ဒါပေမဲ့ အောက်ခြေမှာတော့ နှစ်ဘက်တပ်တွေကြား နားလည်မှုလွဲလို့ ထိတွေ့မှုတွေ ရှိတုန်းပဲလို့ သူက ပြောပါတယ်။
ကေအင်န်ယူ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောဂျော်နီကတော့ ပြည်တွင်းစစ်တွေ ရှိနေရင် တိုင်းပြည် မတိုးတက်ဘူး၊ တိုင်းရင်းသားတွေနဲ့အတူ ပြုပြင် ပြောင်းလဲရေးတွေ လုပ်လို့ မရနိုင်ဘူး၊ ဒါကြောင့် တိုင်းရင်းသား နယ်မြေတွေမှာ ထိုးစစ်တွေ အားလုံးရပ်ပြီး နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းရမယ်လို့ သုံးသပ်ပါတယ်။
ကရင်ခေါင်းဆောင်တွေက အခုလို မျက်မှောက် နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့စပ်ပြီး သုံးသပ် ပြောဆိုမှုတွေ ရှိနေပေမယ့် ကရင်လူထုတချို့ကတော့ လက်ရှိ အပြောင်းအလဲနဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်တွေအပေါ် သံသယ ရှိနေကြပါတယ်။
အပစ်ရပ်တယ်ဆိုတာ ဗမာတွေက လိမ်တာပဲ၊ တကယ်ရပ်တယ်ဆို ကချင်ပြည်မှာ ဘာကြောင့် ဆက်တိုက်နေသလဲလို့ ကရင်လူငယ်တဦးက မေးခွန်း ထုတ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေကို ကျောသား ရင်သား မခွဲခြားဘဲ ငြိမ်းချမ်းရေးနဲ့ တန်းတူညီမျှရေးကို အစိုးရအနေနဲ့ သေသေချာချာ ဆောင်ရွက်သင့်တယ်လို့ သူတို့က ထောက်ပြပါတယ်။
လက်ရှိ အစိုးရနဲ့ ကရင်ခေါင်းဆောင်တွေကြား ငြိမ်းချမ်းရေးအတွက် ပြောဆို ဆွေးနွေးနေကြတာတွေကို ဝမ်းသာ ဂုဏ်ယူတယ်၊ ဒါပေမဲ့ အစစ်အမှန် ဖြစ်ဖို့တော့ လိုတယ်။ လူ့အခွင့်အရေး အပြည့်ရပြီး လူနေမှု အဆင့်အတန်းတွေ မြင့်မားရေးအတွက်ပါ အာမခံနိုင်တဲ့ ငြိမ်းချမ်းရေး ဖြစ်ဖို့ လိုမယ်လို့လည်း အခြား ကရင်တဦးကလည်း ဘီဘီစီကို ပြောပါတယ်။
၁၉၄၉ ဇန်နဝါရီ ၃၁ မှာ ကေအင်န်ဒီအို ဌာနချုပ်ကို အစိုးရတပ်က ဝင်ရောက် တိုက်ခိုက် သိမ်းယူလိုက်တဲ့ နေ့ကို ကရင့်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ် ကျင်းပနေတာလည်း ဖြစ်ပါတယ်။

http://www.bbc.co.uk/burmese/burma/2013/01/130131_knu_revolutionary_day.shtml

January 30, 2013

မြန်မာ အစိုးရနှင့် KIO တို့ ကချင်ပြည်နယ်အတွင်း စစ်ရေးတိုက်ခိုက်မှု ရပ်တန့်ပေးရန် KBC ထုတ်ပြန်

ချင်းမိုင်(မဇ္စျိမ)။      ။ အစိုးရ စစ်တပ်ဘက်မှ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှု ရပ်ဆိုင်း၍ နိုင်ငံရေး
ဆွေးနွေးမှု အမြန်ဆုံးပြုလုပ်ရန် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က ယနေ့ ထုတ်ပြန်လိုက်သည်။

တနှစ်တကြိမ် ကျင်းပပြုလုပ်သော KBC အသင်းတော်၏  သုံးရက်ကြာ အုပ်ချုပ်စီမံ အစည်းအဝေး အပြီးတွင် ယနေ့ ဗုဒ္ဓဟူးနေ့မှာ ယင်းတို့၏ သဘောထားကို နောင်နန်းကျေးရွာရှိ  “ရာပြည့်တောင်”  (Jaw Bum) တွင် ဆုတောင်း၍ ထို ထုတ်ပြန်အား ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။

ထိုအစည်းအဝေးတွင် KBC အသင်းတော်မှ ဘာသာဝင် လေးသိန်း၏ ကိုယ်စားလှယ် ၁၆၀ ဦး တက်ရောက်ခဲ့သည်
ဟု KBC ၏ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဇွန်က ပြောသည်။

“ဒီကချင်ဒေသမှာ ဖြစ်နေတဲ့ တပ်မတော်ရဲ့ စစ်ဆင်ရေးက ကချင်လူမျိုးတွေကို ချေမှုန်းတဲ့ စစ်ဆင်ရေးလို ဖြစ်နေ
တာကို ကျနော်တို့ ဆုတောင်းတဲ့ အုပ်ချုပ်စီမံ အစည်းအဝေးမှာ ကျနော်တို့ရဲ့သဘောထားကို ထုတ်ပြန်လိုက်ပါ
တယ်”ဟု သူက မဇ္စျိမကို ပြောသည်။

တရုတ်-မြန်မာနယ်စပ် လိုင်ဇာ၊ လဂျားယန်းအနီးတဝိုက် အစိုးရ စစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်ဖွဲ့
များအကြား တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် စိုးရိမ်ခြင်းကြောင့် ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု သူက ဆက် ပြောသည်။

“နိုင်ငံတော် သမ္မတ ၏ ထာဝရ ငြိမ်းချမ်ရေး လမ်းပြမြေပုံ ဖော်ဆောင်နေသည့် ကာလအတွင်း တိုင်းရင်းသား ညီအစ်ကိုများအကြား ယုံကြည်မှုနှင့် စည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေသည့် ကချင်ဒေသအတွင်း စစ်ရေး တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ပေးရန်” ဟူ၍ ၄င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဓမ္မနည်းအားဖြင့် ငြိမ်းချမ်းရေး ရယူရန် ကြိုးပမ်းခြင်းသည် ရေရှည်တည်တံ့မည်ဟု မယုံကြောင်း စစ်မှန်ပြီး တရားမျှတသော ငြိမ်းချမ်းရေးရရှိနိုင်ရန် တိကျသော မူဝါဒများ၊ လုပ်ငန်းစဉ်များ ချမှတ်ကာ နိုင်ငံရေးတွေ့ဆုံ
ဆွေးနွေးခြင်း အမြန်ဆုံးပြုလုပ်ရန်တို့ အပါအဝင် စစ်ပြေးဒုက္ခသည်များအား ကုလသမဂ္ဂနှင့် နိုင်ငံတကာ အကူအညီများကို အတားအဆီးမရှိ ကူညီခွင့်ပြုရန် အဆိုပါ ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

ထို့ပြင် ပြည်သူများအား မတရားဖမ်းဆီးခြင်း၊ စစ်ပြေးဒုက္ခသည်စခန်းသို့ လက်နက်နှင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းနှင့် အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်းများ မပြုလုပ်ရန်နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ သဘော
တူညီချက်များကို လေးစားလိုက်နာရန်တို့ကိုလည်း တိုက်တွန်းလိုက်သည်။

လတ်တလော ကချင်ကျေးရွာများအတွင်း အစိုးရစစ်တပ်၏ ပစ်ခတ်မှုများကြောင်း စိုးရိမ်မှုများဖြင့် ခိုလှုုံနေရ
ကြောင်း ဒေါက်တာခလမ်ဆမ်ဇွန်က ပြောသည်။

ယမန်နေ့က မြစ်ကြီးနားမှ မိုင် ၃၀ ကျော်အကွာ မရန်းကျေးရွာအနီး အခြေစိုက်ထားသော အစိုးရ၏ အမြောက်တပ်
မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး တလုံး ထိုကျေးရွာထဲ ကျရောက်ခဲ့သဖြင့် ဒေသခံ လူ နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာ ရရှိခဲ့သည်ဟု သူက မဇ္စျိမကို ပြောသည်။

http://www.mizzimaburmese.com/news/inside-burma/10882---kio-----kbc-.html

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ရွာသားတွေ သေဆုံး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် နမ္မတီးဒေသ မရမ်းကျေးရွာနားမှာ အခြေစိုက်တဲ့ အမြှောက်တပ် (အမတ-၃၇၂) အနီးမှာ ဇန်နဝါရီ ၂၉ ရက်နေ့ မနေ့ည ရနာရီလောက်က အစိုးရတပ် နဲ့ ကေအိုင်အေတပ်တွေကြား တစ်နာရီကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲကြောင့် မရမ်းကျေးရွာက ဦးအောင်နူးရဲ့ နေအိမ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဗုံးခိုကျင်းထဲမှာ ပုန်းအောင်းနေတဲ့ ဦးအောင်နူးရဲ့ဇနီး ဒေါ်နန်ဘူလုနဲ့ အသက် ၈ နှစ်အရွယ် သားကြီး မောင်ဂမ်ယော့တို့ နေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ဦးအောင်နူးရဲ့ ညာဘက်လက်နဲ့ ညာဘက်ခြေထောက်၊ သူရဲ့သား အသက် ၂ နှစ်ကျော်အရွယ် မောင်လဆန်ရဲ့ ဘယ်ဘက်ခြေထောက်နဲ့ သူ့ရဲ့အဘိုး အသက် ၉၅ နှစ်အရွယ် ဦးဂျန်မော်ဒွဲရဲ့ တင်ပဆုံတို့မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တဲ့အတွက် မြစ်ကြီးနားဆေးရုံကို အရေးပေါ်လူနာအဖြစ်တင်ပို့ပြီး ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

http://www.rfa.org/burmese/news/kachin-moe-kaung-battle-01302013105736.html

ငြိမ်းချမ်းရေး ချီတက်လမ်းလျှောက်ရာမှာ ပါဝင်ခဲ့တဲ့ ပြင်သစ်နိုင်ငံသားကို ဖမ်းဆီး

ရန်ကုန်မြို့ကနေ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ ငြိမ်းချမ်းရေးရရှိဖို့ အတွက် ရည်ရွယ်ပြီး ချီတက် လမ်းလျှောက်နေတဲ့ အဖွဲ့ထဲမှာ ပါဝင်တဲ့ ပြင်သစ်နိုင်ငံသား မစ္စတာ ခရစ္စတိုဖာကို ဒီကနေ့ တောင်ငူမြို့အရောက်မှာ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဒေသဆိုင်ရာ အာဏာပိုင်တွေက လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက စာရင်းတွေနဲ့ စီစစ်လိုက်တဲ့အခါမှာ မစ္စတာ ခရစ္စတိုဖာဟာ Tourist ဗီဇာနဲ့ ဝင်ရောက်လာတဲ့အတွက် တောင်ငူမြို့ကနေ ရန်ကုန်မြို့ကို အစောင့်အရှောက်နဲ့ ပြန်လည်ခေါ်ယူလာပြီး မြန်မာနိုင်ငံ ဆိုင်ရာ ပြင်သစ်သံရုံးကို တဆင့်လွဲပြောင်းပေးမှာ ဖြစ်တယ်လို့ သမ္မတရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောပါတယ်။
ခရစ္စစတိုဖာကို ဒေသဆိုင်ရာ အာဏာပိုင်တွေက တားဆီးခဲ့ပေမယ့် ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်စဲဖို့အတွက် လိုင်ဇာမြို့ကို ချီတက်လမ်းလျှောက်နေတဲ့ အဖွဲ့ကတော့ တောင်ငူမြို့ကနေ ရေတာရှည်မြို့အထိ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

http://www.rfa.org/burmese/news/peace-foreigner-walker-caught-01302013114947.html

ကချင် အရေး ဆန္ဒပြသူ တွေကို ဓါတ်ပုံ ရိုက်တဲ့ ပြင်သစ် လူမျိုး အဖမ်းခံရ

KIA soldiers 
မြန်မာ နိုင်ငံမှာ သတင်းလွတ်လပ်ခွင့် နဲ့ပတ်သက်ပြီး တိုးတက်မှုတွေ ရှိလာတယ်လို့ ဆိုနေကြချိန်မှာ ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်ရေး လိုင်ဇာ အထိ လမ်းလျှောက် ဆန္ဒပြကြသူ တွေကိုဓါတ်ပုံ လိုက်ရိုက်တဲ့ ပြင်သစ် နိုင်ငံသား တစ်ယောက်ကို အာဏာပိုင် တွေက ခေတ္တ ထိမ်းသိမ်းခဲ့ ပါတယ်။
သူ့နာမည်ကို Christopher လို့သာသိရ ပြီး ပြင်သစ် လူမျိုး တစ်ဦး ဖြစ်တယ် ဆိုတာကလွဲရင် သတင်းထောက် တဦး ဟုတ်မဟုတ် ဆိုတာ တိတိကျကျ မပြောနိုင်သေး ပါဘူး။
ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က တော့ သူဟာ ကမ္ဘာလှည့် ခရီးသည် အနေနဲ့ မြန်မာ နိုင်ငံကို ဝင်လာခဲ့တာ ဖြစ်ပြီး သတင်းထောက် ဗီဇာနဲ့ လာခဲ့တာ မဟုတ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။
သူ့ကို တောင်ငူ ကနေ ရန်ကုန်ကို ပြန်ပို့ ခဲ့ပြီး ပြင်သစ် သံရုံးကို လွှဲဖို့ စီစဉ်နေတယ်လို့လည်း ဦးရဲထွဋ်က ပြောပါတယ်။

သူဟာ ကမ္ဘာလှည့် ခရီးသည် တစ်ယောက် အနေနဲ့ ဓါတ်ပုံ ရိုက်လို့ မရဘူးလား၊ ဘာကြောင့် သူဟာ သတင်းယူ တယ်လို့ ပြောနိုင် သလဲ ဆိုတာနဲ့ ပတ်သက်လို့တော့ ဆန္ဒပြ သမား တွေကို ဓါတ်ပုံရိုက်တာ တွေ့လို့ သက်ဆိုင်ရာက ခေါ်ယူ စစ်မေးတဲ့ အခါ သူက ခရီးသည် အဖြစ်သာ ဝင်လာတာ ဖြစ်ကြောင်း တွေ့ရပြီး လမ်းလျှောက် ဆန္ဒ ထုတ်ဖော်တဲ့ အဖွဲ့နဲ့ ဆက်လိုက် သွားရင် သူ့အတွက် အန္တရာယ် ရှိနိုင်တာ ကြောင့် တားဆီးခဲ့ရတာ ဖြစ်တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။
အဲဒီ လမ်းလျှောက်သူ အဖွဲ့နဲ့ လိုက်ပါ နေတဲ့ မနန္ဒာ ကတော့ သူတို့ တောင်ငူ ကနေ မထွက်ခင် Christopher ရောက်လာပြီး လမ်းမှာ အတူ လိုက်လာခဲ့တုန်း အာဏာပိုင် တွေက လာစစ်ပြီး နိုင်ငံကူး လက်မှတ် တောင်းတော့ ထုတ်ပေးတယ်လို့ ဆိုပါတယ်။
မြို့အဝင် ရောက်တော့ လူဝင်မှု ကြီးကြပ်ရေး ဦးစီးမှူးက လမ်းလျှောက် အဖွဲ့နဲ့ ဆက်မသွားဖို့ တားခဲ့တယ်၊ နောက်တနေ့မှာ သူ့ကို ဖမ်းခေါ်သွားတယ်လို့ ပြောပါတယ်။
ရန်ကုန်မြို့က စတင် လမ်းလျှောက် လာခဲ့ ကြတဲ့ အဲဒီအဖွဲ့ရဲ့ ခရီးလမ်း တလျှောက်မှာ အာဏာပိုင် တွေရဲ့ကန့်သတ် ဟန့်တားမှုတွေနဲ့ ကြုံခဲ့ရ ပါတယ်။
သူတို့နဲ့ လိုက်ပါခဲ့တဲ့ ပြင်သစ် နိုင်ငံသား Christopher ဟာ အဲဒီ အဖွဲ့နဲ့ ပတ်သက်လို့ သတင်း ယူတာလို့ အာဏာပိုင်တွေက ယူဆပြီး အခုလို ရန်ကုန်က ပြင်သစ် သံရုံးကို လွှဲအပ်ဖို့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

http://www.bbc.co.uk/burmese/burma/2013/01/130130_french_reporter_arrested.shtml

January 29, 2013

ထိုးစစ်တွေရပ်စဲဖို့ ဆန္ဒရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာ

ကချင်ပြည်နယ်မှာ တစ်နှစ်ခွဲကျော်ကြာ ဖြစ်ပွားနေတဲ့ အစိုးရနဲ့ ကေအိုင်အေ တပ်တွေအကြား ထိုးစစ်တွေရပ်စဲဖို့နဲ့ ထာဝရ ငြိမ်းချမ်းရေး ဆက်လက်တည်ဆောက်သွားဖို့အတွက် အထူးလိုလားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
AFP
၂၀၁၂ ခုနှစ် မတ်လ ၂၇ ရက်က နေပြည်တော်တွင် ကျင်းပသည့် ၆၇ ကြိမ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် စစ်ကြောင်းများအား စစ်ဆေးနေစဉ်။
ဒါဟာ ကချင်ပဋိပက္ခနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက ပထမဦးဆုံးအကြိမ် ထုတ်ပြန်လိုက်တာပါ။
အဲဒီ့သဘောထားထုတ်ပြန်ချက်ကို အပေါင်းလက္ခဏာဆောင်လို့ ကြိုဆိုတယ်လို့ ကေအိုင်အေ တပ်ရင်း (၆) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲ က RFA က တဆင့် အခုလို တုံ့ပြန်လိုက်ပါတယ်။
“ဒါမျိုးထုတ်ပြန်လာတယ် ဆိုကတည်းကတော့ အကောင်းဘက်မှာ ရည်ညွှန်းပြီးတော့ ထုတ်ပြန်တယ်လို့ ယူဆတယ်၊ ဒီမနက်ဖြန် သဘက်ခါဆိုရင် ကျနော်တို့ ကေအိုင်အို အနေနဲ့လည်း ထုတ်ပြန်ကြေညာချက်တစ်ခု ရောက်လာမယ်လို့ယူဆတယ်၊ ဘာဖြစ်လို့လဲဆိုရင် တပ်မတော်က ဒီလိုမျိုးထုတ်ပြန်တယ်ဆိုလို့ရှိရင် ကျနော်တို့ဘက်ကလည်း မထုတ်ပြန်နိုင်စရာ အကြောင်းတော့မရှိပါဘူး၊ အခုလို ပွင့်ပွင့်လင်းလင်း လုပ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့တော့ အားလုံးကြိုဆိုပါတယ်၊ ဘာပဲဖြစ်ဖြစ် အကောင်းဘက်မှာ အပေါင်းလက္ခဏာဆောင်ဖို့ များပါတယ်ဆိုတဲ့ အပိုင်းကို ကျနော်ကလက်ခံပါတယ်”
ဒီကနေ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ အစိုးရတပ်မတော်အနေနဲ့ မိမိကိုယ်ကို ခုခံကာကွယ်တာမျိုးမှအပ ပစ်ခတ်တိုက်ခိုက်တာတွေ မပြုလုပ်ပဲ သမ္မတဦးသိန်းစိန်ရဲ့ ညွှန်ကြားချက်တိုင်း တိတိကျကျ လိုက်နာမယ်လို့လည်း ဖော်ပြထားပါတယ်။

http://www.rfa.org/burmese/news/ministry-defense-order-stop-war-01292013103426.html

ငြိမ်းချမ်းရေးအတွက် KIOနဲ့ လက်တွဲလုပ်မယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနပြော

 
မြန်မာနိုင်ငံတဝှမ်းလုံး ငြိမ်းချမ်းရေး ရရေးအတွက် မြန်မာ့တပ်မတော်အနေနဲ့ KIO/KIA နဲ့ အတူ လက်တွဲ ဆောင်ရွက်သွား မယ်လို့ မြန်မာအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက ဇန္နဝါရီလ ၂၈ရက်နေ့စွဲနဲ့ သတင်း ထုတ်ပြန်လိုက်ပါတယ်။
ကချင်ဒေသမှာ အစိုးရရဲ့ စစ်ဆင် တိုက်ခိုက်မှုတွေဟာ လမ်းပန်း ဆက်သွယ်မှု လုံခြုံ ချောမွေ့စေရေးနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်အား နှောင့်ယှက် ဖျက်ဆီးနေတဲ့ KIA လက်နက်ကိုင် အဖွဲ့ကို တပ်မတော်ရဲ့ မူလတာဝန်အတိုင်း ဆောင်ရွက်ရခြင်းနဲ့ လဂျားယန် တပ်စခန်းရှိ တပ်မတော်သားတွေ ကြုံတွေ့နေရတဲ့ ရိက္ခာ ပြတ်လတ်မှု၊ KIA လက်နက်ကိုင်တွေ ဝိုင်းရံထားမှုတွေကနေ ကယ်တင်ခဲ့ရတဲ့ အကန့်အသတ်နဲ့ ဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေး တရပ်သာ ဖြစ်တယ်လို့ အဲဒီ သတင်း ထုတ်ပြန်ချက် ထဲမှာ ဖေါ်ပြထားပါတယ်။
KIO ကချင် လွတ်လပ်ရေး အဖွဲ့ ဗဟို ကော်မီတီဝင် အရာရှိ ဗိုလ်မှူးကြီး တဦးကတော့ ဒီသတင်း ထုတ်ပြန်ချက်ပါ အချက်တွေဟာ KIA ကို သောင်းကျန်းသူတွေအဖြစ် တဖက်လှည့်နဲ့ စွပ်စွဲထားတာသာ ဖြစ်ကြောင်းနဲ့ မြန်မာ စစ်တပ်က ထိုးစစ်ဆင်နေသမျှ ကာလပတ်လုံး နှစ်ဘက် တွေ့ဆုံဆွေးနွေးဖို့ မဖြစ်နိုင်ကြောင်း ဘီဘီစီကို ပြောပါတယ်။
KIO နဲ့ အစိုးရ အကြား ငြိမ်းချမ်းရေး ကြားဝင် စေ့စပ်ပေးဖို့ စီစဉ်နေတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ အဖွဲ့ဝင် KNPP က ဦးအောင်ဆန်းမြင့်ကတော့ ခုလက်ရှိမှာ စစ်တပ်ရဲ့ အပြောနဲ့ အလုပ် မညီတာ တွေ့နေရကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရေးဟာ အပစ်အခတ်ရပ်စဲရေး ခိုင်မာမှု မခိုင်မာမှုပေါ်မှာ မူတည်နေပြီး စစ်တပ်က လိုလိုလားလား ပါဝင် ဆောင်ရွက်ဖို့ လိုကြောင်း၊ အခုလို ကာကွယ်ရေး ဝန်ကြီးဌာနက ငြိမ်းချမ်းရေးမှာ ထဲထဲဝင်ဝင် ပါဝင်လာမယ် ဆိုရင်တော့ ကောင်းမွန်တဲ့ ဦးတည်ချက်ကို သွားတယ် လို့ ယူဆနိုင်မှာ ဖြစ်ကြောင်း ဘီဘီစီကို ပြောပါတယ်။
UNFC အဖွဲ့အနေနဲ့ မကြာခင်ရက်ပိုင်းမှာ အစည်းအဝေး ခေါ်ယူပြီး ကချင်အရေး ဆွေးနွေးဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

http://www.bbc.co.uk/burmese/burma/2013/01/130129_kachin_defenceministry.shtml

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများ တောင်ငူ ရောက်ပြီ

မေစစ်ပိုင် (ဧရာဝတီ) ၊ January 29, 2013

ရန်ကုန်မှ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ ငြိမ်းချမ်းရေးလမ်းလျှောက်သည့်အဖွဲ့သည် ယနေ့ နေ့လယ် ၂ နာရီတွင် တောင်ငူမြို့သို့ ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့ကို တောင်ငူမြို့ပေါ်ရှိ အာဏာပိုင်များက ဖမ်းဆီးမည်ဟု အသံများ ထွက်ပေါ်နေသော်လည်း လက်ရှိအချိန်အထိ တားမြစ်ဖမ်းဆီးခြင်းများ မရှိသေးကြောင်း ယင်းအဖွဲ့တွင် ပါဝင်လမ်းလျှောက်သည့် ဆရာတော် ဦးရက္ခဝံသက ဆိုသည်။

“အာဏာပိုင်တွေက လာပြီး တားဆီးခြင်းမရှိသေးဘူး ဆိုပေမယ့် မြို့အဝင်တည်းက အထူးရဲတပ်ဖွဲ့တွေက လိုက်နေတယ်။ တားဆီးတာရှိလည်း ဖြေရှင်းပြီးတော့ ဆက်သွားမှာပဲ” ဟု ဆရာတော်က ဧရာဝတီသို့ မိန့်သည်။

၎င်းအဖွဲ့အနေဖြင့် တားဆီးမှုများရှိသည့် တိုင်အောင် လိုင်ဇာမြို့သို့ ရောက်သည်အထိ လမ်းလျှောက်မည်ဖြစ်ပြီး တနေ့လျှင် မိုင်၂၀ အထိ ရောက်အောင် လျှောက်မည်ဟု သိရသည်။ လက်ရှိအဖွဲ့အတွင်း သံဃာတော် ၅ ပါးနှင့် လမ်းလျှောက်သူ ၃၀ ဦး ပါရှိသည်။

ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့သည် တောင်ငူမြို့ပေါ်ရှိ သီရိဥသျှောင်ဘုန်းကြီးကျောင်းတွင် တည်းခိုမည်ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့အတွက် သီချင်းဆိုကာ အလှူငွေကောက်ခံရန် တောင်ငူမြို့သို့ ယမန်နေ့က ရောက်ရှိခဲ့သည့် “ပန်းရဲ့လမ်း” လူမှုကွန်ရက်အဖွဲ့ဝင်တဦးက “ကျနော်တို့ လမ်းလျှောက်အဖွဲ့အတွက် သီချင်းဆိုပြီး အလှူငွေ သွားရှာဖို့ ရောက်သွားတာပါ။ မြို့အုပ်ချုပ်ရေးမှူးကတော့ သီချင်းဆိုတာ ခွင့်ပြုချက်မယူလို့ဆိုပြီး ခေါ်စာပို့တယ်၊ ခံဝန်လက်မှတ်တော့ ထိုးလိုက်ရတယ်” ဟု ပြောသည်။

ပန်းရဲ့လမ်း လူမှုကွန်ရက်အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးလမ်းလျှောက်သူများကို အလှူငွေများ လှူနိုင်ရန်အတွက် တောင်ငူမြို့ပေါ်၊ မြို့သစ်နှင့် အုတ်တွင်းမြို့တို့တွင် သီချင်းများဆိုကာ ရန်ပုံငွေများရှာဖွေခဲ့ကြောင်း၊ တောင်ငူမြို့ အုပ်ချုပ်ရေးမှူးက သီချင်းဆိုရန် ကြိုတင်ခွင့်ပြုချက် ယူရမည်ဟုဆိုကာ ခေါ်စာနှစ်ကြိမ် ပို့ခဲ့ပြီး လာမည့် ၃၁ ရက်နေ့မှသာ မြို့ပေါ်တွင် သီချင်းဆိုခွင့်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

လိုင်ဇာမြို့အထိ လမ်းလျှောက်ချီတက်မည့် ငြိမ်းချမ်းရေးအဖွဲ့ကို တောင်ငူမြို့အရောက်တွင် ဖမ်းဆီးမည်ဟု မြို့ပေါ်ရပ်ကွက်များတွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ အမိန့်စာထုတ် ကြေညာသည် ဆိုသည့်သတင်းနှင့် ပတ်သက်၍ အတည်ပြုချက် ရယူရန် ဧရာဝတီက တောင်ငူခရိုင် ရဲစခန်းမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ အဆိုပါရုံးမှ တာဝန်ရှိသူတဦးက အထက်အဖွဲ့အစည်း၏ ညွှန်ကြားချက်မရှိသဖြင့် ဖြေကြားပေးရန် မဖြစ်နိုင်ကြောင်း ပြန်လည်ပြောဆိုသည်။

တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကလည်း ဧရာဝတီက ဆက်သွယ်သည့် တယ်လီဖုန်းကို လက်ခံဖြေကြားခြင်းမရှိပေ။

ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့သည် ရန်ကုန်မြို့မှ ဇန်နဝါရီ ၂၁ ရက်နေ့တွင် စတင်ထွက်ခွာခဲ့ပြီး ၉ ရက်မြောက်နေ့တွင် တောင်ငူမြို့အထိ ရောက်နေပြီဖြစ်ပြီး ထိုမှတဆင့် မည်သည့်မြို့သို့ ခရီးဆက်ရမည်ကို စဉ်းစားဆဲဖြစ်ကြောင်း အဖွဲ့ဝင် ဆရာတော် ဦးရက္ခဝံသက ပြောသည်။


http://drlunswe.blogspot.com/2013/01/blog-post_2788.html

ဝ တပ်ဖွဲ့၏ ဖိတ်ခေါ်မှု KIO လက်ခံကြောင်း ပြန်ကြား

ဖနိဒါ၊ အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၉ ရက် ၂၀၁၃ ခုနှစ် ၁၆ နာရီ ၄၈ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။ ။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ ပန်ဆန်းမြို့တွင် တွေ့ဆုံဆွေးနွေးရန် ဝ'ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ဖိတ်ခေါ်ချက်ကို KIO ဘက်မှ လက်ခံကြောင်း အင်္ဂါနေ့တွင် အကြောင်းပြန်ခဲ့သည်ဟု UWSA ပြောရေးဆိုခွင့်ရသူ ဦးအောင်မြင့်က ပြောသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်းရှိ UWSA ဌာနချုပ် ပန်ဆန်းမြို့တွင် နှစ်ဘက်တွေ့ဆုံမှုကို UWSA က ကြားဝင်ကူညီပေးမည့် အဆိုပြုချက်အပေါ် လက်ခံကြောင်း KIO ဘက်မှ စာပြန်လာခြင်းဖြစ်သည်။

“KIO တို့ဘက်ကနေ ပြန်ဆက်သွယ်လာပါတယ်။ ပန်ဆန်းမှာ လာတွေ့ဖို့ သူတို့ သဘောတူပါတယ် ဆိုပြီးတော့ ဒီနေ့ နေ့လည်လောက်က သတင်းပို့လာတယ်။ အစိုးရဘက်က ဒီမှာဆွေးနွေးဖို့ လက်ခံတယ်ဆိုတာ ကျနော်တို့ဆီ ပို့လိုက်ပါပြီ။ ဆိုတော့ အစိုးရဘက်ကိုလည်း အခုပဲ သတင်းပို့နေတယ်” ဟု မဇ္စျိမကို ပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီဘက်မှလည်း KIO မှ လက်ခံပါက ၎င်းတို့လည်း လက်ခံနိုင်ကြောင်း သဘောထားပေးပို့ထားပြီး ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းအနေနှင့် KIO ဘက်မှ လက်ခံပါက တွေ့ဆုံရန်ရှိကြောင်းလည်း ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက မဇ္စျိမကို အင်္ဂါနေ့ နေ့လည်ပိုင်းက ဖြေကြားထားပြီးဖြစ်သည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဘက် ဦးတည်နေသော်လည်း KIO နှင့် အစိုးရအကြား တိုက်ပွဲများ မရပ်စဲဘဲ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသဖြင့် ယခုကဲ့သို့ ကြားဝင်ကူညီခွင့်ရသဖြင့် တိုင်းပြည်အတွက် အကျိုးရှိမည်ဟု ဦးအောင်မြင့်က ပြောသည်။

“နှစ်ဘက်စလုံးက ယုံကြည်မှုနည်းနေတယ်၊ စစ်ကြောင့် ဒုက္ခသည်တွေလည်း သောင်းနဲ့ချီ ရှိနေပြီ။ အခြေအနေက မကောင်းဘူး။ ဒါကြောင့် နှစ်ဘက်တွေ့ဆုံနိုင်အောင်၊ အခုအချိန်မှာ ကချင်ကို အစိုးရက လာပါဆိုရင်လည်း ဘယ်သွားမလဲ။ ဒါကြောင့် ကျနော်တို့ဆီမှာ ဖြစ်နိုင်မလား။ ဖြစ်နိုင်ရင် ပန်ဆန်းမှာလာပြီး တွေ့ဆုံပါ။ ကျနော်တို့ ကူညီပ့ံပိုးပေးပါ့မယ်ဆိုတဲ့ ဆန္ဒမျိုးပါ” ဟု ၁၉၈၉ ခုနှစ်ကတည်းက အပစ်အခတ်ရပ်စဲထားသည့် UWSA ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က မဇ္စျိမကို ပြောသည်။

မည်သည့်နေ့ တွေ့ဆုံမည်ကို ညှိနှိုင်းနေဆဲဖြစ်ပြီး ထိုသို့တွေ့ဆုံနိုင်ရေးအတွက် KIO သို့ မဇ္စျိမက ကြိုးစားဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်ပြတ်တောက်နေသည်။

http://drlunswe.blogspot.com/2013/01/kio_29.html

January 28, 2013

ဂုဏ်သိက္ခာရှိပြီး တိုးတက်တဲ့နိုင်ငံဖြစ်ဖို့ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မြန်မာနိုင်ငံဟာ ဂုဏ်သိက္ခာရှိပြီး သာယာဝပြောတဲ့ နိုင်ငံဖြစ်ဖို့ အရေးကြီးတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည် က အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီကျွန်း ဟိုနိုလူလူမြို့ Rotary International’s Global Peace ညီလာခံ ငြိမ်းချမ်းရေးဆုလက်ခံတဲ့ အခမ်းအနားမှာ စနေနေ့က ပြောကြားခဲ့ပါတယ်။
Photo: pillarsofpeacehawaii.org
Aloha ရှိ Pillars of Peace Hawai‘ မှာ မိန့်ခွန်းပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ
မြန်မာနိုင်ငံဟာ တိုင်းရင်းသားတွေအားလုံး သင့်သင့်မြတ်မြတ် လက်တွဲနေထိုင်တဲ့ နိုင်ငံဖြစ်ဖို့ လိုအပ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသွားတယ်လို့ အဲဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့၊ ယာဝိုင်ယီကျွန်းမှာ နေထိုင်သူ မမီးမီး က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပညာရေးနဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု ကဏ္ဍတွေ နိမ့်ကျနေပြီး နိုင်ငံတကာအကူအညီတွေ လိုအပ်နေပြီး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် ကူညီပံ့ပိုးဖို့ကိုလည်း မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။
ပြည်ပရင်းနှီးမြှုပ်နှံမှုပိုင်းမှာလည်း ကျင့်ဝတ်သိက္ခာနဲ့အညီ ရင်းနှီးမြှုပ်နှံကြဖို့၊ အကူအညီပေးမယ်ဆိုရင် ရောဂါတိုက်ဖျက်ရေး၊ အခြေခံပညာရေး၊ ပဋိပက္ခဖြေရှင်းရေး၊ လူထုဆက်သွယ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စတဲ့ ကဏ္ဍတွေမှာ ပံ့ပိုးကူညီကြဖို့ ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းခဲ့ပါတယ်။

ကချင်ပြည်နယ်မှာ အစိုးရတပ်တွေနဲ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လူထောင်သောင်းချီ နေရပ်စွန့်ခွာနေရပါတယ်။ ဒီပဋိပက္ခကို စေ့စပ်ဆွေးနွေးတဲ့နည်းနဲ့ အဆုံးသတ်နိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Rotary Global Peace Foundation ကမ္ဘာလုံးဆိုင်ရာ Rotary ငြိမ်းချမ်းရေးဖောင်ဒေးရှင်းဟာ အဖွဲ့ဝင် တစ်သန်းနှစ်သိန်းရှိတဲ့ နိုင်ငံတကာလူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့ဖြစ်ပါတယ်။

Rotary International’s Global Peace ညီလာခံ ငြိမ်းချမ်းရေးဆုလက်ခံတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ မိန့်ခွန်း နဲ့ပတ်သက်ပြီး ဒေါ်စန်းစန်းတင်က တင်ပြမှာပါ။



http://www.rfa.org/burmese/news/dassk-model-country--01282013010113.html
အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။

လိုင်ဇာကို သိမ်းရုံနဲ့ ငြိမ်းချမ်းရေး မရနိုင်လို့ ဒေါ်ဒွဲဘူ တုံ့ပြန်ပြောဆို

RFA ၊ 2013-01-28

KIO ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာကို သိမ်းပိုက်ပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင် ကချင်ပြည်သူ တယောက်အနေနဲ့ရော လွှတ်တော်ကိုယ်စားလှယ် တယောက်အနေနဲ့ပါ ကန့်ကွက်တယ်လို့ ကချင်တိုင်းရင်းသူ အင်ဂျန်းယန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဒီကနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ ပြည်သူ့လွှတ်တော် ကျင်းပပြီးချိန်မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် KIA လိုင်ဇာဌာချုပ်ကို အရင်သိမ်းပိုက်ပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖြစ်နိုင်မယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေရဲ့ ပြောဆိုချက်ကို ကချင်ပြည်နယ်၊ အင်ဂျန်းယန်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပြီး တုံ့ပြန်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးရဖို့ လွှတ်တော်ရဲ့ တိုက်တွန်းချက်တွေကို နှစ်ဖက်တပ်တွေက လိုက်နာဖို့ လိုအပ်ကြောင်း၊ လွှတ်တော်ရဲ့ တိုက်တွန်းချက်ဟာ လိုင်ဇာတခုထဲမဟုတ်ဘဲ ကချင်ပြည်နယ်တခုလုံးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ထိုးစစ်တွေကိုလည်း ရပ်တန့်ဖို့လည်း ပါ၀င်ကြောင်း ဒေါ်ဒွဲဘူက ပြောပါတယ်။

အခုလ ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း သမ္မတ ဦးသိန်းစိန်အနေနဲ့ တမ်မတော်ကို ခုခံကာကွယ်သည်မှအပ ထိုးစစ်ဆင်တာတွေရပ်ဖို့ ညွှန်ကြားထားပြီးဖြစ်သလို ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အစည်းအဝေးတွေမှာလည်း ကချင်ပြည်နယ် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မယ့် အရေးကြီးအဆိုတွေ တင်သွင်းဆွေးနွေးခဲ့ကြပါတယ်။


http://drlunswe.blogspot.com/2013/01/blog-post_9181.html

January 27, 2013

ပဋိပက္ခဖန်တီးသူတွေ အဆုံးသတ်ရဲတဲ့ သတ္တိ ရှိဖို့လို


ကချင်ဒေသ လက်နက်ကိုုင်ပဋိပက္ခတွေကြားမှာ အပြစ်မဲ့ ပြည်သူတွေ မြေဇာပင်ဖြစ်ပြီး အတိဒုုက္ခရောက်နေရတဲ့အကြောင်း NLD အမျိုးသားဒီမုုိကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုုကြည် က ဟာဝိုုင်ယီ ငြိမ်းချမ်းရေး အဖွဲ့အစည်းတခုုဖြစ်တဲ့ Pillars of Peace အဖွဲ့ကြီးက ကျင်းပတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုုံ ဆွေးနွေးပွဲမှာ ပြောဆုုိသွားပါတယ်။ ပဋိပက္ခကိုု ဖန်တီးသူတွေအနေနဲ့ အဆုုံးသတ်ရဲတဲ့ သတ္တိရှိဖုုိ့လိုုတယ်လိုု့ သူက ဆုုိပါတယ်။ ဆွေးနွေးပွဲကိုု တက်ရောက် သတင်းယူခဲ့တဲ့ ကိုုသိန်းထိုုက်ဦးက ဟိုုနုုိလူလူကနေ သတင်းပေးပိုု့ပါတယ်။

ငြိမ်းချမ်းရေးအတွက် အပေးအယူလုပ် ညှိနှိုင်းရဲတဲ့သတ္တိရှိဖို့ လိုတယ်ဆိုတာ ပြောဆိုရင်း အပေးအယူ ညှိနှိုင်းတာကို အရှုံးပေးလိုက်ရတာ ဆိုပြီး မှားယွင်း ရှုမြင်တတ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်းထဲမှာ ထောက်ပြ ပြောဆိုသွားပါတယ်။ စေ့စပ်ညှိနှိုင်းအဖြေရှာဖို့ ပျက်ကွက်ခဲ့ တာကြောင့် မြန်မာနိုင်ငံမှ လူမျိုးစု ပဋိပက္ခတွေ ဆက်ရှိနေသေးတာ ဖြစ်တဲ့အကြောင်း ပြောဆို သွားရင်းနဲ့ ကချင်ပြည်နယ် တိုက်ပွဲတွေကြား အမျိုးသမီးနဲ့ ကလေးငယ်တွေ အတိဒုက္ခရောက်နေရတဲ့ အနေအထားတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

“ဘေးဒုက္ခအများဆုံး ရင်ဆိုင်နေရသူတွေဟာ အပြစ်မဲ့တဲ့ အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်ပြီး သူတို့ဟာ ပဋိပက္ခကို ဖန်တီးသူ၊ ပဋိပက္ခ ဖြစ်နေအောင် လုပ်နေသူတွေ မဟုတ်တဲ့အကြောင်း၊” - ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အာဏာနဲ့ လုပ်ပိုင်ခွင့် ရှိသူတွေက မေတ္တာထားဖို့နဲ့ သတ္တိရှိဖို့၊ တခြား အရာတွေကို ပိုပြီး ဦးစားပေးနေတာကြောင့် အပြစ်မဲ့ပြည်သူတွေအတွက် ငြိမ်းချမ်းရေးကို မရနိုင်တာလို့ သူက ဆိုပါတယ်။

“ဒီနေရာမှာ သတ္တိဆိုတာ ရုပ်ပိုင်းဆိုင်ရာ အရ ပြသတဲ့ သတ္တိမျိုးကို ဆိုလိုတာ မဟုတ်သလို စစ်မြေပြင်မှာပြတဲ့ သတ္တိမျိုးကို သတ္တိလို့ ဆိုလိုတာ မဟုတ်ဘူး။ တခါတရံမှာ စစ်မြေပြင်မှာ မသွားတော့ဘူးလို့ ငြင်းဆန်တာကလည်း သတ္တိဖြစ်ပြီး ဒီလောက်ဆိုရင် တော်ပြီ၊ လုံလောက်ပြီလို့ ပြောရတာကလည်း သတ္တိဖြစ်တဲ့အကြောင်း၊ တယောက်ယောက်က ဒါကို အဆုံးသတ်သင့်ပြီလို့ ပြောရဲဖို့လိုတဲ့အကြောင်းနဲ့ ပဋိပက္ခကို အစပြု ဖန်တီးတဲ့သူတွေ ရှည်ကြာအောင် ဆက်လုပ်နေသူတွေ ဘက်က အဆုံးသတ်ရဲတဲ့သတ္တိရှိဖို့ လိုတဲ့အကြောင်း၊” - ဒေါ်အောင်ဆန်းစုကြည် ပြောဆိုသွားတာပါ။

ငြိမ်းချမ်းရေးအတွက် အပြောင်းအလဲတွေ လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အပြောင်းအလဲတွေ အတွက် ပြင်းပြင်းထန်ထန် အလုပ် လုပ်ရမှာ ဖြစ်ပြီး မဖြစ်မနေ ဆက်လုပ်မယ်ဆိုတဲ့ သံန္နိဌာန် ခိုင်မာဖို့လည်း လိုတယ်လို့ သူက ပြောပါတယ်။ ငြိမ်းချမ်းရေးရဖို့အတွက် လက်တွေ့ လုပ်ဆောင်ဖို့ လိုတယ်ဆိုတာကိုလည်း မီးကို ငြိမ်းချင်ရင် မဖြစ်မနေ လက်တွေ့ ငြိမ်းသက်ရတဲ့ဥပမာနဲ့ နှိုင်းယှဉ်ပြောပြသွားပါတယ်။
အရင် စစ်အစိုးရဘက်က တွေ့ဆုံဆွေးနွေးတယ် ဆိုတာကို တဘက်ဘက်က လုံးဝ ရှုံးနိမ့်သွားမှ ဆွေးနွေးတာလို့ ရှုမြင်ခဲ့တဲ့အတွက် တွေ့ဆုံဆွေးနွေးရေးကို ငြင်းပယ်ခဲ့တဲ့ အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြပါတယ်။

“တွေ့ဆုံ စကားပြောတယ်ဆိုတာ တဘက်နဲ့တဘက် အပေးအယူလုပ် ညှိနှိုင်းတာမျိုး ဆိုတာကို သူ့ဘက်က အကြိမ်ကြိမ် ရှင်းပြခဲ့တဲ့အကြောင်း၊” - ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အပေးအယူဆိုတာ ကိုယ့်ဘက်က အားလုံးကို ယူတာဆိုတဲ့ မှားယွင်းတဲ့ ရှုမြင်ချက်မျိုးနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ မဟုတ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြခဲ့ပါတယ်။

မြန်မာပြည် ဒီမိုကရေစီခရီး နှစ် ၂၀ ကျော်အတွင်းမှာ ဒီမိုကရေစီ မရသေးဘူး ဆိုရင်တောင် ပဋိပက္ခတွေကို စေ့စပ်ညှိနှိုင်းရမယ်ဆိုတဲ့ အမြင်သဘောထားတွေ ကိုတော့ အစပျိုး လက်ခံလာတာတွေ ရှိနေပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ကချင်ဒေသ ငြိမ်းချမ်းရေးဟာလည်း စေ့စပ်ဆွေးနွေးရေး လုံးဝ ပျက်ပြယ်သွားပြီဆိုတာမျိုး မဟုတ်တဲ့အကြောင်း၊ အားလုံး လိုလားတဲ့ ငြိမ်းချမ်းရေးမျိုး မျှော်လင့်ချက်တွေ ရှိနေသေးတယ် ဆိုတာကို ဒေါ်အောာင်ဆန်းစုကြည်က မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

http://burmese.voanews.com/content/dassk-kachin-peace-01-27-13/1591743.html

မြန်မာပြည် ငြိမ်းချမ်းသာယာရေး ၀ိုုင်းဝန်းကူညီဖို့ ဒေါ်စုပန်ကြား

မြန်မာနုုိင်ငံ ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝချမ်းသာရေး အတွက် ၀ိုုင်းဝန်းကူညီပ့ံပိုုးပေးကြဖိုု့ ဟာဝိုုင်ယီကျွန်း ဟိုုနုုိလူလူမှာ ဒီကနေ့ ကျင်းပတဲ့ Rotary Global Peace Foundation အဖွဲ့ကြီးရဲ့ ညီလာခံမှာ ငြိမ်းချမ်းရေးဆုုကိုု လက်ခံရယူတဲ့ NLD အမျိုးသားဒီမိုုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုုကြည် က တိုုက်တွန်းပြောဆုုိပါတယ်။ မြန်မာပြည်ရဲ့အခြေအနေအပေါ် အလွန်အကျွံ အကောင်းမြင်တာမျိုး မဖြစ်ဖိုု့လိုုသလိုု အကောင်းဘက်ကိုု ဦးတည်တဲ့ ဖြစ်လာနုုိင်ခြေ အနေအထား တွေကိုုလည်း ပစ်ပယ်မထားဖိုု့ လိုုမယ်လိုု့ ညီလာခံ တက်ရောက်သူတွေကိုု ပန်ကြားသွားခဲ့တာပါ။ အပြည့်စုံကို ဟိုုနုုိလူလူကနေ ကိုုသိန်းထိုုက်ဦး သတင်းပေးပိုု့ထားပါတယ်။

မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ ချမ်းသာကြွယ်ဝမှု ရှေ့ မျှော်မှန်းချက်တွေအကြောင်း ပြောကြား ရင်း ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ရဲ့ လက်ရှိ အခြေအနေတွေကို ၄၅ မိနစ်ကြာ မိန့်ခွန်းမှာ အသေးစိတ် ရှင်းလင်းသွားခဲ့ပါတယ်။ ဟိုနိုလူလူ အခြေစိုက် Rotary Global Peace Foundation အဖွဲ့ကြီးဟာ ကမ္ဘာတဝှမ်း အဖွဲ့ဝင် တစ်သန်းနှစ်သိန်းရှိပြီး နိုင်ငံတကာကို လူသားချင်းစာနာမှု အကူအညီတွေ ပေးနေတဲ့အဖွဲ့ကြီးလည်း ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းမှာ အဖွဲ့ခွဲပေါင်း သုံးထောင်လောက် ရှိပါတယ်။

“မြန်မာနိုင်ငံကို အကူအညီပေးမယ်ဆိုရင် ရောဂါတိုက်ဖျက်ရေးနဲ့ ကုုသရေး၊ ရေရရှိရေးနဲ့ မိလ္လာဆောက်လုပ်ရေး အကူအညီ၊ အခြေခံပညာရေးနဲ့ စာတတ်မြောက်ရေးကိစ္စ၊ ယဉ်ကျေးမှုနားလည်ရေးနဲ့ ပဋိပက္ခ ဖြေရှင်းရေး၊ လူတွေ အချင်းချင်း ဆက်သွယ်ရေး အတတ်ပညာနဲ့ သဘာဝဝန်းကျင် ထိန်းသိမ်းရေး ကိစ္စတွေမှာ ပါ၀င်ကူညီနိုင်မှာ ဖြစ်တယ်။” - လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာပြည်ဟာ ကမ္ဘာမှာ ကျန်းမာရေး စောင့်ရှောက်မှု အဆိုးရွားဆုံး နိုင်ငံတွေထဲက တိုင်းပြည် တခု ဖြစ်နေပြီး အရှေ့တောင်အာရှမှာ မွေးကင်းစ ကလေးငယ်သေဆုံးမှုနှုန်း အများဆုံးနိုင်ငံထဲက တခုဖြစ်တဲ့အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ၊ ပညာရေးကဏ္ဍ အကူအညီ လိုအပ်နေတဲ့ အနေအထားတွေနဲ့ ပြုပြင် ပြောင်းလဲဖို့ လိုအပ်နေတဲ့ အခြေအနေတွေကို မိန့်ခွန်းမှာ အသေးစိတ် ထည့်သွင်း ပြောဆိုပါတယ်။

“စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်တွေအပြင် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တိုင်းရင်းသား လူမျိုးစုတွေအကြား မယုံကြည်မှု၊ အမုန်းတရားနဲ့ စိုးရိမ်မှုတွေ ကင်းစင်ပြီး သင့်မြတ်ရေးနဲ့ လက်တွဲနေထိုင်တဲ့ နိုင်ငံတခု ဖြစ်ဖို့လိုတဲ့အကြောင်း။” - ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲမှာ ထည့်သွင်းပြောသွားပါတယ်။

မြန်မာပြည်မှာ ကျင့်ဝတ်သိက္ခာနဲ့ညီတဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်ပြီး မြန်မာပြည်သူတွေကို ကူညီပံ့ပိုးပေးဖို့လည်း Rotary Global Peace Foundation အဖွဲ့ကြီးက အဖွဲ့ဝင်တွေကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

“ပြန်လည်သင့်မြတ်ရေးနဲ့ ရှေ့ဆက်သွားရမယ့်နိုင်ငံမှာ​ စစ်တပ်ကို ပြည်သူတွေက သူတို့ကို ကာကွယ်စောင့်ရှောက်တဲ့ အဖွဲ့အစည်းတခုအဖြစ် မြင်လာပြီး အရင်ကလို ဖိနှိပ်သူတွေအဖြစ် မမြင်တော့တဲ့ အပြောင်းအလဲတွေ ပေါ်လာဖို့လည်း လိုအပ်တယ်။” - လို့ ဆိုပါတယ်။ မြန်မာပြည် အနာဂတ်ရှေ့ရေး မျှော်မှန်းချက်တွေကို အကောင်အထည် ဖော်ရာမှာ မြန်မာပြည်သူတွေနဲ့အတူ လက်တွဲပြီး ရည်မှန်းချက်တွေ အောင်မြင်အောင် ၀ိုင်းဝန်းကူညီပေးဖို့ Rotary Global Peace Foundation အဖွဲ့က အဖွဲ့ဝင်တွေကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။ 
 
 
ကိုသိန်းထိုက်ဦး
http://burmese.voanews.com/content/dassk-rotary-peace-01-27-13/1591819.html

ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်မယ်လို့ မျှော်လင့်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာပါတဲ့ တစ်ချို့အချက်တွေဟာ ဒီမိုကရေစီ စနစ်နဲ့ ဆန့်ကျင်နေတာကြောင့် ပြင်ဆင်ဖို့ လိုအပ်ကြောင်း၊ ပြင်ဆင်နိုင်မယ်လို့လည်း မိမိအနေနဲ့ မျှော်လင့်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံ ဟာဝိုင်အီကျွန်းက ဆွေးနွေးပွဲမှာ ပြောလိုက်ပါတယ်။
Photo:East-West Center
ဇန်နဝါရီ ၂၅ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဟာဝိုင်ရီမြို့ရှိ East-West Center တွင် မိန့်ခွန်းပြောကြားနေစဉ်။
ပြီးခဲ့တဲ့ သောကြာနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့က ဟာဝိုင်အီပြည်နယ် အခြေစိုက် East-West center အဖွဲ့အစည်းက လက်ခံကျင်းပတဲ့ ဆွေးနွေးပွဲမှာ ပရိသတ်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်မလားလို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြင်ဆင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြန်လည် ဆွေးနွေးခဲ့တာပါ။
၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်ဆင်ဖြည့်စွက်စရာတွေ အတော်များများရှိတဲ့အထဲက ၂ ချက်ကို ထောက်ပြ ဆွေးနွေးသွားခဲ့ပြီး၊ အဲဒီအထဲမှာ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်ဖို့ အဟန့်အတားဖြစ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တဲ့အပြင်  “တိုင်းရင်းသားအားလုံးရဲ့ မျှော်မှန်းချက်တွေကို အာမခံတဲ့ ဖဲဲွ့စည်းပုံ အခြေခံဥပဒေ ဖြစ်လာမှသာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားအားလုံး အတူတကွ ငြိမ်းချမ်းစွာ နေထိုင်နိုင်တဲ့ အခြေအနေကို ရောက်ရှိလာမှာ ဖြစ်ပါတယ်လို့” ပြောခဲ့ပါတယ်။
ဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ နိုင်ငံတော် သမ္မတဖြစ်ပိုင်ခွင့်ကို ကန့်သတ်ပြဌာန်းထားတဲ့ အချက်ဟာ လူပုဂ္ဂိုလ် တစ်ယောက်ကို ဦးတည်ရေးဆွဲပြဌာန်းထားတာဖြစ်တဲ့အတွက် မသင့်လျှော်ကြောင်းနဲ့ ပြင်ဆင်ဖို့ လိုအပ်ကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
အခြေခံ ဥပဒေမှာပါတာက  မိသားစုဝင်ထဲမှာ အိမ်ထောင်ဖက် ဒါမှမဟုတ် သားသမီးဟာ နိုင်ငံခြားသား အဖြစ်ခံယူထားရင် သမ္မတဖြစ်ခွင့် မရှိဘူးလို့ ပြဌာန်းထားပါတယ်။
ဒါ့အပြင် လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်မယ်ဆိုရင် လွှတ်တော်အမတ် ရ၅% ကျော်ရဲ့ ထောက်ခံမဲ ရရှိမှသာ ပြင်ဆင်နိုင်မှာ ဖြစ်တဲ့အပြင် လွှတ်တော်အသီးသီးမှာ တပ်မတော်သား ကိုယ်စားလှယ် တွေက ၂၅% အသီးသီးရယူထားတာကြောင့် ပြင်ဆင်ဖို့ ခက်ခဲကြောင်း ဒါပေမယ့် တပ်မတော်သား ကိုယ်စားလှယ်တွေထဲမှာလည်း နိုင်ငံကောင်းကျိုးကို မြင်ချင်တဲ့ ကိုယ်စားလှယ်တွေ ရှိတဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်မယ်လို့ မိမိအနေနဲ့ မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

http://www.rfa.org/burmese/news/2008-constitution-repair-01272013091411.html

မန္တလေးမှာ ငြိမ်းချမ်းရေး စာတမ်း ဖတ်ပွဲနဲ့ ဆွေးနွေးပွဲ ကျင်းပ

ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က စီစဉ်တဲ့ ငြိမ်းချမ်းရေး စာတမ်းဖတ်ပွဲနဲ့ ဆွေးနွေးပွဲကို မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် ရဲမွန် တောင်ရပ်ကွက်က ကံတက်ကုန်း မစိုးရိမ် ကျောင်းတိုက်မှာ မနေ့က နေ့လည်ပိုင်းက ကျင်းပခဲ့ပါတယ်။
Photo:RFA/San Oo
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်က ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာကျင်းပခဲ့တဲ့ငြိမ်းချမ်းရေးစာတမ်းဖတ်ပွဲနဲ့ ဆွေးနွေးပွဲကို တွေ့ရစဉ်။
ဒီစာတမ်းဖတ်ပွဲနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာ ငြိမ်းချမ်းရေး အရေးတကြီးလိုအပ်နေတယ်လို့ ဗကသများအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုမိုးထက်နေက RFA ကို ပြောပါတယ်။
"ငြိမ်းချမ်းရေးဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် အရေးတကြီးလိုအပ်နေတဲ့ အချက်ဖြစ်တယ်။မြန်မာပြည်ရဲ့ အထွေထွေပြဿနာကို ရှင်းလင်းနိုင်မယ့် ရာခိုင်နှုန်းအများစုရဲ့ အဖြေလည်း ထင်တယ်။ကျွန်တော်တို့ ဗကသထက် အရည်အချင်းအားဖြင့် ၊ပညာအားဖြင့်၊အဆက်အသွယ်အားဖြင့် ကောင်းမွန်တဲ့ အဖွဲ့အစည်းတွေက တာဝန်ယူပြီးတော့ ကွန်ရက်တစ်ခုဖြစ်လာပါစေဆိုတဲ့ ရည်ရွယ်ချက်လည်း ဖြစ်တယ်"
ဒီအခမ်းအနားကို ဗကသများအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ၊ စိမ်းရောင်စို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်း၊နိုင်ငံရေးအကျဉ်းသားဟောင်းများ ကွန်ရက်၊ တက္ကသိုလ်ဆရာ/ဆရာမများ အသင်း၊ တမာအရိပ်၊ မြန်မာမွတ်ဆလင်အဖွဲ့ စတဲ့ အဖွဲ့အစည်း တွေက ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးသမားတချို့ တက်ရောက်ခဲ့ပါတယ်။
စာတမ်းဖတ်ပွဲအပြီးမှာ စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ခဲ့ကြပြီး ငြိမ်းချမ်းရေး၊ ပြည်တွင်းစစ်ရပ်စဲရေးစတဲ့ အကြောင်းအရာတွေကို ပြောဆိုခဲ့ကြပါတယ်။

http://www.rfa.org/burmese/news/mdy-seminar-peace-01272013021838.html

ငြိမ်းချမ်းရေးအတွက် သတ္တိနဲ့ ကရုဏာတရား လိုအပ်

ငြိမ်းချမ်းရေးအတွက် သတ္တိနဲ့ကရုဏာတရား လိုအပ်ပါတယ်လို့ အမေရိကန် ပြည်ထောင်စု အနောက်ခြမ်း ပစိဖိတ်ဒေသ ဟာဝိုင်ယီကျွန်းကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်း စုကြည်က မနေ့ က ပြောကြားလိုက်ပါတယ်။
Photo:East-West Center
ဇန်နဝါရီ ၂၅ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဟာဝိုင်ရီမြို့ရှိ East-West Center တွင် မိန့်ခွန်းပြောကြားနေစဉ်။
ငြိမ်းချမ်းရေး   နိုဘယ်ဆုရှင်တွေကို ဖိတ်ကြား ဆွေးနွေးလေ့ရှိတဲ့ Pillars of Peace အဖွဲ့က ကြီးမှူးပြီး   ဒေါ်အောင်ဆန်းစုကြည်နဲ့  ကျောင်းသားလူငယ်ထု တွေ့ဆုံပွဲမှာ ပြောကြားလိုက်တာပါ။
ဒီတွေဆုံပွဲမှာ ငြိမ်းချမ်းရေးနဲ့ ကရုဏာ တရားအကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဟောပြော သွားပါတယ်။
အရင်တုန်းက အာမခံချက်ရှိတဲ့ဘဝမှာ ငြိမ်းချမ်းရေးကို မစဉ်းစားခဲ့ဖူးပေမဲ့ နေအိမ် အကျယ်ချုပ်ဘဝမှာ ငြိမ်းချမ်းရေးနဲ့ နီးစပ်လာတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"နေအိမ်အကျယ်ချုပ်ဘဝနဲ့ နေရပြီးတဲ့နောက်မှ ငြိမ်းချမ်းရေးနဲ့ ကျမနီးစပ်လာတယ်လို့ ခံစားရပါတယ်။ ငြိမ်းချမ်းရေးနိုဘယ်ဆုရလို့ ငြိမ်းချမ်းရေးနဲ့ နီးစပ်လာတာမဟုတ်ပါဘူး၊ နေအိမ်အကျယ်ချုပ်နဲ့ တယောက်တည်းနေရတာ စိတ်ထဲ ဆိုးဆိုးဝါးဝါးမဖြစ်တာကို ကျမဖာသာကျမတွေ့လိုက်ရပါတယ်"
နေအိမ် အကျယ်ချုပ်ဘဝမှာ တွေးတော ဆင်ခြင်ချိန်တွေ အများကြီး ရရှိခဲ့တဲ့အကြောင်း၊ ကိုယ့်ကိုကိုယ်နဲ့ ပြင်ပကမ္ဘာကိုလည်း သိလာရတဲ့အကြောင်း၊ကမ္ဘာနဲ့ အဆက်ဖြတ်လိုက်ချိန်မှာ ကမ္ဘာ အကြောင်း ပိုသိလာရတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
သူဟာ နေအိမ် အကျယ်ချုပ် ဘဝတလျှောက်လုံးလုံး ရေဒီယို အမြဲ နားထောင် လာတယ်လို့ပြောပါတယ်။ နှစ်ရှည်လများ ရေဒီယို နားထောင်ရာက ရိုးသားေ ဖြောင့်မတ်ခြင်းတန်ဖိုးကို သိလာရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"ကျမထင်ပါတယ် ရိုးသားဖြောင့်မတ်ဖို့ သတ္တိရှိဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးအတွက် သတ္တိလိုအပ်ပါတယ်။ ဘာလို့ဆို ဒီနှစ်ခုက နီးစပ်လို့ပါလို့ ပြောသွားတာပါ။"
ဒေါ်အောင်ဆန်းစုကြည်ဟာ ဟာဝိုင်ယီက မြန်မာမိသားစုတွေနဲ့ သောကြာနေ့က တွေ့ဆုံခဲ့ပြီး စနေနေ့ ညနေပိုင်းမှာ Rotary နိုင်ငံတကာ ငြိမ်းချမ်းရေး ညီလာခံမှာ မိန့်ခွန်းပြောကြားပြီး Rotary ငြိမ်းချမ်းရေးဆုကို လက်ခံရယူပါမယ်။

http://www.rfa.org/burmese/news/peace-brave-dassk-01272013034351.html

တပ်မတော်ကို မေတ္တာထားဆဲ ဖြစ်ကြောင်း ဒေါ်စုပြော

 
မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ လက်ထက်မှာ နှစ်ပေါင်း ၁၅ နှစ်လောက် နေအိမ် အကျယ်ချုပ် ကျခံ ခဲ့ရ ပေမယ့်လည်း မြန်မာ့ တပ်မတော်ကို သူမေတ္တာ ထားနေဆဲပဲ လို့ ဘီဘီစီက ထုတ်လွှင့်တဲ့ ရေဒီယို အစီအစဉ် တခုမှာ ပြောကြားလိုက်ပါတယ်။
လူသူကင်းမဲ့တဲ့ ကျွန်းလေးတကျွန်းပေါ်က ရင်ခုန်သံ အဖြစ် ပုံဖေါ် တင်ဆက်ထားတဲ့ ဘီဘီစီ ရေဒီယို4 ရဲ့ Desert Island Discs အစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်း၊ ခင်ပွန်းသည် မိုက်ကယ်လ် အဲရစ်စ်နဲ့ အိမ်ထောင်ရေး ခရီးလမ်း၊ မြန်မာ့ တပ်မတော် အပေါ် သဘောထား စတာတွေကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့် ပြောပြသွားပါတယ်။
မြန်မာ စစ်တပ်ဟာ တိုင်းပြည် အပေါ် အင်မတန် ဆိုးဝါးတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ် ခဲ့ပေမယ့်လည်း ဒီစစ်တပ်ဟာ သူ့ဖခင် တည်ထောင် ခဲ့တဲ့ တပ်မတော် အဖြစ် မှတ်ယူထားဆဲ ဖြစ်ပြီး စစ်တပ်အနေနဲ့ ပြန် အဖတ်ဆယ်နိုင်လိမ့်မယ်လို့ သူမျှော်လင့်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ကချင်ဒေသမှာ အစိုးရ စစ်တပ်နဲ့ KIA ကချင်လွတ်လပ်ရေး တပ်မတော်အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ထုတ်ဖေါ် ပြောသွားခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်အပေါ် မေတ္တာမပျက် ဆက်ရှိနေပေမယ့် စစ်တပ်ရဲ့ ဖိနှိပ်မှုဒဏ်ကို နှစ်ပေါင်းများစွာ ခံခဲ့ရတဲ့ ပြည်သူတချို့ကတော့ ဒေါ်အောင်ဆန်း စုကြည်နဲ့ အမြင်ကွာဟမှုတွေ ရှိနိုင်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက သတင်းဆရာကြီး ဦးဝင်းတင်က သုံးသပ်ပါတယ်။

http://www.bbc.co.uk/burmese/burma/2013/01/130127_dassk_and_army.shtml

ငြိမ်းချမ်းရေးမှာ NGO တွေပါဖို့ ဖိတ်ခေါ်


မြန်မာနိုင်ငံမှာ ပြည်တွင်း ငြိမ်းချမ်းရေး ရအောင် ဆောင်ရွက်ရာမှာ NGO အရပ်ဖက် လူ့အဖွဲ့အစည်းတွေအနေနဲ့ အတူ ပါဝင် ဆောင်ရွက်ကြဖို့ သမ္မတရုံး ဝန်ကြီးတွေက တိုက်တွန်း ပြောကြားလိုက်ပါတယ်။
ရွေးကောက်ပွဲ မတိုင်ခင် မြန်မာနိုင်ငံ တနိုင်ငံလုံးမှာ ပြည်တွင်း ငြိမ်းချမ်းရေး ရအောင် ဆောင်ရွက်ဖို့ ရည်ရွယ်ထားကြောင်းကိုလည်း သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်းနဲ့ လူဝင်မှု ကြီးကြပ်ရေး ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီတို့က အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ Myanmar Peace Centre မှာ တနင်္ဂနွေနေ့က တွေ့ဆုံ ရှင်းလင်း ပြောပြခဲ့ပါတယ်။
အစိုးရရဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်မှုမှာ ပြည်နယ်အဆင့် ဆွေးနွေးပွဲတွေ လုပ်တဲ့ ပထမအဆင့် ပြီးတဲ့ နောက်ပိုင်း ဒုတိယအဆင့် အဖြစ် နိုင်ငံရေး ဆွေးနွေးတဲ့ အဆင့် ရောက်နေပြီမို့ ဒုက္ခသည်တွေ ပြန်လာရေးနဲ့ ပြန်လည် နေရာချထားရေး ကိစ္စတွေမှာ NGO တွေ ပါဝင်ကူညီကြဖို့ ဝန်ကြီးတွေက တိုက်တွန်းခဲ့ကြပါတယ်။
NGO တွေဖက်ကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ သူတို့ ဘယ်လို ပါဝင် ဆောင်ရွက်နိုင်မလဲ၊ သူတို့ရဲ့ လှုပ်ရှားမှုတွေမှာ အာဏာပိုင်တွေရဲ့ ဟန့်တားမှုတွေနဲ့ ကြုံနေရတာကို အစိုးရက ဘာလုပ်ပေးနိုင်မလဲ၊ ကချင်ဒေသ ပဋိပက္ခမှာ အစိုးရရဲ့ ပြောကြားချက်တွေနဲ့ လက်တွေ့ ဆောင်ရွက်မှုတွေအကြား ကွာဟမှုတွေ ရှိနေတဲ့ ကိစ္စ စတာတွေနဲ့ ပတ်သက်လို့ ပြန်လည် မေးမြန်းခဲ့ပါတယ်။
ကချင်ဒေသ ပဋိပက္ခမှာ တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မြောက်အောင် အစိုးရဖက်က နည်းအမျိုးမျိုးနဲ့ ကြိုးစားနေကြောင်းနဲ့ ဒေါ်အောင်ဆန်း စုကြည်ကိုလည်း ပါဝင် ကူညီနိုင်အောင် ကမ်းလှမ်းထားကြောင်း ငြိမ်းချမ်းရေး ကိစ္စတွေမှာ အဓိက တာဝန်ယူ ဆောင်ရွက်နေတဲ့ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။
ကချင်ဒေသအရေးနဲ့ ပတ်သက်လို့ နောက်ထပ် အချိန်နည်းနည်း စောင့်ဖို့ကိုလည်း ဦးအောင်မင်းက ပြောသွားပါတယ်။

http://www.bbc.co.uk/burmese/burma/2013/01/130127_kachin_peace_ministers.shtml

ကချင်စစ်ပွဲများ ရပ်ဆိုင်းရေးအတွက် လမ်းလျှောက်သူတွေကို ခံဝန်လက်မှတ်ထိုးခိုင်း

ကချင်ပြည်နယ်က စစ်ပွဲတွေ အမြန်ဆုံး ရပ်ဆိုင်းပေးဖို့အတွက် စုပေါင်းလမ်းလျှောက်နေကြတဲ့ ငြိမ်းချမ်းရေးလိုလားသူတွေကို ဒီကနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ ပဲခူးတိုင်း ဖြူးမြို့နယ် အရောက်မှာ ဒေသခံ အာဏာပိုင်တွေက ဆန္ဒပြတဲ့အသွင်မဆောင်ဘဲ ခရီးသွားတဲ့ပုံစံနဲ့ပဲ သွားလာကြဖို့ ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့ပါတယ်။

ဖြူးမြို့နယ်ကို ဖြတ်သန်းတဲ့အခါ အလံတွေ မကိုင်ဆောင်ကြဖို့နဲ့ ကြွေးကြော်သံတွေ မပြုလုပ်ဖို့အတွက် ဒေသခံ အာဏာပိုင်တွေက ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့တာပါ။

အဲ့ဒါကြောင့် မြို့ကို ဖြတ်သန်းခွင့်ရရှိအောင် ခံဝန်လက်မှတ် ရေးထိုးခဲ့တယ်လို့ ငြိမ်းချမ်းရေး လမ်းလျှောက်ရာမှာ ပါဝင်တဲ့ ဦးဇင်ကိုကိုက RFAကို ပြောပါတယ်။

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူတွေဟာ ဒီကနေ့ည ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်မှာ ညအိပ်ရပ်နားမှာဖြစ်ပြီး မနက်ဖြန်မနက်မှာ တောင်ငူမြို့ကို ဆက်လက်ထွက်ခွာမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ကနေ တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့အထိ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်တဲ့ ခရီးစဉ်တစ်လျှောက်မှာ ပဲခူးတိုင်းဒေသကြီး အဝင်မှာတော့ အာဏာပိုင်တွေက တားဆီးခဲ့ကြပြီး ငြိမ်းချမ်းရေးအလံ ကိုင်ဆောင်ထားတာကို ရုပ်သိမ်းပေးမှ ရှေ့ဆက် သွားခွင့်ပြုခဲ့တာတွေရှိခဲ့သလို၊ တည်းခိုဖို့ ပြင်ဆင်ကြတဲ့နေရာတွေကို တည်းခိုခွင့်မရအောင် ဒေသခံ အာဏာပိုင်တွေဖက်က ဖိအားပေးတာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။

http://drlunswe.blogspot.com/2013/01/blog-post_28.html

January 26, 2013

စစ်တပ်မှတားဆီးမှုရှိသော်လည်း လိုင်ဇာကိုရောက်အောင်သွားမည်ဟု ငြိမ်းချမ်းရေးလိုလားသူများပြော

E-mail
Roadရန်ကုန်မြို့မှ ကချင်ပြည်နယ် လိုင်ဇာမြို့ထိ လမ်းလျှောက်ချီတက်ပွဲတစ်လျှောက်တွင် စစ်တပ်မှတားဆီးမှုရှိခဲ့သော်လည်း နောက်ထပ် မည်သည့်တားဆီးမှုမျိုးမဆို ရှိလာခဲ့ရင်လည်း ကချင်ပြည်နယ် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ ရောက်အောင်သွားမည်ဟု ငြိမ်းချမ်းရေးလိုလားသူများက ပြောသည်။
ငြိမ်းချမ်းရေးလိုလားသူများထဲတွင် ပါဝင်သူတစ်ဦးဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးအောင်မြင့်က " ကျနော်တို့က ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ်ရပ်တန့်ဖို့အတွက် တောင်းဆိုမှုဖေါ်ထုတ်တဲ့နေရာမှာ မည့်သည့်အတားအဆီးပဲဖြစ်ပါစေ ကျနော်တို့က ကျော်ဖြတ်သွားမယ်။ လိုင်ဇာမြို့ကို ရောက်အောင်သွားမယ်။ ဖမ်းမယ်ဆိုရင်လည်း အဖမ်းခံသွားပါမယ်။ ဒါဟာ ကျနော်တို့ရဲ့ နောက်ဆုံးဖြတ်ချက်ပါပဲ။ " ဟု အာရ်ကန်တိုင်းမ်စ်အား ပြောသည်။
ငြိမ်းချမ်းရေးလိုလားသူများ လမ်းလျှောက်ချီတက်ပွဲကို ရန်ကုန်တိုင်းမှ ပဲခူးတိုင်းအဝင်တွင် အစိုးရစစ်တပ်မှ ဟန့်တားမှုရှိခဲ့ကြောင်းကို ဦးအောင်မြင့်က ဆက်လက်ပြောကြားခဲ့သည်။
" ကျနော်တို့ ရန်ကုန်တိုင်းအထွက် ပဲခူးတိုင်းကိုအဝင်ပေါ့ အဲဒီမှာ အစိုးရစစ်တပ်ကနေပြီးတော့ တားပါတယ်။ အပြာရောင်ပေါ်မှာ peace (ငြိမ်းချမ်းရေး)ဆိုတဲ့ စာတန်းနဲ့ ရေးထားတဲ့အလံတွေကို ကျနော်တို့ကကိုင်ထားပါတယ်။ အဲဒီငြိမ်းချမ်းရေးအလံတွေကို စစ်တပ်ကနေပြီးတော့ ဖြုတ်ခိုင်းပါတယ်။ အဲဒီငြိမ်းချမ်းရေးအလံကို ဖြုတ်ပြီးမှ ဖြတ်သွားရမယ်လို့ပြောပါတယ်။ ဆိုတော့ ကျနော်တို့လေး သူတို့နဲ့ စကားသိပ်မများချင်တာနဲ့ ဖြုတ်ပေးခဲ့ပါတယ်။ " ဟု ပြောသည်။
ယနေ့တွင် ငြိမ်းချမ်းရေးလိုလားသူများမှာ ရန်ကုန်မြို့နှင့် ၁၁၃ မိုင်ခန့် ဝေးကွာသော ပဲခူးတိုင်း ပဲနွယ်ကုန်းမြို့ကို ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းလျှောက်ချီတက်ပွဲတွင်ပါဝင်သော ငြိမ်းချမ်းရေးလိုလားသူများကို လမ်းတစ်လျှောက်တွင်ရှိသော ပြည်သူလူထုများက တက်တက်ကြွကြွနှင့် လိုက်ပါပူးပေါင်းကြပြီး ပြုစုစောင့်ရှောင့်မှုများ ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။
Bago
ပဲခူးမြို့သူမြို့သားများမှ ငြိမ်းချမ်းရေးလိုလားသူများကို တက်တက်ကြွကြွကြိုဆိုနေစဉ်
ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ချီတက်ပွဲကို ရန်ကုန်မြို့မှ လူပေါင်း(၅၀)နှင့်စတင်ထွက်ခွာလာခဲ့ပြီး ယခုပဲခူးတိုင်းအဖြတ်မှာ လူပေါင်း(၁၀၀)ကျော် ရှိသွားပြီဖြစ်ကြောင်း ဦးအောင်မြင့်က ဆက်လက်ပြောကြားခဲ့သည်။

http://arakantimes.net/burmese/index.php/2012-02-24-06-58-57/779-2013-01-26-07-34-09

ကချင်ပြည်နယ် ကံစီးကျေးရွာက စစ်ဘေးရှောင် ပြည်သူ ၅၀ ကျော် ဖျားနာမှုများရှိ

ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်း တွင်းဒေသ၊ လုံးခင်းကျေးရွာမှာ ရှိတဲ့ ကေအိုင်အေ တပ်ရင်း ၆ အခြေစိုက်ရာ ကံစီးကျေးရွာက ဓမ္မနန္ဒာဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ပြည်သူ ၃၀၀ ကျော်ထဲက ကလေး၊ လူကြီးအယောက် ၅၀ ကျော်ဟာ ဝက်သက်နဲ့ ဖျားနာမှုတွေရှိနေတဲ့အတွက် လုံးခင်းကျေးရွာ NLD ပါတီဝင်တွေက အဲဒီ့ဒုက္ခသည်စခန်းကို ဒီကနေ့ သွားရောက်ပြီး ဆေးဝါးကုသပေးခဲ့သလို အာလူး၊ ကြက်သွန်၊ ငါးခြောက်် စတဲ့ တာရှည်ခံ စားသောက် ကုန်အချို့ကိုလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီ စစ်ဘေးကယ်ဆယ်ရေးစခန်းကို ဒီကနေ့သွားရောက် ဆေးဝါးကုသပေးခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လုံခင်းကျေးရွာ NLD ဥက္ကဋ္ဌ ဦးတင်စိုး က RFA ကို အခုလို ပြောပါတယ်။
"တော်တော်များများက နှာစီး၊ ချောင်းဆိုးဖြစ်ကြတယ်၊ တချို့ကျတော့ ဝက်သက်ပေါက်တာတွေ တွေ့ရတယ်၊ ကလေး၊ လူကြီးစုစုပေါင်း ၅၅ ယောက်ကို ဆေးဝါးကုသခဲ့တာရှိတယ်ခင်ဗျ၊ စေတနာရှင်မိဘပြည်သူတွေ လှူဒါန်းထားတဲ့ ဆန်အိတ်တွေက ရာချီပြီးရှိတယ်"
ဒါ့အပြင် အဲဒီကံစီးကျေးရွာမှာရှိတဲ့ ဓမ္မလင်္ကာရကျောင်းနဲ့ ကံစီးတောရကျောင်းမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်ပြည်သူ ၃၀၀ လောက်ကိုလည်း ဓမ္မနန္ဒာဘုန်းတော်ကြီးကျောင်း ဆရာတော်ကနေ တဆင့် လုံးခင်းမြို့နယ် NLD ပါတီဝင်တွေက လှူဒါန်းခဲ့ပါတယ်။
လုံးခင်း၊ မှော်စီစာနဲ့ ကံစီးကျေးရွာတွေက ကယ်ဆယ်ရေးစခန်း ၁၃ ခုမှာ စစ်ဘေးရှောင်ပြည်သူ ၃ ထောင်ကျော်လောက် ဆက်လက်ခိုလှုံနေကြပြီး ဒီရက်ပိုင်းအတွင်းမှာတော့ ပစ်ခတ်တိုက်ခိုက်သံတွေမကြားရပဲ အခြေအနေတည်ငြိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တဝိုက်က စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကချင်ပြည်နယ် ညီလာခံကျင်းပရေး ကော်မရှင်ဥက္ကဌ ဦးလှဆိုင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

http://www.rfa.org/burmese/news/kachin-refugee-50-01262013103904.html
အသံဖိုင်နားဆင်ရန်
အသံဖိုင်ရယူရန်

ပထမဆုံး PNLO ဆက်ဆံရေးရုံး တောင်ကြီးမြို့မှာ ဖွင့်လှစ်

လက်ရှိအစိုးရနဲ့ အပစ်အခတ်ရပ်စဲ ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ ပထမဆုံး ဆက်ဆံရေးရုံးဖွင့်ပွဲကို တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်က အဲဒီရုံးမှာ ဒီကနေ့မနက် ၈ နာရီ က ဖွင့်လှစ်ခဲ့ပါတယ်။
Photo : RFA/ Kyaw Myo Htun
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၏ ပထမဆုံးဆက်ဆံရေးရုံးကို တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်တွင် ဇန်နဝါရီ ၂၆ ရက်နေ့က ဖွင့်လှစ်စဉ်။
တောင်ကြီးမြို့မှာ ဆက်ဆံရေးရုံးဖွင့်ရတာနဲ့ ပတ်သက်ပြီး PNLO တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး ခွန်သူရိန်က RFA ကို အခုလို ပြောပါတယ်။
"ကျွန်တော်တို့ ဆက်ဆံရေးရုံးဖွင့်တဲ့ ရည်ရွယ်ချက်ကတော့ စစ်ဖက်ဆိုင်ရာကိစ္စတွေကို ဆောင်ရွက်တဲ့နေရာမှာ အပြန်အလှန်ချိန်ဆက်နိုင်ဖို့နဲ့ ကျွန်တော်တို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့နေရာတွေမှာ ထောင့်စုံဘက်စုံ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်ပါ"
ဒါ့အပြင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ လှုပ်ရှားနယ်မြေတွေဖြစ်တဲ့ ဆီဆိုင်နဲ့ မောက်မဲမြို့နယ် တို့မှာလည်း ဆက်ဆံရေးရုံးခွဲတွေ ဆက်လက်ဖွင့်လှစ်သွားဖို့ရှိတယ်လို့ သိရပါတယ်။
အဲဒီဆက်ဆံရေးရုံးဖွင့်ပွဲကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊  ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊   ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ " ဝ " အထူးဒေသ ၂ ၊ ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့(ရလလဖ)၊ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့(ရှမ်းပြည်နယ်)၊ ပအိုဝ်းလူငယ်ဒီမိုအဖွဲ့၊ ပအိုဝ်းတောင်ရွေ၊ PYO (Pa-O Youth Organization)၊ PUSO (Pa-O University Students Organization) နဲ့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

http://www.rfa.org/burmese/news/pnlo-taunggyi-contact-office-01262013075712.html

ကချင်အရေး ပြည်သူတွေကို ငဲ့ညှာပြီးဖြေ ရှင်းဖို့ ဝါးရှောင်ဆရာတော် တိုက်တွန်း

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာ သီတလရံသီ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပတဲ့ (ဇန်နဝါရီ ၂၆ ရက်) ပြာသိုလပြည့် အမေနေ့မှာ အခုဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး နှစ်ဖက်တာဝန်ရှိ သူတွေအနေနဲ့ ပြည်သူတွေကို ငဲ့ညာပြီး မေတ္တာ နဲ့ ဖြေရှင်းကြဖို့ ဝါးရှောင်ဆရာတော် အရှင်ဝိဇယက တိုက်တွန်းလိုက်ပါတယ်။
ဒီကနေ့ မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ကျင်းပတဲ့ ၁၀ ကြိမ်မြောက် အမေနေ့ အခမ်းအနားမှာ ဝါးရှောင်ဆရာတော်က အခုလို မိန့်ကြားလိုက်ပါတယ်။

"ဒီကနေ့ အမေနေ့က ရောက်လာကြတဲ့ ပုဂ္ဂိုလ်တွေအားလုံးရော လောလောဆယ် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပုဂ္ဂိုလ်တွေအားလုံးက အမေရဲ့သားတွေပါပဲ၊ အိမ်ထောင်တစ်ခုမှာ အကိုကြီးတွေက ရန်ဖြစ်တယ်ဆိုရင် ကျန်တဲ့မောင်နှမတွေက နေရခက်ပါတယ်၊ အဲဒါကြောင့်မို့ အမေရဲ့သားသမီးတွေ မမိုက်ကြပါနဲ့၊ ရန်မဖြစ်ကြပါနဲ့လို့ ပြောချင်ပါတယ်၊ ဗုဒ္ဓရှင်တော်ကလဲပြောတယ်၊ ခရစ်တော်ကလဲပြောတယ်၊ ရန်မဖြစ်ကြပါနဲ့၊ စစ်မဖြစ်ကြပါနဲ့၊ မေတ္တာနဲ့ ဖြေရှင်းကြပါလို့ ပြောတယ်"
ဒါ့အပြင် အစိုးရနဲ့ ကေအိုင်အို နှစ်ဖက်လုံးက အမှန်မြင်နိုင်ပြီး ငြိမ်းချမ်းစွာနဲ့ သွေးစည်းညီညွတ်ကြဖို့ လိုတယ်လို့ ဆက်လက်မိန့်ကြားပါတယ်။
ဒီနေ့အခမ်းအနားမှာ ရှမ်းလူငယ်ပရဟိတအဖွဲ့က ဗုဒ္ဓအနုပညာပြခန်းကို ပြသခဲ့ပြီး ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာက တိုင်းလိုင်(ရှမ်းနီ)စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့၊ တိုင်းလိုင်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့နဲ့ ဝါးရှောင်ကျေးရွာ အထက်တန်းကျောင်းခွဲက ကျောင်းသားလူငယ်တွေက ယဉ်ကျေးမှုအကတွေနဲ့ ဖျော်ဖြေခဲ့ကြပြီး ရဟန်းသံဃာတော်၊ သီလရှင်ဆရာလေးတွေနဲ့ ဒေသခံပြည်သူ စုစုပေါင်း ၅၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။

http://www.rfa.org/burmese/news/kachin-monk-people-mother-day-01262013075756.html

ကေအိုင်အေ ဗျူဟာမြောက်စခန်း သိမ်းပိုက်ရေး စစ်တပ်ထိုးစစ် ပြင်းထန်

ကေအိုင်အေ ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေကို အစိုးရစစ်တပ်က ဒီကနေ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ KIO နဲ့အတူ ရှိနေတဲ့ ABSDF ကျောင်းသားတပ်မတော်က ပြောပါတယ်။ အစိုးရစစ်တပ်ဟာ ဒီဒေသမှာ ဗျူဟာအရ အရေးပါတဲ့ ခါယာဘွမ်တောင်ကုန်းကို သိမ်းပိုက်နိုင်ဖို့အတွက် လက်နက်ကြီးတွေနဲ့ ရက်ဆက် ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ကချင်ပြည်နယ်အတွင်းက နောက်ဆုံးအခြေအနေတွေကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာစစ်တပ်အနေနဲ့ KIO ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားတယ်လို့ အခုလအစောပိုင်းတုန်းက သမ္မတ ဦးသိန်းစိန်က ပြောဆိုအပြီးမှာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေဟာ ရက်ဆက်ဆိုသလို ဖြစ်နေတာပါ။ စနေနေ့မှာလည်း မြန်မာစစ်တပ်ဘက်က တနေကုန် လက်နက်ကြီးတွေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးက ဗိုလ်မှူး မင်းဋ္ဌေးက ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့ အသားကုန်ချတယ်။ လက်နက်ကြီးတွေနဲ့ တအားပစ်တာ၊ မိုးရွာသလိုကို ပစ်တာ။ လက်နက်ကြီးတွေနဲ့ အများကြီးပဲ ပစ်တယ်။ အောက်ရောက်မှ ကွဲတာလည်း သုံးတယ်။ လေပေါ်မှာ ကွဲတဲ့ဟာလည်း ရှိတယ်။ အောက်မှာကျတော့ ဘန်ကာ အဖြိုတွေလေ။ အဲဒီ overhead ဖြိုတဲ့ဟာတွေ သုံးတယ်။ အဲဒီကောင်တွေက အောက်အနက်ကို ၄ ပေ၊ ၅ ပေလောက် ၀င်သွားတာ မြေကြီးထဲကို။ ဟော … အခုတောင် ပစ်နေတယ်။ ချနေကြတယ်။”

မြန်မာစစ်တပ်က အဲဒီလို လက်နက်ကြီးတွေနဲ့ ရက်ဆက် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် ကေအိုင်အိုဌာနချုပ် လဂျားယန်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ခါယာဘွမ် တောင်ကုန်းကို သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်နေတဲ့အကြောင်းလည်း ကချင်သတင်းဌာနက အယ်ဒီတာ ဦးနော်ဒင်းက ပြောပါတယ်။

“ဒီနေ့က သူတို့ ကေအိုင်အေရဲ့ တောင်ကုန်းတကုန်းကို အစိုးရတပ်တွေ သိမ်းလိုက်တယ်ဆိုတဲ့ သတင်းပေါ့နော် ဒီနေ့မနက်ပိုင်းမှာ။ အဲဒါကတော့ အခု လဂျားယန်နဲ့ ကပ်လျက်လောက်ရှိတဲ့ ကေအိုင်အေအတွက် အရေးပါတဲ့ ခါယာဘွမ်ပေါ့၊ အဲဒီဟာကို သူတို့ သိမ်းလိုက်ပြီဆိုတဲ့သတင်း အဲဒါ ကျနော်တို့ သိရတာပေါ့။ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်က ဒီတောင်ကုန်းပေါ့။ ကေအိုင်အေ အမာခံစခန်းပဲ။ ကျနော်တို့ကြားတာ သူတို့က ကလက်စတာဗုံးတွေ သူတို့ သုံးတယ်ဆိုတဲ့ဟာ ကြားရတာပေါ့။”

ခါယာဘွမ်တောင်ကုန်းဟာ ဒီဒေသမှာ မဟာဗျူဟာမြောက်တဲ့ တောင်ကုန်းတခု ဖြစ်တယ်လို့လည်း ABSDF ကျောင်းသားတပ်မတော်က ဗိုလ်မှူး မင်းဌေးက ပြောပါတယ်။

“တောင်ကုန်းကတော့ သူက ပွိုင့် - ၁၀၁၂ ရှိတယ်လေ။ သူက မြင့်တာကိုး။ မြင့်တော့ ဒီဘက်မှာ စိုးမိုးကုန်းပေါ့။ ဒီဒေသကို စိုးမိုးကုန်း။ ဆိုတော့ သူက အဲဒီကနေပြီးတော့မှ စိုးမိုးကုန်းကို သူတို့ရသွားပြီဆိုရင်တော့ ကျန်တဲ့ကုန်းတွေက အောက်ရောက်သွားပြီကိုး။ ဆိုတော့ ဒေသတဝိုက်မှာတော့ သူ အမြင့်ဆုံးဖြစ်နေတော့ သူတို့ အဲဒီကုန်းကို မရမချင်း ထိုးစစ်ဆင်တယ်။ အင်အားတွေကလည်း တောင်ပတ်ပတ်လည်မှာ ပတ်ပြီးတော့မှ ထိုးစစ်ဆင်နေတာတော့ ကျနော်တို့ သိရတယ်။ လက်နက်ကြီးတွေနဲ့ တအားပစ်ပြီးတော့ လက်နက်ကြီး ကျည်ကုန်သွားတယ်တဲ့။ ကုန်သွားတော့ ဟိုတလောက သူတို့သိမ်းထားတဲ့ ပွိုင့် - ရ၇၁ ကို ရဟတ်ယာဉ်နဲ့ နှစ်ခါ လာပြန်ချတယ်။ ဟိုက်စကီးနဲ့။ လက်နက်ကြီးကျည်တွေ ချပြီးတော့မှ တခါ ပြန်ပစ်တယ်။ ပစ်တော့ ဒီဘက်ကလည်း ပစ်တယ်လေ။ ဟိုဘက်ပစ်၊ ဒီဘက်ပစ်။ ပစ်ပြီးတဲ့အခါကျတော့ ဆီပြန်ကုန်သွားတဲ့ပုံရှိတော့ သူတို့ ပြန်ပြီး ရပ်သွားတယ်။ တောင်ကုန်းကိုတော့ အများကြီးတော့ ပစ်လိုက်တယ်။ ထောင်ချီ ပစ်လိုက်တယ်လို့ ပြောတယ်။”

မြန်မာစစ်တပ်က အေအိုင်အိုကို လေကြောင်းကနေပါ တိုက်ခိုက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာကြောင့် နိုင်ငံတကာမှာ ဝေဖန်ပြောဆိုမှုတွေ ထွက်လာပြီးနောက်ပိုင်း လေကြောင်းက တိုက်ခိုက်မှုတွေ မလုပ်တော့ပေမဲ့လည်း ရဟတ်ယာဉ်တွေတော့ အသုံးပြုနေဆဲဖြစ်တယ်လို့ ဗိုလ်မှူးမင်းဌေးက ပြောပါတယ်။

“အခုက လေယာဉ်တွေဘာတွေ မလာတော့ဘူး။ အခု နိုင်ငံတကာလူတွေကလည်း သိသွားတဲ့အခါကျတော့ သူက လေယာဉ်တွေက မလာတော့ဘဲနဲ့ သူတို့ တိုက်ပွဲပုံစံက ပြောင်းသွားတယ်။ ရဟတ်ယာဉ်က ပစ္စည်းသယ်တာတွေ၊ ပို့တာတွေေတော့ လုပ်နေတယ်။ လေကြောင်းတွေက တိုက်တာတော့ မလုပ်တော့ဘူး။ ရှိသမျှ လက်နက်ကြီးတွေ အကုန်လုံး၊ တနိုင်ငံလုံးမှာရှိတဲ့ လက်နက်ကြီးတွေ အကုန်လုံး ယူလာသလား မသိပါဘူးဗျာ။ အကုန်လုံး ပတ်ပတ်လည်ကနေ ပြီးတော့မှ လက်နက်ကြီးတွေချည်းပဲ ပစ်တာ။ အများကြီး။ တစက္ကန့်ကို အချက်ပေါင်း မြောက်များစွာနဲ့ ပစ်တယ်ဆိုတော့ အလက် ဘယ်လောက်ရှိမလဲ ကျနော်တို့ မသိတော့ဘူး။ ခန့်မှန်းရလည်း ခက်တယ်။ အဲဒီလိုမျိုး ကုန်းတကုန်းကို ဖွတ်ဖွတ်ညက်ညက်ကြေအောင် ပစ် ပစ်လိုက်တာလေ။ ရဟတ်ယာဉ်တွေတော့ သွားတာ လာတာ၊ လူချတာ၊ အဲဒါတွေတော့ လုပ်နေကြတယ်။”

ABSDF ကျောင်းသားတပ်မတော်က ဗိုလ်မှူး မင်းဌေးက ပြောပြခဲ့တာပါ။

အခုနောက်ဆုံးဖြစ်ပွားခဲ့တဲ့ အခြေအနေတွေ သိရှိနိုင်အောင် ဗွီအိုအေက ကေအိုင်အိုနဲ့ မြန်မာအစိုးရဘက်က တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

တိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်ဒဏ်ရာရမှုတွေ ရှိတယ်ဆိုပေမဲ့လည်း စာရင်းအတိအကျတော့ မသိရသေးပါဘူး။ ဒါပေမဲ့ ကျောင်းသားတပ်မတော်က ရဲဘော်တဦးကတော့ လက်နက်ကြီးတွေ ထိမှန်ပြီး ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျဆုံးသွားခဲ့ပါတယ်။

တိုက်ပွဲတွေအဆုံးသတ်ပြီး နှစ်ဘက် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်း၊ လွှတ်တော်နဲ့ နို်င်ငံရေးအင်အားစုတွေကပါ တိုက်တွန်း ပြောဆိုနေကြပေမဲ့ တိုက်ပွဲအရှိန်တွေကတော့ ခုချိန်ထိ လျော့မသွားသေးပါဘူး။


ကိုုဇော်ဝင်းလှိုင် (V0A)၊ 26.01.2013
http://drlunswe.blogspot.com/2013/01/blog-post_27.html

January 25, 2013

ကချင်အရေး ကြားလူက တဆင့် ဆွေးနွေးဖို့ NLD အဆိုပြု

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်းမှာ ကြီးထွားလာနေတဲ့ ပဋိပက္ခတွေ အဆုံးသတ်စေရေး လွှတ်တော်တွင်း ဒုတိယနေ့ အဖြစ်ဆွေးနွေးရာမှာ တိုင်းရင်းသားတွေ အပါအဝင် အရပ်ဖက် ကိုယ်စားလှယ်တွေ က သီးခြားလွတ်လပ်တဲ့ လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်း တခုကနေ ကြားဝင်စေ့စပ်ဖို့ တိုက်တွန်းခဲ့ပေမဲ့ စစ်တပ်ကိုယ်စားလှယ်တွေကတော့ ကချင်လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုတွေကို အရင်ရပ်ဖို့ လိုတယ်လို့ ပြောဆိုခဲ့ကြပါတယ်။ ဒီလို ဆွေးနွေးမှုအပေါ်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဖက်က ဘယ်လို သဘောထားရှိနေပါသလဲ။ ဒီသတင်းကိုတော့ ဗီအိုအေ မြန်မာပိုင်းအစီအစဉ်ရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြမှာဖြစ်ပါတယ်။

ဒီကနေ့ ဆက်လက်ကျင်းပနေတဲ့ ပထမအကြိမ် အမျိုးသား လွှတ်တော် ဆဌမ ပုံမှန် အစည်းအဝေးမှာ မနေ့ကတင်သွင်းခဲ့တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ နှစ်ဦးနှစ်ဘက် ယုံကြည်မှု ရရှိမယ့်  ခိုင်မာတဲ့ အခြေခံမူတွေ ချမှတ်ပေးရေးအဆိုကို အမျိုးသား လွှတ်တော်မှာ ဆက်လက်ဆွေးနွေးနေပါတယ်။

ဒီလိုဆွေးနွေးရာမှာ ပါ၀င်ဆွေးနွေးတဲ့လွှတ်တော်ကိုယ်စားလှယ်တွေက တွေ့ဆုံဆွေးနွေး အဖြေရှာရေး ဆိုတာကို အလေးထားတင်ပြ ဆွေးနွေးခဲ့ကြသလို သီးခြားလွတ်လပ်တဲ့ လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းတခုကနေ ကြားဝင်စေ့စပ်ဖို့ အဆိုကိုလည်း တင်ပြဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။

"အမြင်မတူတဲ့ဘက်နှစ်ဘက် ကိုယ့်အမြင်နဲ့ကိုယ်တော့ မှန်တယ်လို့ ထင်ကြတာပဲ
ဖြစ်ပါတယ်။ တစ်ချို ့ဖြစ်ရပ်တွေဟာ တစ်ခါတစ်လေမှာ သက်ဆိုင်သူတွေနဲ့
တိုက်ရိုက်ဆွေးနွေး ဖြေရှင်းလိုက်လို့ အောင်မြင်သွားတာရှိနိုင်တာပဲ။
ပြင်းထန်တဲ့ အမြင်ကွဲလွဲမှုရှိတဲ့အခါတွေမှာကျတော့ တိုက်ရိုက်တွေ့ဆုံဖို့
အဆင်မပြေတာတွေ ရှိပါတယ်။ အဲဒီအခါ ကြားဝင်ဆောင်ရွက်ပေးကြရတာ လိုအပ်လာတာ
တွေ့ရပါတယ်"

ဒါကတော့ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်၄က ဦးအောင်ကြည်ညွှန် ့ဆွေးနွေး တာဖြစ်ပါတယ်။ဒီလို ကြားဝင်ဆောင်ရွက်မယ့် လူ သို့မဟုတ် အဖွဲ့အစည်းနဲ့ပတ်သက်လို့လည်း သူက အခုလို ဆက်ဆွေးနွေးပါတယ်။

"ဘယ်လိုအောင်မြင်အောင် ကြားဝင်ဆောင်ရွက်ပေးမဲ့ ပုဂ္ဂိုလ် ဒါမှမဟုတ်
အဖွဲ့အစည်းတခုဟာ နံပါတ်တစ်က နှစ်ဘက်က လေးစားရေး အရေးကြီးပါတယ်။
နံပါတ်နှစ်ကတော့ နှစ်ဘက်ရဲ့ဩဇာလွှမ်းမိုးမှုကင်းကြောင်း သံသယဖြစ်ဖွယ်မရှိသူ
ကြားနေသူဖြစ်ရပါမယ်။ နံပါတ်သုံးက နှစ်ဘက်လုံးရဲ့ စိုးရိမ်သောကတွေကို
မျှတစွာ အလေးအနက် ထားပြီးတော့ ကြားနာနိုင်တဲ့သူဖြစ်ဖို့လိုပါတယ်။
နံပါတ်လေးက "အသွား တမန် အပြန် ရှိစေ "ဆိုတဲ့ စေ့စပ်ညိနှိုင်းရေးကို ကျွမ်းကျင်တဲ့သူ  ဖြစ်ရမယ်။ နံပါတ်ငါးကတော့ အများလေးစားကြည်ညို အားထားခြင်း ပညာစွမ်းအားရှိတဲ့သူ ဖြစ်ရမှာ
ဖြစ်ရပါမယ်"

အမျိုးသားလွှတ်တော်ရဲ့ တပ်မတော်သားကိုယ်စားလှယ်တဦးဖြစ်တဲ့ ဗိုလ်မှုးဝင်းသိန်းကတော့ ကချင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး အခုလို ဆွေးနွေးထားပါတယ်။

"အပစ်အခတ် ရပ်စဲမှုဟာ တပ်မတော်တစ်ခုတည်းမှ တစ်ဘက်သတ် အပစ်ရပ်တံ့လို့
မဖြစ်ပါ။ ကေအိုင်အို ကေအိုင်အေ ခေါင်းဆောင်များမှလည်း မည်သည့်နည်းနှင့် မဆို မြန်မာ့တပ်မတော်အား ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမပြုရန် အရပ်သားများကို
ဦးတည်သည့် မီးရထားလမ်း ကားလမ်း နှင့် တံတားများအား မိုင်းခွဲခြင်း ရဲစခန်းများအား ဝင်ရောက် တိုက်ခိုက်ခြင်းကဲ့သို့ အဖျက်လုပ်ငန်းများအား ရပ်တံ့ပေးရန်
လွှတ်တော်မှ အဆုံးအဖြတ် မှတ်တမ်းတင်သင့်ပါတယ်ခင်ဗျာ။  ကေအိုင်အေ ကေအိုင်အို
ဘက်မှလည်း တစ်သွေမတိမ်း လိုက်နာ ဆောင်ရွက်နိုင်မှသာလျှင် နယ်မြေဒေသ
ဖွံ့ဖြိုး တိုးတက်ရေးကို အခြားဒေသရှိ တိုင်းရင်းသားများနည်းတူ
ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။ နယ်မြေတည်ငြိမ်အေးချမ်းရန်
ငြိမ်းချမ်းရေး ဖော်ဆောင်ရန် မလွှဲမသွေလိုအပ်လှပါတယ်။
တစ်ဦးနှင့် တစ်ဦးယုံကြည်မှု တည်ဆောက်ရပါမယ်ခင်ဗျာ။ ယုံကြည်မှုရရှိရေးအတွက်
နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ရပါမယ်။  နှစ်ဦးနှစ်ဘက်
တွေ့ဆုံ ဆွေးနွေးဆောင်ရွက်ဖို့ အပစ်အခတ် ရပ်စဲဖို့ လိုပါတယ်။ ဒါကြောင့် ကေအိုင်အို
ကေအိုင်အေ ဘက်မှလည်း အခြားအဖွဲ့ များ နည်းတူ အပစ်အခတ်ရပ်စဲရေး
သဘောတူ လက်မှတ်ရေးထိုး၍ နိုင်ငံရေး ဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးသင့်ပါတယ်။"

မနေ့က ဆွေးနွေးပွဲမှာတော့ တိုင်းရင်းသားကိုယ်စားလှယ်အများစုက နိုင်ငံရေးအရ အဖြေရှာကြဖို့ အကြံပြုဆွေးနွေးခဲ့ကြပေမဲ့ အာဏာရပါတီနဲ့ စစ်တပ်ကိုယ်စားလှယ်တွေကတော့ KIO/KIA ကို အင်အားသုံး နှိမ်နင်းဖို့ ဆွေးနွေးတာတွေလည်း ရှိခဲ့ပါတယ်။ အမျိုးသား လွှတ်တော်မှာ တင်ပြဆွေးနွေးနေတဲ့အချက်တွေအပေါ်မှာ KIO ဖက်က ဘယ်လို သဘောထားရှိပါသလဲ။

"အခုဒီလိုမျိုး တိုက်ပွဲတွေပြင်းထန်တဲ့ အချိန်မှာ နှစ်ဘက် ဆွေးနွေးတာပဲ ပြောဦး။ ဒီလိုနှစ်ဘက်တည်းနဲ့တော့ဘယ်လိုမှ ဆွေးနွေးစရာလည်း အကြောင်းတော့မရှိဘူး။ ဒါကြောင့်မို့ ကြားအဖွဲ့အစည်း တစ်ခု Third Party တစ်ခုကတော့ ပါဝင်ဆောင်ရွက်ရမယ်ဆိုတဲ့ အဖြေက အဲ့လိုလမ်းကြောင်းတော့ ရှိလာတယ်ခင်ဗျာ။ ဒီတော့ Third Party ဆိုတာ
ဘယ်လိုဟာမျိုး အဖွဲ့အစည်းဖြစ်ရမလဲ။ ဘယ်လောက်အထိ အာမခံပေးနိုင်တဲ့
ကြားမှာဘယ်လောက်အထိဖြန်ဖြေပေးနိုင်တဲ့ အာမခံချက် တာဝန်ခံပေးနိုင်တဲ့
အဖွဲ့အစည်းဖြစ်ရမလဲ။ ပုဂ္ဂိုလ်ဖြစ်ရမလဲ ဆိုတာတော့ ဆက်ပြီး ဆွေးနွေးစရာတော့ ရှိတယ်ခင်ဗျ။ လောလောဆယ်ဖြစ်နေတဲ့ အခြေအနေအပေါ်မှာ ကျနော်တို့ ဆုံးဖြတ်ချက်ချထားတာကတော့ တွေ့ဆုံမှုကို UNFC ကပဲ ဦးစီး ဦးဆောင်လုပ်ဆောင်သွားကြပါ။ အဲဒီမှာ ကျနော်တို့အဖွဲ့အစည်းက ကိုယ်စားလှယ် ကလည်း ပါဝင်ပြီးမှပဲ လိုအပ်တဲ့ပြဿနာ အရပ်ရပ်ကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းသွားမယ်ဆိုတဲ့အမြင်ပါ အဲလိုအမြင်နဲ့ပဲ
ပြဿနာကို လျော့နည်းသွားအောင်ပေါ့နော် အဲလို အဆိုပြုထားတာ ရှိတယ်ခင်ဗျာ"

ဒါကတော့ ကေအိုင်အို ပြောခွင့်ရ ဦးလနန်ပြောသွားတာပါ။ လောလောဆယ်မှာတော့ KIO ဌာနချုပ်အနီးက စစ်ရေးအရအရေးပါတဲ့ ခါယာဘွမ်တောင်ကုန်းကို အစိုးရတပ်တွေက နေ့စဉ်ရက်ဆက်တိုက်ခိုက်နေတယ်။ ဒီကနေ့မှာလည်းမနက် ၆နာရီကထည်းက တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။ မြန်မာအစိုးရဖက်ကတော့ KIO/KIA ဖက်တိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် တုန့်ပြန်တဲ့ အနေနဲ့ ဒေသတွင်း ရှင်းလင်းတဲ့ စစ်ဆင်ရေးတွေ လုပ်ခဲ့တာလို့ ပြောဆိုတာတွေလည်း ရှိခဲ့ပါတယ်။

ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ကချင်ပြည်နယ်အရေးကို ကိုယ်စားလှယ် ၁၃ ဦးက
ဆွေးနွေးဖို့ စာရင်းပေးသွင်းထားတာဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ် ကတော့ ပြည်သူ့လွှတ်တော်မှာလည်း ကချင်ပြည်နယ်အတွင်းက တိုက်ပွဲတွေ ချက်ချင်းရပ်စဲရေးအတွက် လွှတ်တော်က ဆောင်ရွက်ဖို့ ဆုံးဖြတ်အတည်ပြု တာတွေရှိခဲ့ပါတယ်ခင်ဗျာ။

http://burmese.voanews.com/content/kachin-parliment/1590873.html

ဝတပ်ကို တရုတ်လက်နက်ရောင်း

တရုတ်မြန်မာ နယ်စပ်မှာအခြေစိုက်တဲ့  လက်နက်ကိုင်အဖွဲ့တခုကို
တရုတ်နိုင်ငံက ခေတ်မှီ လက်နက်တွေကို ရောင်းချနေတယ်လို့ လုံခြုံရေးဆိုင်ရာ
လေ့လာသုံးသပ်သူတွေက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံထဲက အင်အားအကြီးဆုံး
လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ကို တရုတ်က
လက်နက်တွေ တိတ်တဆိတ် ရောင်းချနေတာဖြစ်တယ်လို့ ကာကွယ်ရေးနဲ့
လုံခြံုရေးဆိုင်ရာလေ့လာရေးအဖွဲ့ဖြစ်တဲ့ Jane Defense အဖွဲ့က
ပြောလိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကို သတင်းထောက် Daniel Schearf
ဘန်ကောက်က ပေးပို့တဲ့သတင်းအပေါ်မူတည်ပြီး မစုမြတ်မွန်က တင်ပြပါမယ်။

တရုတ်မြန်မာနယ်စပ် ကချင်ပြည်နယ်မှာ ကချင်လက်နက်ကိုင် KIA တပ်ဖွဲ့တွေနဲ့
အစိုးရတပ်တွေကြားတိုက်ပွဲတွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့
တရုတ်အစိုးရ ပြောနေချိန်မှာပဲ တရုတ်အစိုးရဟာ နယ်စပ်က
နောက်ထပ် လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ The United Wa State Army (UWSA) ဝတပ်ဖွဲ့ကို လက်နက်တွေ တိတ်တဆိတ်ရောင်းချနေတယ်လို့ လုံခြံုရေးဆိုင်ရာ လေ့လာသူတွေက ပြောလိုက်ပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ရဲ့ စစ်တပ်အင်အားကို ဖြည့်တင်းနိုင်ဖို့
ခေတ်မှီလက်နက်တွေကို တရုတ်က ပြီးခဲ့တဲ့ နှစ်က ရောင်းချခဲ့တယ်လို့
လုံခြံုရေးဆိုင်ရာ လေ့လာရေး Jane အဖွဲ့ရဲ့ ဒီဇင်လာဘာလက ထုတ်ပြန်တဲ့
ထောက်လှမ်းရေးဆိုင်ရာ သုံးသပ်ချက်အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

ရောင်းချခဲ့တဲ့အထဲမှာ မြေပြင်ကနေ ဝေဟင်ပစ် Missile ဒုံးလက်နက်တွေ ပါဝင်သလို သံချပ်ကာကား ၁၂ စင်း အနည်းဆုံး ပါဝင်တယ်လို့ဆိုပါတယ်၊ Jane ထောက်လှမ်းရေး
အစီရင်ခံစာ အဆိုအရတော့ Tank Destroyer တင့်ကားဖျက်လက်နက်တွေလို့
သုံးနှုန်းထားပါတယ်၊ ဒီအစီရင်ခံစာကိုရေးသားတဲ့ ထိုင်းအခြေစိုက်
လုံခြံုရေးဆိုင်ရာ လေ့လာသုံးသပ်သူ Anthony Davis က တရုတ်အစိုးရဟာ
ဝတပ်ဖွဲ့ကို လက်နက်တွေရောင်းနေပေမဲ့ မြန်မာအစိုးရနဲ့ ဆက်ဆံရေးကို
အတိမ်းအစောင်းမရှိအောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်၊

"တရုတ်ဟာ နယ်စပ်တလျှောက်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်
တပ်ဖွဲ့တွေကို လှစ်လျှူရှုထားမထားနိုင်သလို ဗဟိုအစိုးရကိုလဲ လစ်လျှူ
မရှုထားနိုင်ပါဘူး၊ ဒါဆိုရင် တရုတ်က လက်နက်ကိရိယာတွေကို
တိုက်ရိုက်ပေးနေသလားလို့ ဆိုရင်လဲ အဲလို မဟုတ်ပြန်ပါဘူး၊ လက်နက်တွေဟာ
အစိုးရအဖွဲ့ထဲက အဆင့်မြင့်တာဝန်ရှိသူတွေဆီက လာတယ်ဆိုတာကတော့ ရှင်းပါတယ်၊
အဲဒီလိုပြောလို့ တိုက်ရိုက်ငွေကြေးထောက်ပံ့နေတယ်လို့လဲ မဆိုနိုင်ပါဘူး၊
သူတို့အတွက်က ငြင်းသာ ဖယ်သာ အခြေအနေကိုထိန်းထားဖို့ လိုပါတယ်"

Jane အဖွဲ့ရဲ့ ထောက်လှမ်းရေးသုံးသပ်ချက် အစီရင်ခံစာနဲ့ ပါတ်သက်လို့
တရုတ်နိုင်ငံခြားရေးဌာနက တစုံတရာ တုံ့ပြန်ဖို့ ငြင်းဆိုခဲ့ပါတယ်၊
သမ္မတပြောခွင့်ရသူ ပြန်ကြားရေးဒုတိယဝန်ကြီး ဦးရဲထွဋ်ကလဲ ဒီအစီရင်ခံစာနဲ့
ပါတ်သက်လို့ တုံ့ပြန်ဖို့ ငြင်းဆန်ခဲ့ပါတယ်၊

"ဒီကိစ္စနဲ့ ပါတ်သက်လို့ ကျွန်တော်တို့မှာ ဘာသတင်းအချက်အလက်မှ မရပါဘူး၊
ကျွန်တော်တို့ရဲ့  ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့
တရုတ်အစိုးရက အမြဲအာမခံချက် ပေးပါတယ်၊ သူတို့ရဲ့ အာမခံချက်ကို
ကျွန်တော်တို့ကလဲ လက်ခံပါတယ်။"

မြန်မာအစိုးရကို တော်လှန်တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့တွေထဲမှာ ဝ တပ်ဖွဲ့ဟာ အင်အားအများဆုံးဖြစ်ပြီး
စစ်သားအင်အား ၃ သောင်းလောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်၊ တရုတ်အစိုးရက
ဝင်ရောက်မစွက်ဖက်ရေးမူကို မူအားဖြင့် ကျင့်သုံးနေတယ်ဆိုပေမဲ့ ဝတပ်ဖွဲ့ကို
လက်နက်တွေ အကြီးအကျယ် ထောက်ပံ့နေခဲ့တာ ကြာပြီလို့ စစ်ရေးသုံးသပ်သူတွေက
ဆိုပါတယ်။

UWSA ဝအဖွဲ့ဟာ 1989 ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်ခဲ့တဲ့
လူနည်းစု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက တခုဖြစ်ပါတယ်၊
တရုတ်အစိုးရက ကွန်မြူနစ်တွေကို တိုက်ရိုက်ထောက်ခံလာခဲ့သလို
ခွဲထွက်ဖွဲ့စည်းတဲ့ သူပုန်အဖွဲ့တွေနဲ့လဲ ဆက်ဆံရေး မပျက်ခဲ့ပါဘူး၊
အဲဒီအထဲမှာ တရုတ်အစိုးရဟာ တရုတ်ဘာသာစကားပြောတဲ့ ဝ အဖွဲ့နဲ့
ပိုပြီးရင်းနှီးတယ်လို့ Yale တက္ကသိုလ်မှာ ပါရဂူဘွဲ့ဆည်းပူးနေတဲ့ Josh
Gordon ကမြင်ပါတယ်၊ ဝ တွေဟာ တရုတ်တွေရဲ့ ကိုယ်ပွားဖြစ်တယ်လို့ သူက
ဆိုပါတယ်။

"သူတို့ဟာ တရုတ်ယွမ်ငွေကို သုံးတယ်၊ တရုတ်လက်ကိုင်ဖုန်းတွေကို သုံးတယ်၊
မြို့ထဲက နေရာတော်တော်များများမှာ တရုတ်ဆီက လျှပ်စစ် စွမ်းအင်ကို
သုံးတယ်၊ တရုတ်ရဲ့ အင်တာနက်ကို သုံးစွဲ ဆက်သွယ်နေကြပါတယ်။"

အရင် စစ်အစိုးရလက်ထက်တုန်းက UWSA ဝအဖွဲ့နဲ့ 1990 ပြည့်လွန်နှစ်တွေမှာ
အပစ်အခတ်ရပ်ဆဲရေး သဘောတူခဲ့ပြီး ရှမ်းပြည်အရှေ့မြောက်ပိုင်းမှာ
အထူးဒေသတွေပေးပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးထားခဲ့ပါတယ်။ ဝဒေသဟာ
အာရှမှာ Methamphetamine စိတ်ကြွဆေးတွေ အများဆုံးထွက်ရှိရာ ဒေသဖြစ်လာသလို
ဝအဖွဲ့ဟာ ဒေသတွင်းမှာ အကြီးကျယ်ဆုံး မူးယစ်ဆေးရောင်းချတဲ့ အဖွဲ့အဖြစ်
လက်ခံကြထားကြပါတယ်၊ ဝခေါင်းဆောင် ဝေလျှောက်ခန်ရဲ့ ဓါတ်ပုံတွေကို
အလိုအရှိဆုံး မူးယစ်ရာဇာအဖြစ် အမေရိကန် မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ DEA က
၂၀၁၁ ခုနှစ်က ထိုင်းပျော်ပွဲစားရုံတွေမှာ ချိတ်ဆွဲ ကြေညာခဲ့ပါတယ်။

တရုတ်အစိုးရက ဝတပ်ဖွဲ့ကို လက်နက်တွေရောင်းနေပေမဲ့ တရုတ်
မြန်မာနယ်စပ်ဒေသကို တည်ငြိမ်မှု ပျက်ပြားအောင် လုပ်တာ မဟုတ်ပါဘူးလို့
Davis ကပြောပါတယ်၊ သူ့ရဲ့ သုံးသပ်ချက်ကတော့ မြန်မာအစိုးရအနေနဲ့
ကချင်ပြည်နယ်မှာ တိုက်ခိုက်သလိုမျိုး ဝ ဒေသကို တိုက်ခိုက်ဖို့
စိတ်တောင်မကူးနဲ့ဆိုတာမျိုး အချက်ပေးချင်တာသာ ဖြစ်တယ်လို့ ဆိုပါတယ်၊

"မြန်မာနိုင်ငံ မြောက်ပိုင်းမှာ တရုတ်တွေက လှု့ံဆော်
သွေးထိုးပေးနေတာ မဟုတ်ပါဘူး၊ ဝကို ပြန်လည်အားဖြည့်ပေးခြင်းအားဖြင့်
သူတို့အနေနဲ့ စစ်ရေးအတားအဆီးကို အားပေးနေတာပါ၊ တရုတ်နိုင်ငံအကျိုးအတွက်
လွန်ခဲ့တဲ့ အနှစ် ၂၀ ထဲကရှိခဲ့တဲ့ တည်ငြိမ် အေးချမ်းမှုကို သူတို့က
ပြန်လည်အားဖြည့်ပေးနေတာဖြစ်ပါတယ်။"

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ နယ်စပ်လုံခြံုရေး ကိစ္စတွေကို ဆွေးနွေးဖို့ တရုတ်က အဆင့်မြင့်စစ်အရာရှိကြီးတယောက်ကို ဒီလထဲမှာပဲ တရုတ်က စေလွှတ်ခဲ့ပါတယ်၊
မြန်မာနိုင်ငံမှာ စစ်အစိုးရလက်ထက် အနောက်နိုင်ငံတွေရဲ့
ပိတ်ဆို့ဒဏ်ခတ်မှုတွေ ခံထားရချိန်ကာလကဆိုရင် တရုတ်ဟာ မြန်မာနိုင်ငံအပေါ်မှာ
အတော်ကို သြဇာညောင်းခဲ့ပါတယ်။  ဒါပေမဲ့ သမ္မတဦးသိန်းစိန်လက်ထက်
ပြုပြင်ပြောင်းလဲမှုတွေလုပ်လာတဲ့နောက်ပိုင်း ပိတ်ဆို့ဒဏ်ခတ်မှုတွေကိုလဲ
အနောက်နိုင်ငံတွေက ဆိုင်းငံ့လိုက်ပြီးတဲ့နောက် မြန်မာအပေါ် တရုတ်ရဲ့ သြဇာ
လွှမ်းမိုးမှုဟာ လျှော့ပါးလာခဲ့ပါတယ်၊ ဒါကြောင့် တရုတ်က ဝ တပ်ဖွဲ့ကို
လက်နက်ေတွေရောက်ပြီး တုံ့ပြန်လိုက်တာလို့ လုံခြံုရေးဆိုင်ရာ
လေ့လာသုံးသပ်သူ Anthony Davis က သုံးသပ်ပါတယ်

တပ်မတော်က ခုခံစစ်သာ တိုက််နေတယ်ဆိုတာကို KIO ကန့်ကွက်

အစိုးရတပ်ဖွဲ့များအနေနဲ့ KIO ကို ထိုးစစ်ဆင်ခြင်း မပြုဘဲ မိမိကိုယ် ခုခံကာကွယ်ရေးအတွက် သာ ဆောင်ရွက်နေတယ်လို့ သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်ရဲ့ ပြောဆိုချက် ကို KIO ကချင် လွတ်မြောက်ရေးအဖွဲ့က ကန့်ကွက်လိုက်ပါတယ်။
Photo: AFP
တောနယ်ဒေသတခုတွင် တိုက်ကင်းလှည့်နေသော စစ်အစိုးရတပ်ဖွဲ့တစ်ဖွဲ့ကို တွေ့ရစဉ်
အစိုးရတပ်ဖွဲ့တွေဟာ အမိန့်နာခံသူတွေဖြစ်ပြီး KIA တပ်ဖွဲ့တွေကို ထိုးစစ်ဆင်ခြင်းမပြုဖို့ အမိန့်ကိုပေးထားတာကို နာခံနေကြောင်း မိမိကိုယ်မိမိ ကာကွယ်ရေးအတွက် တိုက်နေတာဖြစ်တယ်လို့ မနေ့က အင်တာဗျူးတစ်ခုမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် က ပြောခဲ့ပါတယ်။
ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး KIO က ကန့်ကွက်လိုက်တာပါ။
ဒ့ါအပြင် KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်း က အစိုးရတပ်များက အခုလက်ရှိ ထိုးစစ်ဆင်နေတဲ့ ခါရာဘိုတောင်ကုန်းအပါအဝင် လဂျားယန်ဒေသက ရ၇၁ တောင်ကုန်း၊ ဂျာမန်ကုန်း ဆွန်ရမ်ဘုံ စတဲ့ သိမ်းပိုက်လိုက်တဲ့ တောင်ကုန်းတွေဟာ KIA တပ်ဖွဲ့တွေ အစဉ်အဆက် တပ်စွဲထားတဲ့ တောင်ကုန်းတွေဖြစ်ပြီး အစိုးရတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းပိုက်ထားတာဖြစ်တယ်လို့ ပြောဆိုပါတယ်။
KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်းကို RFA အဖွဲ့သား ဦးတင်အောင်ခိုင်က မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

http://www.rfa.org/burmese/news/kio-army-defence-naglet-01252013094115.html
အသံဖိုင်နားဆင်ရန်
အသံဖိုင်ရယူရန်

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများ ဒိုက်ဦးမြို့မှာ ကျောက်တိုင်ပန္နက်ရိုက်


ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ကြသူတွေဟာ ဒီကနေ့ မနက်မှာတော့ ဒိုက်ဦးမြို့၊ ပြည်လုံး ချမ်းသာစေတီမှာ ငြိမ်းချမ်းရေးကျောက်တိုင် စိုက်ထူဖို့အတွက် ပန္နက်ရိုက်ခဲ့ကြပါတယ်။

ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်ဆိုင်းရေးအတွက် တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့အထိ လမ်းလျှောက်ချီတက်ကြတဲ့ ငြိမ်းချမ်းရေးလိုလားသူတွေနဲ့ ဒိုက်ဦးမြို့က ဒေသခံစုစုပေါင်း ၈၀ ခန့်ဟာ ငြိမ်းချမ်းရေးအတွက် ရည်မှန်းချက်ထားတဲ့ ကျောက်တိုင်စိုက်ထူခဲ့ကြတယ်လို့ လမ်းလျှောက်ရာမှာ ပါဝင်တဲ့ ဦးအောင်မြင့်က RFA ကို ပြောပါတယ်။

ဒီခရီးစဉ်တလျှောက်မှာ ပဲခူးတိုင်းဒေသကြီး အဝင်မှာတော့ အာဏာပိုင်တွေက တားဆီးခဲ့ကြပြီး ငြိမ်းချမ်းရေးအလံ ကိုင်ဆောင်ထားတာကို ရုပ်သိမ်းပေးမှ ရှေ့ဆက်သွားခွင့်ပြုခဲ့တာတွေရှိခဲ့သလို၊ တည်းခိုဖို့ ပြင်ဆင်ကြတဲ့နေရာတွေကို တည်းခိုခွင့်မရအောင် ဒေသခံအာဏာပိုင်တွေဖက်က ဖိအားပေးတာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။

မိုင်ပေါင်း ၈၀၀ ကျော် လမ်းလျှောက်ပွဲကို ဇန်နဝါရီလ ၂၁ ရက်နေ့ မနက်ပိုင်းက စတင်ပြီး ရန်ကုန်မြို့တော်ခန်းမရှေ့ကနေ စတင်ထွက်ခွာခဲ့ကြရာမှာ ဒီကနေ့ညမှာ ရန်ကုန်မြို့နဲ့ ၁၀၅ မိုင်ဝေးတဲ့ ညောင်လေးပင်မြို့နယ်၊ တော်ဝိကျေးရွာ ဘုန်းကြီးကျောင်းကို ရောက်အောင်သွားမယ်လို့ သိရပါတယ်။

http://drlunswe.blogspot.com/2013/01/blog-post_2769.html
RFA ၊ 2013-01-25

ကချင်ငြိမ်းချမ်းရေးအတွက် သွားရောက်သူများကို စစ်တပ် တားမြစ်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPGSCMPEIF-T0IMe0IBNaYqHUKJPa8KIxnTxi-ygLUELQ9h9AkPeRFj7lZUnCCAXY1zfCMt7u07f9ylMhctMlh5ukWtfF2LjfZOCDtOAHA0tGL7vnsWhe_VIXHsRFvpLxqrYxLZxyV_NW8/s400/myanmarmonks4-bc19b23d6819c42090ae14636b636f10c58126ec.jpg
ငြိမ်းချမ်းရေး ကြားဝင်ဆောင်ရွက်ရန်အတွက် ပဋိပက္ခဖြစ်ပွားနေသည့် ကချင်ဒေသသို့ သွားရောက်သော ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် ၅ ဦးကို လိုင်ဇာမြို့မှ ၁၅ မိုင်ခန့် အကွာသို့အရောက် အစိုးရစစ်တပ်က ဆက်လက်မသွားရန် တားမြစ်ခဲ့သည်။

မြန်မာ့လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်မှ ကိုနေမျိုးဇင်နှင့်အဖွဲ့သည် တာဝန်ရှိသူများ တားမြစ်နေသည့်ကြားမှ လဂျားယန်မှတဆင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO) ဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ သွားရောက်လိုသည်ဟု အကြောင်းပြ ထွက်ခွာလာရာ နယ်မြေလုံခြုံရေးနှင့် မိုင်းအန္တရာယ်ကြောင့် ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နှင့် ၅ မိုင်ခန့် အကွာတွင် လာလမ်းသို့ ပြန်လည်စေလွှတ်ခဲ့သည်ဟု ဇန်နဝါရီ ၂၅ ရက်နေ့ထုတ် အစိုးရသတင်းစာများ၌ ရေးသားထားသည်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်က “ဒေါ့ဖုန်းယန် ဗျူဟာကုန်းဘေးက ဖြတ်ကတည်းက သူတို့သိနေတာပဲ မတားဘူး၊ ခက်ခက်ခဲခဲ သွားပြီး လိုင်ဇာ ရောက်ခါနီး ခါယာတောင်ခြေ သိန်းဆင့်လမ်းခွဲရောက်မှ စစ်ကြောင်းကားတွေ ရောက်လာပြီး ဗျူဟာမှူးအမိန့်ဆိုပြီး တားမြစ်ခံရတာ စိတ်မကောင်းဘူး” ဟု ပြောဆိုသည်။

ဇန်နဝါရီ ၂၄ ရက်က လာရောက်တားမြစ်သည့် အရာရှိများက ရှေ့လမ်းခရီးတွင် မိုင်းအများအပြား ရှိသည့်အတွက် အန္တရာယ်များကြောင်း ကောင်းမွန်စွာ ပြောဆိုသည်ဟု ကိုနေမျိုးဇင်က ပြောသည်။

၎င်းတို့ လာရောက်သည်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကလည်း ဒေသခံများမှ တဆင့်သိရှိကြောင်း၊ ယခုပဋိပက္ခတွင် မည်သည့်ဘက်မှ ရပ်တည်ရန်မဟုတ်၊ ကချင်ခေါင်းဆောင်များ၏ ပြောကြားလိုသည့် အကြောင်းအရာများကို နားထောင်ပြီး ပြန်လည်စေ့စပ်ရန် ယုံကြည်ချက်ဖြင့် ခရီးထွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

လမ်းခရီးတလျှောက်တွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှု၊ မိုင်းခွဲမှုများကြောင့် တံတားများ၊ လမ်းများ ပျက်စီးနေသည့် စစ်၏အနိဋ္ဌာရုံများကို မြင်တွေ့ရကြောင်း၊ ဆွဲမိုင်း၊ နင်းမိုင်းနှင့် အဝေးထိန်းမိုင်း အများအပြား ထောင်ထားသည်ဟု ဒေသခံများကလည်း ပြောဆိုကြောင်း၊ လိုင်ဇာအနီးတဝိုက်တွင် အစိုးရစစ်တပ် စစ်ကြောင်းများ သွားလာလှုပ်ရှားနေပြီဖြစ်သည့်အတွက် ထိုးစစ်လည်း ကျရောက်လာနိုင်ကြောင်း ကိုနေမျိုးဇင်က မျက်မြင်အခြေအနေကို ပြောပြသည်။

“စစ်ဆင်ရေးက တနှစ်လောက်ရှိပြီဆိုတော့ ရဲဘော်တွေမှာ ဆံပင်တွေလည်း ရှည်၊ ကွမ်းဆေးလိပ် ငတ်ပေါ့၊ ကျနော့်ကား မြင်တော့ ပြေးလာပြီး ငြိမ်းချမ်းချင်ပြီလို့ ပြောတယ်၊ ၀မ်းနည်းစရာပါ”ဟုလည်း ၎င်းက ပြောသည်။

အလားတူ ကချင်၊ ရှမ်း၊ လီဆူး စသည့် ဒေသခံများလည်း စစ်၏ဆိုးကျိုးများကို ခံစားနေရကြောင်း၊ ဘွဲ့ရပညာတတ် အမျိုးသမီးများကိုလည်း စစ်မှုထမ်းရန် အဓမ္မခေါ်ဆောင်မှုများရှိကြောင်း၊ စစ်ပွဲပြင်းထန်နေသည့်ကာလတွင် လက်ကိုင်ဖုန်းများကို သိမ်းဆည်းထား၍ နေအိမ်များနှင့် ဆက်သွယ်ခွင့်မရသည့်အတွက် ပြန်လည်ခေါ်ဆောင်ပေးရန် တိုင်ကြားမှုများကိုလည်း ကြုံခဲ့ရကြောင်း ကိုနေမျိုးဇင်က ဆက်ပြောသည်။

ထို့ကြောင့် ဒေသငြိမ်းချမ်းရေး စစ်ပွဲများ ရပ်တန့်ရေးအတွက် နှစ်ဘက်အဖွဲ့အစည်းများကို ငြိမ်းချမ်းစွာဖြေရှင်းရန် မေတ္တာရပ်ခံလိုကြောင်း၊ ဒေသတွင်းငြိမ်းချမ်းစေရန် လူထုအင်အားဖြင့် ထပ်မံလုပ်ဆောင် သွားဦးမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

မြန်မာ့လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်အနေဖြင့် ဗန်းမော်-ဒေါ့ဖုန်းယန် လမ်းတလျှောက်ရှိ စစ်ပြေးဒုက္ခသည်များအတွက် ခြုံစောင်နှင့် အနွေးထည်၊ အစားအသောက်များကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ လိုင်ဇာမြို့အထိ ပထမဆုံးအကြိမ် လမ်းလျှောက်ချီတက်သည့် လှုပ်ရှားမှုတခုကိုလည်း ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက စတင်ခဲ့ကြသည်။ 


http://drlunswe.blogspot.com/2013/01/blog-post_9348.html
ရန်ပိုင် (ဧရာဝတီ)၊ January 25, 2013

January 24, 2013

အစိုးရတပ်မှ KIA ရှိရာနေရာအနှံ့ ထိုးစစ်ဆင်ရန် အင်အားဖြည့်လှုပ်ရှားနေ

ကချင်ပြည်နယ်တွင်း မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးလှုပ်ရှားမှုသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဗဟိုဌာနချုပ် လိုင်ဇာနယ်မြေသာမက KIA တပ်ချထားရာ ဒေသအနှံ့တွင် ထိုးစစ်ဆင်ရန် အင်အားများတိုးချဲ့၍ ပြင်ဆင်နေကြောင်းသိရသည်။
လောလောဆယ် အနေအထားအရ အစိုးရတပ်မှ KIA ဌာနချုပ် တပ်မဟာ(၅) နယ်မြေ၊ ရှမ်းပြည်မြောက်ပိုင်းရှိ တပ်မဟာ (၄) နယ်မြေ၊ တပ်မဟာ(၁)နယ်မြေ ပန်ဝါဒေသနှင့် တပ်မဟာ(၆) နယ်မြေ ဖားကန့်ဒေသများတွင် ထိုးစစ်ဆင် လှုပ်ရှားရန် ပြင်ဆင်နေကြောင်း KIA အရာရှိများက ပြောဆိုသည်။
ဇန်နဝါရီ ၂၃ မြစ်ကြီးနားမှ ပန်ဝါသို့ စစ်အင်အားများ သယ်ပို့ပေးနေတဲ့ မြန်မာအစိုးရ ရဟတ်ယာဉ်များ။ ပုံ-KNG ကချင်သတင်းဌာန
ဇန်နဝါရီ ၂၃ မြစ်ကြီးနားမှ ပန်ဝါသို့ စစ်အင်အားများ သယ်ပို့ပေးနေတဲ့ မြန်မာအစိုးရ ရဟတ်ယာဉ်များ။ ပုံ-KNG ကချင်သတင်းဌာန
ယမန်နေ့နံနက်ပိုင်းကလည်း ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၄) နယ်မြေ ရှမ်းပြည်မြောက်ပိုင်း မန်တုံး (Mang Tung)နှင့် နမ္မတူ (Namtu) ကြား ပန်ဆောင်ရွာဟောင်းတွင် အစိုးရတပ် စစ်အင်အား ၁၀၀ ကျော်ရှိသော ခြေမြန်တပ်ရင်း ခမရ (၁၃၀)နှင့် KIA  တပ်ရင်း (၂၄) တို့ တိုက်ပွဲဖြစ်ပွဲဖြစ်ပွား ခဲ့ကြောင်း တပ်မဟာ(၄)အရာရှိက ပြောသည်။
၄င်းတိုက်ပွဲတွင် KIA ဖက်မှ ခြုံခိုတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်မှုမရှိသော်လည်း အစိုးရတပ်မှ ၆ ဦး သေဆုံးခဲ့ကြောင်း KIA အရာရှိပြောသည်။ သို့သော် ယင်းကိစ္စ သီးခြားအတည်ပြုချက် မရသေးပေ။
အလားတူ အစိုးရတပ်ဖွဲ့ဝင် အင်အား ၄၀၀ ကျော် တိုးချဲ့ထားသည့် ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်း (Pangsai) နှင့် မုန်ဂိုး (Munggu) ဒေသတွင်လည်း တိုက်ပွဲများ ဖြစ်လာနိုင်ကြောင်း ဆက်လက် ပြောဆိုသည်။
မြန်မာအစိုးရတပ်မှ ထိုးစစ်ဆင်လှုပ်ရှားမှုများ ရပ်ဆိုင်းမည်ဟုကြေငြာခဲ့သော လဂျားယန် (Lajayang) ဒေသတွင်မူ လဂျားယန်အထက်ဘက်၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အစိုးရတပ်၏ စစ်ယာဉ်တန်း ၂၄ စီး ယမန်နေ့ နံနက် ၈ နာရီ အချိန်က KIA တပ်မဟာ (၅) နယ်မြေ ဖာဂီ (Hpa Gyi) ရွာသို့ ရောက်ရှိလာကြောင်း တပ်မဟာ (၅) မှ အရာရှိတဦးက KNG ကချင်သတင်းဌာနသို့ ပြောသည်။
“ခယာဘက်မှာတော့ နေ့တိုင်းဘဲ နက်ကြီးသံတွေ ပစ်နေကြတယ်။ လက်နက်ကြီးက (၃) နေရာကနေ ပစ်ပေးနေတယ်။ မန်ဆိုင်း (Man Seng)၊ မဂျွယ်ဘွမ် (Majoi Bum) နဲ့ လကန်းတောင် (Lakang Bum) ကနေ ခယာ (Hka Ya) ဘက်ကို ပစ်နေတာ။ ရပ်ဆိုင်းမှုမရှိဘူး ပစ်နေတာဘဲ” ဟုဆိုသည်။
ထို့အပြင် ယမန့်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်က တရုတ်နယ်စပ် KIA တပ်မဟာ (၁)နယ်မြေ ပန်ဝါ (Pangwa) အထက် မှတ်တိုင် (၆) သို့ မြစ်ကြီးနားမြို့ အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) မှ ရဟတ်ယာဉ်ဖြင့် စစ်အင်အားနှင့် စားနပ်ရိက္ခာများ တိုးချပို့ဆောင်နေကြောင်း မြစ်ကြီးနား မျက်မြင်ဒေသခံများက KNG ကချင်သတင်းဌာန သို့ပြောသည်။
“တစ်ခါထွက်ရင် helicopter ၃ စင်းနဲ့ သွားနေတယ်။ အခုချိန်ထိ ဆိုရင် ၆ ကြိမ်မြောက် ရှိပြီ။” ဟုဆိုသည်။
အစိုးရတပ်များသည် ပန်ဝါ (Pangwa) အထက်သို့ ပြန်လည်ထိုးစစ်ဆင်ရန် တိုးချဲ့လာသည်ကို သုံးသပ်ခြင်း အားဖြင့် ဆက်လက်၍ တိုက်ပွဲကြီးများဖြစ်လာနိုင်ကြောင်း ပန်ဝါ (Pangwa) အထက်မှတ်တိုင် (၆) စခန်းရှိ အရာရှိက ပြောသည်။
အလားတူ တပ်မဟာ (၆)နယ်မြေ ဖားကန့်ဒေသတွင်လည်း ဇန်နဝါရီလ ၁၉ နေ့မှစ၍ အစိုးရစစ်တပ်များ စစ်မျက်နှာ ၃ ခုဖွင့်၍ ထိုးစစ်ဆင်လာသောကြောင့် အဆိုပါဒေသဝန်းကျင်ရှိ ရွာပေါင်း ၁၀ ရွာမှ ဒေသခံများ ဖားကန့်မြို့ဖက်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည်။
အစိုးရတပ်မှ ယခုကဲ့သို့ KIA တပ်များရှိရာ နေရာဒေသအနှံ့သို့ ကြည်းတပ်၊ လေတပ်၊ အမြှောက်တပ်များဖြင့် အင်အားတိုးချဲ့လှုပ်ရှားမှုများသည် ကချင်ပြည်နယ်တွင် တိုက်ပွဲကြီးများ ဆက်လက်၍ ဖြစ်ပွားလာနိုင်ကြောင်း ဒေသခံများသုံးသပ်နေကြသလို စိုးရိမ်မှုများ ဖြစ်နေကြသည်။

http://burmese.bnionline.net/index.php/news/kng/12817--kia---.html

လိုင်ဇာမြို့ ဒုက္ခသည်စခန်းတွင် ကလေး ၁၀၀ ကျော် ၀မ်းရောဂါဖြစ်ပွားနေပြီး ၆ ဦးသေဆုံး

ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့ စစ်ပြေးဒုက္ခသည်စခန်းရှိ ၁ နှစ်အောက်ကလေးငယ် အယောက် ၁၀၀ ကျော် ၀မ်းပျက်၊ ၀မ်းလျှောရောဂါ ဖြစ်ပွားနေပြီး သေဆုံးသူ ၆ ဦး ရှိပြီဖြစ်ကြောင်း လိုင်ဇာ ကျန်းမာရေးဌာနက ပြောသည်။
Je Yang ဒုက္ခသည်စခန်းမှ မိခင်နဲ့ ကလေး။
Je Yang ဒုက္ခသည်စခန်းမှ မိခင်နဲ့ ကလေး။
ဒီဇင်ဘာလမှစ၍ ကလေးငယ်များတွင် ၀မ်းရောဂါ စတင်ဖြစ်ပွားလာခြင်းဖြစ်ပြီး ယခုလအတွင်း ပိုမိုဆိုးရွား လာသည်ဟု လိုင်ဇာပြည်သူ့ဆေးရုံကြီးမှ ကလေးအထူးကု ဒေါက်တာ ဆိုင်းမိုင် (Dr. Seng Mai) က KNG ကချင်သတင်းဌာန သို့ပြောသည်။
“တချို့ကလေးတွေဆိုလို့ရှိရင် အန်တာနဲ့ ၀မ်းသွားတဲ့အခါမှာ သွေးပါတာတွေဖြစ်တယ်။ အဖျားတက်တယ်။ ပြီးရင် ငန်းတက်သလို မျက်လုံး မျက်တိမ်လွှာတွေကျယ်လာပြီး အပေါ်ကို ထိုးတက်သွားတာမျိုးတွေ ဖြစ်တယ်။ အဲဒီအဆင့် ဆိုလို့ရှိရင် ကလေးတွေက ကယ်တင်မှုရာခိုင်နှုန်းက နည်းသွားတယ်။ တချို့ကတော့ ပျောက်သွား ပြီး ဆင်းသွားတာတွေရှိတယ်။ တချို့တွေကျတော့ သေဆုံးသွားတာတွေရှိတယ်။” ဟု ဒေါက်တာဆိုင်းမိုင် (Dr. Seng Mai) ပြောသည်။
ဒုက္ခသည်စခန်း ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် တကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းကြောင့် ရောဂါ ဖြစ်ပွားနိုင်သလို တိုက်ပွဲဖြစ်ပွားချိန် အစိုးရတပ်မှ လိုင်ဇာမြို့သို့ ပစ်ခတ်သည့် လက်နက်ကြီးများတွင် ဓါတုလက်နက်များ ပါ၀င်ပါကလည်း ခန္တာကိုယ် ခုခံအားနည်းသော ကလေးများတွင် ယခုကဲ့သို့ရောဂါဖြစ်ပွားမှု ဆိုးရွားလာနိုင်ကြောင်း ဒေါက်တာဆိုင်းမိုင် (Dr. Seng Mai) က သုံးသပ် ပြောဆိုသည်။
လောလောဆယ်တွင် ၀မ်းပျက်၊ ၀မ်းလျှောရောဂါ ဖြစ်ပွားနေသည့် ကလေးများ နေ့စဉ်လို လိုင်ဇာဆေးရုံသို့ ရောက်လာနေကြောင်း သိရသည်။
Je Yang ဒုက္ခသည်စခန်းမှ ကလေးငယ်များ။
Je Yang ဒုက္ခသည်စခန်းမှ ကလေးငယ်များ။
၀မ်းရောဂါဖြစ်နေသော ကလေးတွင် မကြာခဏ ၀မ်းသွားခြင်း၊ မျက်တွင်းချိုင့်ခြင်း၊ နှုတ်ခမ်းခြောက်ခြင်း စသည့်လက္ခဏာများ ဖြစ်နေကြောင်း ဆေးရုံတွင် ဆေးကုသမှု ခံယူနေသော ကလေးငယ်မိခင်ဖြစ်သူ ဒေါ်ဂျာရိန် ပြောသည်။
“နေ့တိုင်း တစ်နေ့ကို အခေါက် ၂၀ လောက်သွားတယ်။ နောက်ပိုင်းကျလို့ရှိရင်  အရည်နဲ့ သွေးတွေပါ ပါလာတယ်။ အန်တဲ့အခါမှာလည်း သွေးပါလာတယ်” ဟုပြောသည်။
လိုင်ဇာဌာနချုပ်အနီး အစိုးရတပ်ဖွဲ့နှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွားနေချိန် ၀မ်းရောဂါ ဖြစ်ပွားနေသည့် ကလေးငယ်များနှင့် သားဖွားမိခင် အမျိုးသမီးများ လုံခြုံရေးအတွက် လူနာအချို့ကို ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းတွင် ပြောင်းရွှေ့ကုသပေးနေကြောင်း သိရသည်။
၎င်းတို့၏ ဆေးဝါးအတွက် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကုလသမဂ္ဂ ပညာရေးနှင့် ကလေးသူငယ်များ ဆိုင်ရာ ရန်ပုံငွေအဖွဲ့ (UNICEF)၊ အင်္ဂလန်အခြေစိုက် Health Unlimited (HU) အဖွဲ့အစည်းများက ကူညီထောက်ပံ့ ပေးနေသော်လည်း သက်ကြီးပိုင်းများ အသုံးပြုနိုင်သည့် ဆေးဝါးက ပိုများနေပြီး ကလေးနှင့်ဆိုင်သော ဆေးဝါးများ လိုအပ်နေကြောင်းသိရသည်။
၀မ်းရောဂါဖြစ်ပွားမှုများသည် လိုင်ဇာဒုက္ခသည်စခန်းအပြင် ဆဒုံးဒေသတွင်းရှိ ဒုက္ခသည်စခန်းများတွင်လည်း ရှိကြောင်း သိရသည်။
အလားတူ ဖားကန့်မြို့ဂင်ဆီဆိုင်းရာမှ ထွက်ပြေးခိုလှုံလာသော ဒုက္ခသည်ကလေးငယ်များတွင်လည်း ၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု များပြားနေကြောင်း ဒုက္ခသည်စောင့်ရှောက်ရေးအဖွဲ့မှပြောသည်။
ယခုလအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် KIO အုပ်ချုပ်ရေး နယ်မြေအတွင်း ထပ်မံထွက်ပြေး တိမ်းရှောင်လာသူ ပိုများလာပြီး စုစုပေါင်း ၆၆,၀၀၀ ကျော်လာကြောင်းနှင့် အစိုးရအုပ်ချုပ်မှု နယ်မြေတွင် ၃၆,၀၀၀ ကျော်ရှိပြီး ဖားကန့်ဖက်တွင်လည်း ထပ်မံတိုးလာကြောင်း ဒုက္ခသည် ကူညီရေးကော်မတီ ဥက္ကဌ ဒွဲပီဆာ (Salang Kaba Doi Pyi Sa) က ပြောသည်။
“တချို့စာရင်းတွေမရဘူး။ Camp မဝင်တဲ့ ဒုက္ခသည်တွေလည်းအများကြီးရှိတယ်။ သူတို့ဖာသာသိသလို နေနေကြတဲ့ ဒုက္ခသည်တွေကိုလည်း လက်လှမ်းမမှီဘူးဖြစ်နေတယ်။ ပြီးတော့ ရှမ်းပြည်မြောက် ဘက်က စာရင်းတွေလည်းမရောက်ဘူး။ အဲဒီဘက်မှာလည်း အခုအခြေအနေဆိုရင်တော့ ၅ သောင်းလောက်တော့ ရှိမယ်လို့ ထင်တယ်။ ဖားကန့်ဘက်မှာလည်း အခုဆိုရင် တိုက်ပွဲပြန်ဖြစ်နေတယ်ဆိုတော့ ၂ သောင်းကျော် လောက် တော့ရှိမယ်” ဟု ဆလန်ကဘာ ဒွဲပီဆာက ပြောသည်။
အဆိုပါဒုက္ခသည်များသည် ဇန်နဝါရီလ ၁၉ နေ့မှစ၍ အစိုးရစစ်တပ်များ စစ်မျက်နှာ ၃ ခုဖြင့် ထိုးစစ်ဆင် လာသောကြောင့် ရွာပေါင်း ၁၀ ရွာမှ ဒေသခံ ၃၀၀၀ ကျော် ဖားကန့်မြို့ဒုက္ခသည်စခန်းသို့ ထွက်ပြေး တိမ်းရှောင်လာခြင်းဖြစ်ပြီး ၄င်းတို့အတွက်ဆေးဝါးများ လိုအပ်နေကြောင်း ဒုက္ခသည်စောင့်ရှောက်သူများက ပြောသည်။

http://burmese.bnionline.net/index.php/news/kng/12812-2013-01-24-01-37-46.html

ပြည်သူ့စစ်ထောက်ပံ့ကြေးများ ကျေးရွာလူထုထံမှကောက်ခံနေ

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ၊ မြို့နယ်ရပ်ကွက်၊ ကျေးရွာလုံခြုံရေးအတွက် ခန့်အပ်ထားသည့် ပြည်သူ့စစ်များ၏ ထောက်ပံ့ငွေများကို ဒေသခံများထံမှ ကောက်ခံလျက်ရှိကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
thn-7-1-2-300x198
အဆိုပါပြည်သူ့စစ် ထောက်ပံ့ကြေးများကို ငွေကြေးဖြင့်ထောက်ပံ့မှု၊ ဆန်စပါးသီးနှံ ထောက်ပံ့မှုနှင့် ငွေကြေးနှင့်ဆန်စပါး နှစ်မျိုးပေါင်းထောက်ပံ့မှု ဟူ၍သုံးမျိုးရှိကြောင်း ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ထုံးအိုင်ရွာမှ ပြည်သူ့စစ်အဖွဲ့ဝင် တဦးက ပြောသည်။
“လုပ်ငန်းရှင်တွေ၊ ချဲဒိုုင်နဲ့ချဲရောင်းတဲ့သူ၊ အရက်ပုန်းဆိုင်တွေကနေ လစဉ်ကောက်ပြီး ပြည်သူ့စစ် တွေကို ထောက်ပံကြေးပေးနေတယ်” ဟု ထုံးအိုင်ရွာနေ ခရီးသည်တင်စက်လှေပိုင်ရှင်တဦးက ပြောသည်။
ထိုသို့ ပြည်သူ့စစ် လစဉ်ထောက်ပံ့ကြေး ကောက်ခံရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့တို့က တိုက်ရိုက်မကောက်ခံဘဲ ပြည်သူ့စစ်အဖွဲ့များကသာ ကောက်ခံပြီး တစ်အိမ်ကို ၁၀ဝဝ ကျပ်၊ ချဲဒိုင်အငယ်က ၅၀ဝ ကျပ်နှင့် ချဲဒိုင်အကြီးက ၅၀ဝဝ ကျပ်အထိ ကောက်ခံလျှက်ရှိသည်။
ထိုင်အိုင်ရွာသား ပြည်သူ့စစ်တစ်ဦးက “ရွာမှာရဲတွေနဲ့အတူ လုံခြုံရေးအတွက် ကင်းလှည့်ရတယ်၊ အထူးသဖြင့်တော့သံလွင်မြစ်မှာ လှေ၊ သစ်ဖေါင်တွေကို ရဲနဲ့သစ်တော အဖွဲ့တွေနဲ့ပူးပေါင်း စောင့်ကြပ်ပြီး စစ်ဆေးရပါတယ်” ဟု ပြောသည်။
ပြည်သူ့စစ်ထောက်ပံ့ကြေးကို ရွာကြီးအသေး အိမ်ခြေအနည်း အများအပေါ်မူတည်ပြီး ကွာခြားမှုရှိသည် ဟုလည်း မွန်ပြည်နယ်၊ ရေးမြို့နယ် နှစ်ကရင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းက ပြောသည်။
သူက “အုပ်ချုပ်ရေးမှူးအနေနဲ့ ရွာမှာငွေကောက်ခံခွင့်မရှိဘူး၊ ဒါပေမယ့် တပ်နယ်မှူးရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတဲ့ ပြည်သူ့စစ်တွေကျတော့ သူတို့လစာထောက်ပံ့ကြေး သူတို့ဖာသာ ရွာမှာကောက်ခံခွင့်ပေးထားတယ်” ဟု ပြောသည်။
အိမ်ခြေနှစ်ထောင်ဝန်းကျင်ရှိသော ကရင်ကျေးရွာတွင် တစ်အိမ်လျှင် ငွေ ၅၀ဝ ကျပ် ပြည်သူ့စစ်များအတွက် လစဉ်ကြေး ပေးဆောင်နေကြရသည်။
မွန်ပြည်နယ်၊ ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရောမြို့နယ်များတွင် ကျေးရွာအများစု၌ ပြည်သူ့စစ် ၅ ဦးမှ ၁၀ ဦးခန့် လုံခြုံရေးအတွက် ခန့်အပ်ထားရှိကြသည်။

http://burmese.bnionline.net/index.php/news/imna/12813-2013-01-24-01-43-32.html

မူကွဲလွဲမှု မဖြစ်စေဖို့ UNFC ကိုယ်စားလှယ်အဖွဲ့ KNU နှင့် သွားရောက်ဆွေးနွေး

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီမှ (UNFC) မှ ချမှတ် ထားသည့် မူနှင့် ကရင်အမျိုးသား အစည်း အရုံး (ကေအဲန်ယူ) ၏ (၁၅) ကြိမ်မြောက် ကွန်ဂရက်မှ ချမှတ်ထားသည့် မူအကြား ကွဲလွဲမှုမရှိစေရန် ပြီးခဲ့သည့် ဇန်နဝါရီ (၂၁) ရက်နေ့တွင် UNFC ကိုယ်စားလှယ် အဖွဲ့ တစ်ဖွဲ့ မဲဆောက် မြို့သို့သွားရောက်တွေ့ဆုံ
ဆွေးနွေး ခဲ့ကြောင်း အဖွဲ့တွင်ပါ၀င်သည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ ပြောသည်။

ယခုလို သွားရောက်ဆွေးနွေးခြင်းမှာ တပ်ပေါင်းစုမူဝါဒ ရေးရာပိုင်း၌ တစ်ပေါင်း တစ်စည်းတည်း ဖြစ်စေရန် အတွက် ရည်ရွယ်ခြင်း ဖြစ်သည် ဟုလည်း ဆိုပါသည်။

“ပဏာမ အနေနဲ့ UNFC မှာ ဆက်လက် လက်တွဲ ဆောင်ရွက်ဖို့၊ UNFC နဲ့လည်း မကင်းကွာဖို့ပေါ့ အဲဒါ ပြော
တယ်၊ ပေါ်လစီပိုင်းကတော့ နိုင်ငံရေး ဆွေးနွေးပွဲ တွေမှာ UNFC နဲ့ တစ်ပေါင်း တစ်စည်းတည်း အတူတကွ ပါဝင်ဖို့ ဖိတ်ခေါ် ရင်းပေါ့ အဲဒါတွေ ဆွေးနွေး ကြတယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ မဇ္စျိမအား ပြောသည်။

ကေအဲန်ယူမှ အပစ် အခတ် ရပ်စဲရေး ခိုင်မာအောင် ဆက်လက် လုပ်ဆောင် နိုင်ရန် တစ်ဖွဲ့ချင်း အနေနှင့် အစိုးရ
အား ဆက်လက် တွေ့ဆုံရန် သဘောထား ရှိပြီး ၎င်းအတိုင်းပင် ဆက်လက် ရပ်တည် သွားမည် ဖြစ်ကာ နိုင်ငံရေး
တွေ့ဆုံ ဆွေးနွေးပွဲကိုသာ UNFC ဖြင့်သာ ဆက်လက်ဆွေးနွေးသွားမည့် မူကိုကား လက်ခံကြောင်း ဗဒို ကွယ်ထူးဝင်းမှ ပြောသည်။

“UNFC နှစ်ပတ်လည် ညီလာခံက ထုတ်ပြန်တဲ့ အင်္ဂလိပ် ဘာသာမှာ အခု အချိန်က စပြီး လာမယ့် အစိုးရနဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေး ရေးနဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရေး ကိစ္စ UNFC တစ်ဖွဲ့ ထဲကနေ ဦးဆောင် သွားမယ် ဆိုတဲ့ အချက်က ကျွှန်တော်တို့ ပေါ်လစီ နဲ့ကိုက်ညီမှုမရှိဘူး” ဟု ကေအဲန်ယူ အထွေထွေ အတွင်း ရေးမှူး ဗဒို ကွယ်ထူးဝင်းမှ မဇ္စျိမအား ပြောသည်။

ကေအဲန်ယူ ခေါင်းဆောင် သစ်များ အနေနှင့် နဂို တပ်ပေါင်းစု ဝင်ရောက် ခဲ့သည့် မူအတိုင်းပင် UNFC နှင့် ဆက်လက် လက်တွဲ ဆောင်ရွက် သွားမည် ဖြစ်ကာ ဗဟို ကော်မီတီ အများစုမှာ သဘောထား ပြောင်းလဲမှု မရှိကြပဲ၊ အချို့မှာ မေးခွန်း ထုတ်စရာ၊ စီစစ် စရာများ ရှိသည်ဟု သဘောထားများ ကေအဲန်ယူ အတွင်း ရှိသည်ဟု ခွန်ဥက္ကာ
မှ ပြောသည်။

“UNFC နဲ့ ကင်းကွာ မှာက ကျွန်တော်တို့ဘက်က စိုးရိမ် တာပါ၊ ခေါင်းဆောင်သစ်တွေက တွေ့ထိ ဆက်ဆံံမှု အားနည်းရင် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ အစစ အရာရာ နေပြည် တော်နဲ့ အားလုံးကို ချိတ်ဆက် လုပ်ဆောင် သွားမယ် ဆိုရင် နိုင်ငံရေး ဆွေးနွေး ပွဲတွေ အထိကို ထိခိုက် လာနိုင်ဖွယ် ရှိပါတယ်၊ ကြိုတင် ပူပန်တဲ့ သဘောပါ၊ လက်တွေ့တော့ ဖြစ်လာတာ မရှိသေးဘူး” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ မဇ္စျိမအား ပြောသည်။

အပစ်ခတ် ရပ်စဲရေး အသေးစိတ် အချက် အလက်များ ဖြစ်သည့် Code of Conducts များစသည့် အချက်အလက် များကိုမူ တစ်ဖွဲ့ချင်း လက္ခဏာ ဖြင့်သာ လုပ်ဆောင် နိုင်ကြောင်းလည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ ပြောသည်။

UNFC မှ ကေအဲန်ယူ ထံသို့ ကိုယ်စားလှယ် အဖွဲ့ ဖွဲ့ကာ သွားရောက် တွေ့ဆုံ ရန်ကိုလည်း ပြီးခဲ့သည့် UNFC
နှစ်ပတ်လည် ညီလာခံ၌ ဆုံးဖြတ်ချက် တစ်ရပ် အနေဖြင့် ချမှတ် ခဲ့သည်ဟု ဆိုပါသည်။ UNFC ဥက္ကဋ္ဌ အင်ဘန်လ ကိုယ်တိုင် လာရောက် တွေ့ဆုံလိုသော်လည်း ကျန်းမာရေး အခြေ အနေကြောင့် သွားရောက် နိုင်ခဲ့ခြင်း မရှိကာ ဒုဥက္ကဋ္ဌ (၁) အေဘရယ်ဒွိစ်မှ ဦးဆောင်ကာ သွားရောက် တွေ့ဆုံ ခဲ့ခြင်း ဖြစ်သည်။

ယခု ခရီးစဉ်သည် (၁၅) ကြိမ်မြောက် ကွန်ဂရက် အပြီးတွင် သမ္မတ ဖိတ်ခေါ် ချက်အရ နေပြည်တော်သို့ ကေအဲန်
ယူမှ သွားရောက် တွေ့ဆုံခဲ့ရကာ ၎င်းမှ ရရှိလာသည့် ဆွေးနွေး ချက်များ၊ မူများနှင့် တပ်ပေါင်းစု မူများအကြား
ကေအဲန်ယူ ခေါင်းဆောင် သစ်များ အကြား သဘောထား ကွဲလွဲမှု မရှိစေရန် အတွက် သွားရောက် ဆွေးနွေးခြင်း
လည်းဖြစ်၊ ကေအဲန်ယူ ခေါင်းဆောင်သစ် များအား သွားရောက် ဂါရဝ ပြုခြင်းလည်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

ကေအဲန်ယူ ခေါင်းဆောင် သစ်များ အနေ ဖြင့်လည်း (၁၅) ကြိမ်မြောက် ကွန်ဂရက်အပြီး ပြီးခဲ့သည့် ဇန်နဝါရီလ (၂) ရက်နေ့၌ UNFC ဥက္ကဋ္ဌ အင်ဘန်လအား လာရောက် တွေ့ဆုံကာ ဂါဝရ ပြုခဲ့ ပါသည်။

http://www.mizzimaburmese.com/news/inside-burma/10841---unfc--knu--.html

အစိုးရတပ်က ပစ္စည်းလု၊ သတ်ဖြတ်မှုများရှိနေသည်ဟု ကျေးရွာသားများပြော

ချင်းမိုင်(မဇ္စျိမ)။     ။ မြန်မာအစိုးရ စစ်တပ်များက ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာရှိ ဒေသခံ
ကျေးရွာသားများ၏ နေအိမ်အား ဖျက်ဆီး၍ ရွှေ၊ ငွေများအား ယူကာ ဒေသခံတချို့ သတ်ဖြတ်ခံရမှုများ ရှိနေသည်
ဟု အဆိုပါ ဒေသခံ များက ပြောသည်။

ဇန်နဝါရီလ ၂၃ရက်နေ့  နံနက်ပိုင်းတွင် ဆန်ခါကျေးရွာတွင် ဗိုလ်မှူး စိုင်းခမ်းလိတ်ဝင်း ဦးစီးသော ခလရ ၄၃၇ တပ်ဖွဲ့ မှအင်အား ၄၀ ခန့်သည် အဆိုပါ ကျေးရွာရှိ ဒေသခံများကို စခန်းကုန်းသို့ ဖမ်းဆီးထားပြီး ကျေးရွာထဲရှိ သော့ခတ်
ထားသော “သော်ဇင်” ခွေ အငှား ဆိုင်ကို ဖွင့်၍ ၃၀၀ ကျပ်သား တန်ဖိုးရှိ ရွှေပစ္စည်းများနှင့် ငွေများ အပြင် အခြား
နေအိမ်များမှ ငွေများကိုလည်း လုယူခဲ့သည်ဟု ဆန်ခါကျေးရွာသား တဦးက ပြောသည်။

“သူခိုး  ဓါးမြလို လုပ်နေကြတယ်။ မနေ့ မနက်ပိုင်းက ရွာသားတွေ အားလုံးကို သူတို့ ဂိတ်မှာ ဖမ်းထားပြီးတော့ သူတို့က တအိမ်ပြီး တအိမ် သော့ခတ်ထားတဲ့ အိမ်တွေလည်း ဖျက်ပြီးဖွင့်ပြီး သူတို့လိုချင်တာတွေ ယူသွားတယ်။ အုပ်ချုပ်ရေးမှူး အိမ်တောင် မကျန်ဘူး၊ တခြားအိမ်မှာလည်း ကျောက်စိမ်း လက်ကောက်တွေ တခြားပစ္စည်းတွေ အများကြီး ယူသွားကြတယ်”ဟု ၎င်းရွာသားက မဇ္စျိမကို ပြောသည်။

ရွာသား ဦးအန်းနော်အောင် ဆိုသူ၏ နေအိမ်တွင် ခေါင်းအုံး အောက်၌ သိမ်းထားသည့် ကျပ်ငွေ ၈ သိန်းနှင့် နန်းအိ ဆိုသူထံမှ ဖုန်းကဒ်၊ ငွေနှင့် အခြားပစ္စည်းများ၊ကို လုယူသွားသည်ဟု ၎င်းက ဆက်ပြောသည်။ မနက်ပိုင်းက ဖမ်းဆီးထားသော ထိုရွာသားများကို ညနေ ၄ နာရီတွင် ပြန်လည် လွှတ်ပေးခဲ့သည်ဟု ထိုဒေသခံက ပြောသည်။

ယခုလ ၁၈ ရက်နေ့ကလည်း ၄င်းတပ်ဖွဲ့များက ခရီးသွားဒေသခံ အမျိုးသမီး တဦး အပါအဝင် လူခုနှစ်ဦးတို့ကို မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသည်ဟု မသိရသော်လည်း ယင်းတို့အား စခန်းကုန်းသို့ ခေါ်ဆောင်၍ ပစ်သတ်ခဲ့သည်ဟု ထိုဒေသခံများထံမှ သိရသည်။

“အဲဒီလူ ခုနှစ်ဦးကို လူသတ်သမားတွေလို အနီရောင်ပိတ်စနဲ့ မျက်စိပိတ်ပြီး ရွာလယ်ခေါင်ကနေ ခေါ်ပြီး စခန်းကုန်း
ပေါ်မှာ ဗုံးနဲ့ပစ် သတ်လိုက်တယ်။ ခုထိ သူတို့ စီးလာတဲ့ကားက ခုထိ ဘုန်းကြီးကျောင်းနားမှာ ရပ်ထားတယ်။ ရွာသား
တွေက တော်တော်ကြောက်နေကြတယ်။ မနေ့က ပစ္စည်းပြန်လာယူသွားတယ်”ဟု အခြားဆန်ခါ ဒေသခံ တဦးက
ပြောသည်။

အလားတူ ယခုလ ၁၇ ရက်နေ့တွင် ဒေသခံ အယောက် ၃၀ ကျော်ကို ဖမ်းဆီးထားရာမှ ကျေးရွာ ဥက္ကဌနှင့် ရွာလူကြီးများ အာမခံဖြင့် ပြန်လည် လွတ်ပေးခဲ့သော်လည်း ၎င်းခုနှစ်ဦးမှာ ယနေ့ထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိဘဲ သတ်ဖြတ်ခြင်း ခံလိုက်ရသည်ဟု ဒေသခံများက ပြောဆိုသည်။

ထိုဆန်ခါကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး အစိုးရနှင့် KIA အကြား တိုက်ပွဲကြောင့် လုံးခင်းကျေးရွာအုပ်စုရှိ ခရစ်ယန်ဘုရားကျောင်းများသို့ ထွက်ပြေး ခိုလှုံနေခဲ့ကြသည်မှာ ရက်သတ္တပတ်ကြာမြင့်လာပြီ ဖြစ်ကြောင်း ဒေသခံ များက ပြောသည်။

အစိုးရ သတင်းစာများတွင် ဖားကန့်မြို့နယ်အတွင်း KIA စစ်သားများ နေအိမ်များတွင် လုယက် မီးရှို့ဖျက်ဆီးနေမှုများ
ရှိသည်ဟု သတင်းထုတ်ပြန်နေခြင်းမှာ KIA စစ်သားများ မဟုတ်ဘဲ အစိုးရ စစ်တပ်ဘက်မှ လုပ်ဆောင်ခြင်းသာ
ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီမှ ဒေါ်ဘောက်ဂျာက ပြောသည်။

“ဖားကန့်မြို့မှာ KIA တွေက ရှောင်ပေးထားတယ်။ အစိုးရ စစ်တပ်တွေက နေရာယူထားတယ်။ သော့ခတ်ထားတဲ့ အိမ်တွေကို ဖောက်ပြီး ပစ္စည်းတွေ ယူတယ်။ ရွှေတွေ ယူတယ်။ ဖားကန့် တမြို့လုံး လိုလို လုပ်နေတယ်။ တချို့အိမ် ဆိုရင် မီးရှို့ခဲ့တယ်။ ကုမ္ပဏီ တချို့မှာဆိုရင်လည်း ကျောက်စိမ်းတွေ သူတို့ လိုချင်တာတွေ ယူပြီး မီးရှို့ထားတာတွေ ရှိတယ်။ အဲဒါက စစ်တပ်က လုပ်တာပါ။ အဲဒါက KIA က ရှို့ပါတယ်ဆိုပြီး သတင်းစာတွေမှာ ပါတာ တွေ့ရလို့” ဟု သူက မဇ္စျိမကို ပြောသည်။

၎င်းဆန်ခါကျေးရွာအတွင်း KIA ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ ၏ တပ်ခွဲ ၃ အခြေစိုက် လှုပ်ရှားခဲ့
သော်လည်း ယခု ဇန်နဝါရီလ ၁၇ ရက်နေ့က အစိုးရဘက်မှ အင်အား အလုံးအရင်းနှင့် ထိုးစစ်ဆင် တိုက်ခိုက်လာ
ခြင်းကြောင့် KIA တပ်ဖွဲ့များ ရှောင်တိမ်းလိုက်ရသည်ဟု တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဇော်ဒွဲက ပြောသည်။

ထို့ပြင် ယမန်နေ့က အစိုးရ စစ်ကြောင်း သုံးကြောင်းဖြင့် ဂွေခါကျေးရွာအနီး KIA တပ်ခွဲ ၉ အခြေစိုက်ရာ ကုန်းပေါ်
သို့ ထိုးစစ် ဆင်လာသဖြင့် နှစ်ဖက် ထိပ်တိုက် ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ပွားခဲ့ကာ ဒေသခံ လူ သုံးဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု KIA တပ်ရင်း ၆ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဇော်ဒွဲက ပြောသည်။

“မနေ့ကတော့ ဂွေခါဘက် ၆နာရီခွဲကနေ ည ၄ နာရီထိ ထိပ်တိုက် သူတို့က စစ်ကြောင်း ၃ ခုတက်လာတယ်။ ဆိုင်းတောင် ရွာဟောင်းလမ်း၊ ဂွေခါလမ်းဘက်ကနေ လာတယ်။ ဒီတခြားလမ်းကြောင်းတိုကနေ ကျနော်တို့ နေတဲ့ ကုန်းကို တက်လာလို့ တိုက်ပွဲ တော်တော်ပြင်းထန်တယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ယနေ့ ကြာသာပတေးနေ့ နံနက်ပိုင်းတွင် ဖားကန့်မြို့နယ်အတွင်း အစိုးရဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုသာရှိပြီး ထိပ်တိုက် တိုက်ပွဲ ဖြစ်ပွားမှုမရှိသေးကြောင်း သူက ဆက်ပြောသည်။ 

http://www.mizzimaburmese.com/news/inside-burma/10840-2013-01-24-12-58-48.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India